Saturday, 4 December 2010

အပြစ်ကင်းသည့် ချစ်ခြင်းကဗျာ


အချစ်နှင့်တွေ့လျှင် လူတိုင်းကဗျာ ဆရာဖြစ်သည်ဆိုသော စကားကို ကျွန်ုပ်တို့ ငယ်စဉ်ဘ၀၊ စာနှင့်ပေနှင့် ထိတွေ့စကပင် မှတ်ခဲ့ဖတ်ခဲ့ရဖူးပါသည်။ မှန်ပါသည်။ ကဗျာစာဆိုတွေ မဆိုးထားလင့်၊ သာမန်လူသားများပင် အချစ်ကို စတင်တွေ့ရှိသည်နှင့် အိပ်မက်လှလှလေးတွေ မက်တတ်ကြသည်။ စိတ်ကူးလှလှလေးတွေ ယဉ်တတ်ကြသည်။ စကားလုံ နုနုရွရွကလေးတွေ ရွေးချယ်၍ ပြောတတ်ဆိုတက် လာကြသည်။ အချစ်ကို တွေ့ရှိ၍ပဲ ကဗျာဆရာ ဖြစ်လာကြသည်လား၊ ကဗျာဆရာဖြစ်၍ပဲ အချစ်ကို ဖွဲ့ဆိုတတ်ကြလေသလား၊ ကျွန်ုပ်မခွဲခြားလိုတော့ပါ။ သို့သော် အချစ်နှင့် ပတ်သက်၍ ဖွဲ့ဆိုရေးသီအပ်သော အချစ်ကဗျာ လှလှလေးတွေကိုတော့ ကျွန်တော် စွဲငြိခဲ့ဖူးသည်မှာ အမှန်ပင်။

“တင့်လှပေန် ဖက်မရန်တည့်၊ ခြောက်တန်နတ်ရွာ၊ ဘုံကျလှာသို့၊ ပြာပြာ လတ်လတ်၊ မွတ်မွတ်ရေးချေ။ ထုံးနေမကြော၊ ပတ်လျောဆံကြာ၊ ရူတိုင်းသာလျှင်” ဆိုသည့် ရတုမှအစ “၀ဏ္ဏပဘာ၊ ကလျာဖူးသစ်၊ ပျိုမျစ်မျစ်လျှင်။ ကျစ်လစ်တင့်စမ္ပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြမြိတ်စို့” အလယ် “ကောင်းခြောက်ဆယ်လေးရပ်နှင့်၊ သွေးထပ်ထပ်ရုပ်ညီ၊ ရှေးနိပါတ်ထုပ်မမီသည်။ ဖုဿတီထွတ်ထား၊ မူယာမြတ်ကိန္နရီလို၊ ရွှေပန်းချီယိုးတော့ မမှား” တေးထပ်အဆုံး အကြိမ်ကြိမ်ဖတ်၍မ၀ အထပ်ထပ်ရွတ်၍ မရိုးနိုင်ဖြစ်ခဲ့သည်။

နောက် ရူမ၀မဂ္ဂဇင်းကဗျာတွေထဲမှာ ဆရာကြီးဂုဏ်ဝင်း၏ “ငယ်လည်းငယ်ရွယ်။ သွယ်လည်းသွယ်နွဲ့။ လဲ့လည်းလဲ့ညို၊ စိုလည်းစိုရွှန်း၊ တုဖက်ကျွမ်းအောင်၊ လှလွန်းသူလားရှင်တို့မယ်” ကဗျာ၏ မန်ကျည်းရွက်ထပ် နဘေး၏ ကာရန်လိုင်းခတ်သံ၊ စန္ဒယားခလုတ်ကို တို့ထိသံလို လူပ်လူပ်ရှားရှား ကာရန်လေးများကိုလည်း အားကျခဲ့မိသည်။

သည်တွင် အချစ်ကဗျာ အရေးကောင်းလှသော ဆရာမောင်မင်းယာ၏ “အချစ်မီးလျှံ” ကဗျာလေးကိုလည်း စွဲငြိခဲ့ရသည်။

“အချစ်မီးလျှံ
လောင်မြိုက်လျှင်
ဘ၀င်အေးမယ်ထင့်
မောင်မွှေးလို့ဖန်း
မီးတို့ထုံးစံ၊
လောင်ပြန်တော့ ညီးညီး။
လောင်ပစေ ခင်ငြှိမ့်မှ
ဇာတ်သိမ်းမယ့်မီး”


