အနက်
သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ = ဣမိနာ စ ကာရဏေန - လောဘ ဒေါသ စသည်အပြား အကုသိုလ်တရားများနှင့် ငါးပါးမာန်ဆိုး ရိုက်ချိုးအောင်မြင် ဘုန်းသမ္ဘာရှင် ဖြစ်တော်မူပြီး ဣဿရိယ ဓမ္မ၊ ယသ သိရီ၊ ကာမ ပယတ္တဂုဏ် ဘုန်းခြောက်စုံပြင် ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း။ ဘဂ၀ါ - ဘဂ၀ါဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်လိုင်ကျော်ကြား ထင်ရှားတော်မူပါပေ၏။
ဘဂ၀ါ = ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
အဓိပ္ပာယ်
မြတ်စွာဘုရားသည် ဘ၀များစွာ သံသရာအဆက်ဆက် အနစ်နာခံ စွန့်လွှတ်၍ ဖြည့်ကျင့်ခဲ့သော ပါရမီတို့ကြောင့် နောက်ဆုံးဘ၀၀ယ် အနန္တဘုန်းတော် ဂုဏ်တို့နှင့် ပြည်စုံတော်မူရသည်။ ကိလေသမာရ် ခန္ဓမာရ် အဘိသင်္ခါရမာရ် ဒေ၀ပုတ္တမာရ် မစ္စုမာရ်ဟူသော မာရ်ငါးပါးနှင့် အကုသိုလ် တရားဆိုး မှန်သမျှတို့ကို ချိုးနှိမ် အောင်မြင်တော်မူခြင်း၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတရားများကို ခွဲခြမ်းစိတ်ဖြာ၍ ကိုယ်တိုင်သိခြင်း၊ သူတပါးတို့အား ခွဲခြမ်းစိတ်ဖြာ၍ ဟောတော်မူတတ်ခြင်း၊ လောကုတ္တရာ တရားများကို ကြိမ်ဖန်များစွာ မှီဝဲဆည်းကပ် သုံးသပ်ဆင်ခြင် ၀င်စားတော်မူခြင်း စသော ဂုဏ်တော်တို့နှင် ပြည့်စုံတော်မူသောကြောင့်လည်း ဘဂ၀ါမည်တော်မူသည်။
သို့ရာတွင် ဘဂ၀ါဂုဏ်တော်ကြီးကို ဖွင့်ဆိုကြရာ၌ လူသာမန်တို့ ကြည်ညိုနိုင်ကြစေရန် ဘုန်းတော်ခြောက်ပါးကို အများအားဖြင့် ပြဆိုကြ၏ မကောင်းမူမှန်သမျှ အကြွင်းမဲ့ ရှောင်နိုင်၊ အောင်နိုင်၍ ကောင်းမူမှန်သမျှ အထွတ်အထိပ် ဆောင်နိုင်၊ သတ္တ၀ါတို့ကိုလည်း ရှောင်စေ၊ ဆောင်စေ နိုင်ခြင်းသည် လိုရင်းပဓာန ဖြစ်၏။
မြတ်စွာဘုရား၏ ဘုန်းတော်ခြောက်ပါးတို့ကား ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ တို့ဖြစ်သည်။ အဓိပ္ပာယ်ကား အောက်ပါအတိုင်းဖြစ်သည် -
ဣဿရိယဘုန်းတော်
အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် သေးငယ်သော ရုပ်ကို ဖန်ဆင်းနိုင်သော “အဏိမာ” ဘုန်းတော်၊
စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် ဈာန်ပျံကြွသွားနိုင်သော “အဃိမာ” ဘုန်းတော်၊
ကိုယ်တော်သဏ္ဌာန် ပုံဟန်တိုင်းငြား မနိုင်းအားသို့ ကြီးမားလေအောင် ရုပ်ဆောင်ဖန်ဆင်းနိုင်သော “မဟိမာ” ဘုန်းတော်၊
ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်ပေါက် တခဏလောက်ဖြင့် ကြွရောက်နိုင်သော “ပတ္တိ” ဘုန်းတော်၊
အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တခဏတည်းဖြင့် ပြီးစီးနိုင်သော “ပါကမ္မ” ဘုန်းတော်၊
ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း လူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော “ဤသိတာ” ဘုန်းတော်၊
သမာပတ်ဈာန် အဘိဉာဏ်ကို ၀င်စံလိုက တခဏချင်းပိုင် ၀င်စားနိုင်သော “၀သိတာ” ဘုန်းတော်၊
ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် ဆောလျင်မသွေ ပြီးဆုံးစေနိုင်သော “ယတ္ထကာမာ ၀သာယိတာ” ဘုန်းတော်၊
ရှစ်ဘော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ “ဣဿရိယ” ဘုန်းတော်
ဓမ္မဘုန်းတော်
ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန် ဖိုလ် မဂ် ကိုးချက်အပြား လောကုတ္တရာတရားဟူသော “ဓမ္မ” ဘုန်းတော်၊
ယသဘုန်းတော်
ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော “ယသ” ဘုန်းတော်၊
သိရီဘုန်းတော်
ရွှေမျက်နှာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်းသည့် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပါယ်တော်မူသော “သိရီ” ဘုန်းတော်၊
ကာမဘုန်းတော်
အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် “ကာမ” ဘုန်းတော်၊
ပယတ္တဘုန်းတော်
တလောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော “ပယတ္တ” ဘုန်းတော်။
ဤသို့အားဖြင့် ဘုန်းတော်ခြောက်ပါးရှိသည်။ မြတ်စွာဘုရားသည် ပါရမီကုသိုလ် ကံတော်အနန္တကို ဖြည့်ကျင့်ခဲ့သဖြင့် ဘုန်းကျက်သရေ အနန္တပိုင်ရှင် ဖြစ်ခဲ့ရသည်။ သဗ္ဗညုတဉာဏ်တော် အပါအ၀င် အသိဉာဏ် အနန္တကို ရတော်မူခဲ့သည်။ သတ္တ၀ါအားလုံးကို ကယ်မရန်အတွက် လိုအပ်ပါက တန်ခိုးတော်အနန္တကို အသုံးပြုတော်မူသည်။
အချုပ်အားဖြင့် မြတ်စွာဘုရားရှင်သည် ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသောကြောင့် လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးက မြတ်စာဘုရား ကို “ဘဂ၀ါ = ဘုန်းတော် ကံထူး ရှိတော်မူပါပေ၏” ဟု ချီးကျူးဂုဏ်ပြု ပူဇော်ရလေသည်။
No comments:
Post a Comment