အနက်
သော ဘဂ၀ါ - ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်။ ဣတိပိ = ဣမိနာ စ ကာရဏေန - ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂမည်သာလေးသစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်၍ သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မသွေအတူ သိစေတော်မူတတ်သော ဤအကြောင်းကြောင့်လည်း။ ဗုဒ္ဓေါ - ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးဖြင့် အံ့ချီ၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပြန့်လိုင်ကျော်ကြား ထင်ရှားတော်မူပါပေ၏။
ဗုဒ္ဓေါ = သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူ၍ သတ္တ၀ါတို့ကိုလည်း သိမြင်အောင် ဟောပြတော်မူနိုင်သော မြတ်စွာဘုရား။
အဓိပ္ပာယ်
ဗုဒ္ဓဟူသည် သိသင့်သိထိုက်သော သစ္စာလေးပါး မြတ်တရားတို့ကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိသူ၊ အခြားသူများကိုလည်း သိအောင် ဟောပြောပြသတော်မူနိုင်သူ ဖြစ်သည်။
သစ္စာလေးပါး ဟူသည်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတို့ ဖြစ်ကြသည်။ မြတ်စွာဘုရားသည် ထိုသစ္စာလေးပါး အမှန်တရားတို့ကို ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူခဲ့သည်။
ဒုက္ခသစ္စာ (ဆင်းရဲခြင်း အမှန်တရား)
ရုပ်ခန္ဓာနှင့် စိတ်စေတသိက်ဟူသော နာမ်တရားများ ပေါင်းစပ်နေသည်ကို ခန္ဓာကိုယ်ဟု ခေါ်သည်။ ဤခန္ဓာကိုယ်ရှိနေ၍သာ စားဝတ်နေမူအတွက် ရုန်းကန်နေကြရသည်။ မြတ်စွာဘုရားရှင်က လောကကြီးတစ်ခုလုံးကို ဒုက္ခတုံးကြီုး ရူမြင်တော်မူသည်။ လူ နတ် ဗြဟ္မာ သတ္တ၀ါအားလုံးတို့သည် ဘ၀သစ်တစ်ခုကိုရလျှင် အမြဲတမ်း မလွဲမသွေ ရင်ဆိုင်ရမည့်ဆင်းရဲတို့မှာ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ မွေးဖွား အို နာ သေဆုံးရခြင်းဒုက္ခ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ ပူဆွေးငိုကြွေး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ နှလုံးကွဲမျှ ဆင်းရဲပူပန်ခြင်းဒုက္ခ၊ “ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော” ချစ်သူနှင့်ကွဲ၍ ဆင်းရဲခြင်း၊ “အပ္ပိယေဟိ သမ္မယောဂေါ ဒုက္ခော” မနှစ်သက်သူ ရန်သူတို့နှင့် အတူတကွ နေထိုင်လုပ်ကိုင်ရသဖြင့် ဆင်းရဲရခြင်း၊ လိုတာမရ ရတာမလိုခြင်းဒုက္ခတို့ ဖြစ်ကြ၏။ ထိုဒုက္ခအားလုံး ဖြစ်ပေါ်နေရသည်မှာ ဤခန္ဓာကြောင့်ဖြစ်သည်။ ထို့ကြောင့် ခန္ဓာငါးပါးသည် ဒုက္ခသစ္စာဖြစ်၏။ ဤခန္ဓာရှိနေသမျှ လူဖြစ်လည်း လူဒုက္ခ၊ နတ်ဖြစ်လည်း နတ်ဒုက္ခ၊ ဗြဟ္မာဖြစ်လည်း ဗြဟ္မာဒုက္ခ ခံနေကြရမည်သာ ဖြစ်သည်။ မြတ်စွာဘုရားသည် ထိုဒုက္ခသစ္စာကို သေချာစွာ ပိုင်းခြားသိတော်မူ၍ သတ္တ၀ါတို့ကိုလည်း သိမြင်အောင် ဟောပြတော်မူ၏။