ပေါရာဏမပါ၊ ပါဠှိမပါ၊ ပါဠှိသက်ဝေါဟာရမပါ၊ ခက်ဆစ်အဓိပ္ပာယ်ထပ်ဆင့် ရှင်းလင်းရန်မလို။ အဘိဓာန်စာအုပ် လုပ်ရန်မလိုသော အထက်ပါကဗျာလေးက ကျွန်ုပ် ရွတ်ပြလွန်းသဖြင့် ကျောင်းသားအရွယ်က သူငယ်ချင်းတွေက အချင်းချင့်တစ်ဆင့် ကူးယူခဲ့ကြသည်။
တစ်ချို့က သူတို့ချစ်သူများထံရေးသည့် စာ၊ ပေးသည့်စာများတွင် ထည့်သွင်းအသုံးပြုကြသည်။ သည်လိုဖြင့် ချစ်သူဘ၀ ရောက်သွားခဲ့ကြသော စုံတွဲတွေလည်း မနည်းပါပေ။ သည်ကဗျာလေးက မောင်မင်းယာ၏ “လ၀န်းနီနီ” ကဗျာအုပ်ထဲမှာ ပါသည်။ သည်စာအုပ်ဟာ အတွင်းကဗျာတွေသာမဟုတ်။ ဆရာကြီး နေဖြူကျော်ထွန်း၏ အမှာစာကလည်း ထိထိမိမိရှိလှသည်။ တစ်ကနေ နှစ်ကိုပို့၊ နှစ်ကနေ သုံးကိုပို့၊ သုံးကနေ တစ်ပြန်ပို့ဖြင့် ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ကိုယ့်လူ အချင်းချင်း ကုလားဖန်ထိုးမြှောက်ပင့် နေကြသော လက်ရှိစာပေလောကကို မီးမောင်းထိုးပြနိုင်ခဲ့သည်။


နောက်တစ်ပုဒ်။ ။ မှတ်မှတ်ရရ ကျွန်ုပ်ရင်ထဲ ငြိတွယ်ခဲ့ရသည့် ကဗျာလးတစ်ပုဒ်က ငွေတာရီမဂ္ဂဇင်းထဲမှ “လျှောက်လဲချက်” အမည်ရ အဖွင့်ကဗျာလေးပါ။ ကဗျာလေးက အလွန်လှပါသည်။ အဓိပ္ပာယ် ဖော်ပြရန်ပင် မလိုတော့လောက်အောင် ရှင်းရှင်းလင်းလင်းဖြင့် ရိုးရှင်းလှပနေပါသည်။ အဓိပ္ပာယ်ပြန်လိုက်လျှင် ပျက်စီးသွားပါလိမ့်မည်။ မြည်းကြည့်စမ်းပါဦး။

“အလွမ်းဖြေမူ၊ လတစ်ခုတွက်
လှ၍မရ၊ ဝေမရသော
ငါ့ဥစ္စာသာဖြစ်လို၏။
အလွမ်းဖြေရာ၊ တစ်ကမ္ဘာတွက်
လွှာ၍မရ။ ၀ိုင်းမရသော
ငါ့ဥစ္စာသာဖြစ်လို၏။
ငါ၏ဆန္ဒ၊ ဤသည်မျှဖြင့်
လောဘကြီးသည် ဆိုမည်လော။
ပြန်၍တွေးကြည့် မင်းအသိပင်
ယခင်တစ်ည၊ ချိန်းတွေ့ကြတော့
မျှ၍ဝေခွဲ၊ တစ်အုံးတည်းမှာ
ယှဉ်နွှဲအတူ စက်ဖူးသည်”
ဆွတ်ပျံ့ကြည်နူးဖွယ်၊ တိမ်းညွတ်သာယာဖွယ်ကောင်းလှပါဘိ။


ဆရာကြီး ဒေါင်းနွယ်ဆွေ၏ ကဗျာတွေကို ထုတ်နုတ်ပြရမည်ဆိုလျှင်တော့ ကုန်နိုင်ဖွယ်ရာမရှိပါ။ ဆရာဒေါင်း၏ “ချစ်သူ့မျက်နှာ ကဗျာစက်ဝိုင်း” ကဗျာစာအုပ်မှာ ကျွန်ုပ်ကဗျာရေးခါစက အချစ်ကဗျာတွေ များပြားလှပါသည်။ အဓိပ္ပာယ်သိုဝှက်မူတွေ၊ လျှို့ဝှက်မူတွေဖြင့် ဖွဲ့စည်းသည်။ ဥပမာ - “ပင့်ကူအိမ်တွင်၊ ကြောင်လိမ်လှေကား၊ တပ်ဆင်ထားသည်။ ခြေဖျားထောက်၍ တက်ပါလော့” ဆိုတာမျိုး ပြီးတော့ အချစ်ကဗျာ စစ်စစ်ဆိုခြင်းထက် ဒဿနတွေ၊ အတွေးအခေါ်တွေ၊ ဝေဖန်စောကြောမူတွေ တစ်ထွေးကြီးပါနေတတ်သည်။ အောက်ပါ ကဗျာကိုပဲ ကြည့်ပါ။

“ဆူးပေါ်ဖက်ကျ၊
ဖက်ပေါက်ရလည်း
ဖက်ကမပေါက်
ဆူးသာကောက်သည်
အံ့လောက်ဖွယ်ရာပါတကား”


ဆရာဒေါင်းနွယ်ဆွေသည် သူ့ခေတ် သူ့အခါက ကဗျာအရေးနိုင်ဆုံး၊ ရေးအားအကောင်းဆုံးနှင့် အအောင်မြင်ဆုံး ကဗျာဆရာဟူ၍လည်း ပြော၍ရပါသည်။ “ကလျာမိမိမုန်း” လို “အညတြကန်စွန်းနွယ်” လို၊ “လောကမျက်ကန်း” လို ဏရာမကဗျာရှည်ကြီးတွေလို လုံးချင်းဝတ္ထုတွေရေးသလို ရေးထုတ်နိုင်ခဲ့သည်။ မောင်မင်းယာ၏ အချစ်ကဗျာများပင်လျှင် ဆရာဒေါင်းနွယ်ဆွေ၏ သြဇာမကင်း “လ၀န်းနီနီ” ကဗျာစာအုပ်တွင် ဆရာဒေါင်းနွယ်ဆွေဟန်များ လွှမ်းမိုးနေသော ကဗျာရှည်တစ်ပုဒ်ဖော်ပြ ပါရှိသည်ကို မှတ်မိနေသည်။

ဆရာမောင်ပန်းမွှေး၏ အချစ်ကဗျာတွေကလည်း ကျွန်ုပ်ရင်ကို ထိမှန်စွဲငြိစေခဲ့ပပြန်ပါသည်။ မောင်ပန်းမွှေး၏ “တစ်ခုသောပန်းဥယျာဉ်” ကဗျာစာအုပ် လှလှကလေးကိုလည်း တခုတ်တရ သိမ်းဆည်းခဲ့ဖူးသည်။ သည်ထဲက “နေလိုလလို” ကဗျာေးလကတော့ ကျွန်ုပ်ရင်ကို အစွဲငြိစေဆုံးဖြစ်သည်။

“နေဆိုရင်လည်း
ရဲရဲပူလိုက်။ မင်းစိတ်ကြိုက်ပေါ့
လဆိုရင်လည်း
ရဲရဲသာလိုက်။ မင်းစိတ်ကြိုက်ပေါ့
ကိုယ့်ထိုက်ကိုယ့်ကံ ရှိပါစေ။
မပူသလို၊ ပူသလိုနှင့် မသာသလို၊ သာမလိုနှင့်
နေလိုလလို ကျင့်နဲ့ကွယ်”


ကဗျာတိုင်းတွင် သူ့အလှနဲ့သူရှိနေကြသည်။ အချစ်ဆိုသောအရာက စာလုံးကလေး နှစ်လုံး၊ စကားလုံးကလေး နှစ်လုံးပင် ရှိလင့်ကစား သူ့ကို ကုန်စင်အောင် အဓိပ္ပာယ်ပေါ်လွင်အောင် ဖွင့်ဆိုဖို့က မလွယ်။ တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မည်သူမျှ မတတ်နိုင်ရာ။ သမုဒ္ဒရာကို မင်ရည်ပြု၊ မြင်းမိုရ်တောင်ကို ကလောင်တံသဖွယ်ထားကာ ကောင်းကင်ဆုံးအောင် ရေးဖွဲ့သော်ငြား ကုန်နိုင်ဖွယ်မမြင်ဟု တေးရေးစာဆိုတို့ကလည်း ဖွဲ့ဆိုသီကျူးခဲ့ကြသည်။