သမုဒယသစ္စာ (ဒုက္ခဖြစ်ကြောင်း အမှန်တရား)
ဒုက္ခဖြစ်ကြောင်းကိုရှာလျှင် တဏှာလောဘခေါ် သမုဒယကို တွေ့ရသည်။ အရာရာကို နှစ်သက်ခင်မင် လိုချင်တော့တမူမှန်သမျှသည် ဒုက္ခ၏ အကြောင်းရင်းဖြစ်သည်။ လူဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင် ကြသဖြင့် ဖြစ်အောင် ကြိုးစားကြရသည်။ ဘ၀သစ် ခန္ဓာသစ် ဇာတိသစ် နေရာသစ်တို့ကို ရရှိကြသည်။ လိုချင်တော့တမူကား ပြည့်ဝပြီ အားရပြီိဟူ၍မရှိ၊ အမြဲလို၍သာနေ၏။ ဆားငံရေနောက် ငတ်တိုင်းသောက်က သောက်လေ ငတ်မပြေသကဲ့သို့ ရလေလိုလေ ဖြစ်လာ၏၊ ရလျှင်လည်း ဒုက္ခ၊ မရလျှင်လည်း ဒုက္ခ၊ တဏှာသမုဒယ မချုပ်ငြိမ်းသမျှ ဆိုခဲ့ပြီးသော ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်နိုင်ကြမည်မုတ်။ ထို့ကြောင့် လိုချင်တောင့်တမူ တဏှာ သမုဒယသည် အားလုံးသော ဒုက္ခအပေါင်း၏ အကြောင်းရင်းခံ စင်စစ်မှန်၍ သမုဒယသစ္စာဟု ခေါ်ရ၏။ ထိုသမုဒယသစ္စာကို ပယ်သတ်ရန်လည်း သိမြင်ကာ ဟောပြတော်မူသည်။
နိရောဓသစ္စာ (တဏှာနှင့်ဒုက္ခတို့၏ ချုပ်ဆုံးရာ အမှန်တရား)
ဒုက္ခအားလုံး၏ ချုပ်ဆုံးရာကား နိဗ္ဗာန်ဖြစ်ကြောင်း ဘုရားရှင် သိမြင်တော်မူသည်။ နိဗာန်ဟူသည် အရိယာပုဂ္ဂိုလ်တို့သာ တကယ်ဒိဋ္ဌသိသော တရားသဘောဖြစ်၍ လေးနက်လျသည်။ ၃၁-ဘုံရှိ မည်သည့်ဘ၀ မည်သည့်ခန္ဓာမျိုးမှ အို နာ သေမူတို့မှ မလွတ်နိုင်၊ အမြဲတည်တံ့မူ၊ ချမ်းသာမူ၊ ကိုယ်စိုးကိုယ်ပိုင် ကိုယ်သဘောကျ ဖြစ်ရမူလည်းမရှိ၊ ဆင်းရဲအတိသာဖြစ်သည်။ ထိုဘ၀ခန္ဓာ ဒုက္ခအပေါင်းတို့၏ ချုပ်ငြိမ်းရာအမှန်သည် နိဗ္ဗာန်သာလျှင်ဖြစ်၍ နိရောဓသစ္စာမည်၏။ နိရောဓသစ္စာမည်သော နိဗ္ဗာန်သည်သာ သန္တိသုခ တကယ်ချမ်းသာအစစ်ဖြစ်၍ ထိုနိရောဓသစ္စာသို့ ဆိုက်ရောက် မျက်မှောက်ပြုနိုင်ရန်လည်း ဟောပြတော်မူသည်။
မဂ္ဂသစ္စာ (နိဗာန်ရောက်ကြောင်း လမ်းကောင်းအမှန်)
နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန်ကား မဂ္ဂင်မြတ်ရှစ်ပါးသားလျှင်ဖြစ်၏။ ထိုမဂ္ဂင်မြတ်ရှစ်ပါးမှာ -
(၁) သမ္မာဒိဋ္ဌိ = (အစွန်းနှစ်ပါးမှ လွတ်သော) အသိဉာဏ်ပညာ အမြင်မှန်၊
(၂) သမ္မာသင်္ကပ္ပ = ကောင်သော အကြံအစည်၊
(၃) သမ္မာဝါစာ = ကောင်းသော အပြော (၀စီဒုစရိုက်လေးပါးမှ ရှောင်ကြဉ်ခြင်း)၊
(၄) သမ္မာကမ္မန္တ = ကောင်းသောအမူ (ကာယဒုစရိုက် သုံးပါးမှ ရှောင်ကြဉ်ခြင်း)၊