ယခု ကျွန်ုပ်တင်ပြဦးမည့် ကဗျာလေးကတော့ ရှားရှားပါးပါးဟု ဆိုရမည်။ လူငယ်လူရွယ်တို့၏ အချစ်၊ ဆယ်ကျော်သက်တို့၏အချစ်၊ နူတ်ခမ်းနီ ပါးနီတို့၏ အချစ်လည်းမဟုတ်၊ လေးဆယ်ကျော်တို့၏ အချစ်လည်းမဟုတ်ဘဲ အရွယ်လွန်ချစ်ကို ဖွဲ့ဆိုထားသည်။ အချစ်ကဗျာဟု ဆိုရမည်ထက် နယ်လွန်မေတ္တာကို ဖွဲ့ဆိုထားသော မေတ္တာဘွဲ့ကဗျာဟုဆိုလျှင် ပို၍ သင့်လျော်မည်။ သူ့အချစ်က တဏှာပေမမပါ။ တပ်မက်မူ ပိုင်ဆိုင်လိုမူမပါ။ အလှဘွဲ့မပါ။ ကဗျာခေါင်းစဉ်က “အချစ်” ဖြစ်မည်ထင်သည်။ အမှတ်မှားလျှင် ခွင့်လွှတ်ပါ။ ပြင်ပါ။ ကဗျာစာအုပ်ကလည်း “လမင်းတစ်ရာ”လား “ဏရာဝတိမှ ဒုဋ္ဌ၀တီသို့” ကဗျာစာအုပ်ထဲကလား မမှတ်မိပါ။ “လမင်းတစ်ရာ” ဖြစ်ဖို့က ပိုများပါသည်။ ရေးဖွဲ့သူကတော့ ကဗျာဆရာကြီး “ကြည်အောင်” ပါ။

“အဘိုးအိုက
ဓားကိုကိုင်မြောက်
ထင်းပေါက်ခွဲပြီး ချွေဖြာစီး၏။
အမယ်အိုက
ရေချိုတစ်ခွက် သူကမ်းဆက်၏။
အော်… သက်ရွယ်ခါးကုန်း
သွားကြွေပြန်လည်း
ချစ်တုန်းခင်တုန်းပါတကား”


မှန်ပါသည်။ ငယ်ရွယ်ပျိုမျစ်သူ ဆယ်ကျော်သက်တို့၏ အချစ်ကို ကျွန်ုပ်တို့ တန်ဖိုးထား အသိအမှတ် ပြုကြပါမည်။ သို့သော် တွေ့နိုင်ခဲလှသော ရယူပိုင်ဆိုင်လိုမူနှင့် တဏှာပေမရှေ့ဆောင်မူမရှိသည့် ချစ်ခြင်းမေတ္တာမျိုး (Platonic Love) ကို ပို၍ တန်ဖိုးထားလေးစားကြပါမည်။

မည်သို့ပင်ဆိုစေ စစ်မှန်သော ချစ်ခြင်းမေတ္တာမှန်သမျှ ဖွံ့ဖြိုါ်စေချင်ပါသည်။ ချစ်ခြင်းရနံ့များ ထုံလွှမ်း၍ အမှန်တရားများ ကင်းစင်စေချင်ပါသည်။ ချစ်သူတိုင်းပျော်ရွှင်ငြိမ်းချမ်းကြစေလိုသည်။ ပြီးတော့ မောင်ရန်ပိုင်၏ စကားလေးတစ်ခွန်းကို ငှားပြီး ပြောလိုက်ချင်ပါသည်။
“ချစ်သူတွေ ရန်မဖြစ်ကြနဲ့” ဟူ၍။

မောင်သင်းဝေ

3 comments:

  1. အချစ်တွေတော့ သိပ်စိတ်မ၀င်စားဘူး... ဒါပေမယ့် ကဗျာတွေကတော့ မိုက်တာ အမှန်ပဲ... ကြိုက်တယ်...

    ReplyDelete
  2. လာအားပေးသွားပါတယ်။ ဘလော့ကလန်းတယ်ဗျာ။ ဘုံပျောက်မှာစိုးကြောက်မိရှာ အပိုင်း ၁-၃ ကို လာဖတ်ပါဦးလို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ရွှင်လန်းပါစေ။
    http://forshwemyanmar.co.cc

    ReplyDelete
  3. လာဖတ်ပါတယ်

    ReplyDelete