(၅) သမ္မာအာဇီဝ = ကောင်းသော အသက်မွေးမူ (အသက်မွေးမူနှင့် ဆိုင်သည့် ကာယ - ၀စီ ဒုစရိုက်တို့မှ ရှောင်ကြဉ်ခြင်း)၊
(၆) သမ္မာဝါယာမ = ကောင်းသော အားထုတ်မူ (သမ္မပ္ပဓာန် လေးပါး)၊
(၇) သမ္မာသတိ = ကောင်သော အမှတ်သတိ (သတိပဋ္ဌာန် လေးပါး)၊
(၈) သမ္မာသမာဓိ = ကောင်းသော တည်ကြည်မူ -
တို့ဖြစ်ကြသည်။ ထိုမဂ္ဂင်ရှစ်ပါး မဂ္ဂသစ္စာတရားကို ပွားများအောင် အားထုတ်ရန်လည်း ဟောပြတော်မူ၏။
ဒုက္ခများစွာ သံသရာမှ လွတ်မြောက်၍ နိဗ္ဗာန်သို့ ရောက်ရန်အတွက် ဤမဂ္ဂင်မြတ်ရှစ်ပါးတည်းဟူသော လမ်းကောင်းလမ်းမှန်သည် နိဗ္ဗာန်ရောက်ကြောင်း တစ်ခုတည်းသော လမ်းမတော်ကြီးဖြစ်၏၊ လမ်းခွဲမရှိ၊ ဤအချက်ကပင် တန်ခိုးရှင် တစ်ဦးဦးထံ ဆုတောင်းခြင်း၊ ၀တ်ပြုခြင်း စသည်ဖြင့် ရနိုင်ရောက်နိုင်သည် မဟုတ်၊ လမ်းညွှန်ချက်အရ ကိုယ်တိုင် လုပ်ယူရသည့် သဘောသည် ထင်ရှား၏။ ၀ဲယာစွန်းနှစ်ဘက်မှ လွတ်သော လမ်းစဉ်ဖြစ်၍ မဇ္ဈိမပဋိပဒါဟု ခေါ်သည်။
ထိုမဂ္ဂင်ရှစ်ပါးကို သီလ၊ သမာဓိ၊ ပညာ သုံးမျိုးနှင့် ခွဲဝေလျှင် (၃၊ ၄၊ ၅) သည် သီလမဂ္ဂင် သီလအုပ်စု။ (၆၊ ၇၊ ၈)သည် သမာဓိမဂ္ဂင် သမာဓိအုပ်စု။ (၁၊ ၂) သည် ပညာမဂ္ဂင် ပညာအုပ်စုဖြစ်၏။ ထိုမဂ္ဂင်ရှစ်ပါးကို ဖြစ်ပွားအောင် လုပ်ရာ၌ တစ်ခုစီ ပြုလုပ်နေရသည် မဟုတ်၊ ရုပ်နာမ်ကို ရူသိနေသော ပုဂ္ဂိုလ်အတွက် ရူသိမူတိုင်းတွင် ရှစ်ပါးစလုံး တပြိုင်နက် ပါဝင်သွားသည်။ သီလ သမာဓိ ပညာ သိက္ခာသုံးပါး တပါးတည်း ဖြစ်ပွားလေတော့သည်။
မြတ်စွာဘုရားသည် ကိုယ်တော်တိုင် (သိ၊ ပယ်၊ ဆိုက်၊ ပွား) သစ္စာလေးပါးကို ပိုင်းခြားသိမြင်တော်မူ၍ သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်တော်မူခဲ့သည်။ကျွတ်ထိုက်သော ဝေနေယျတို့အားလည်း ဤသစ္စာလေးပါးတရားကို သိစေတော်မူသည်။ သစ္စာလေးပါးကို သိရာ၌ အချို့ရဟန္တာပုဂ္ဂိုလ်များမှာ သစ္စာကို သိရုံမျှရှိသည်။ အချို့မှာ ပဋိသမ္ဘိဒါ အဘိညာဉ်သမာပတ်စသော ဂုဏ်ထူးများနှင့်တကွ သိမြင်တော်မူကြ၏။ မြတ်စွာဘုရားရှင်သည်ကား အရဟတ္တမဂ်ဉာဏ်ဖြင့် သစ္စာလေးပါးကို သိတော်မူသည်၏ အခြားမဲ့၌ပင် သဗ္ဗညုတဉာဏ်၊ ဒသဗလဉာဏ်၊ အသာဓာရဏဉာဏ်တော်၊ ဝေသာရဇ္ဇဉာဏ်တော်စသော ဘုရားရှင်တို့သာ ရနိုင်သည့် ဗုဒ္ဓဂုဏ်တော် အားလုံးကိုလည်း ရတော်မူ၏။ ထိုသို့ သစ္စာသိကြသော်လည်း သစ္စာသိခြင်းကြောင့် ရအပ်သော ဂုဏ်ချင်းလည်း အလွန်ကွာခြားလှ၏။ ပစ္စေကဗုဒ္ဓခေါ် သီးခြားပွင့်ပေါ်တော်မူသော ဘုရားရှင်တို့လည်း သစ္စာလေးပါးကို သိ၍ ဘုရားအဖြစ်သို့ ရောက်တော်မူကြသည်။ သို့သော် သတ္တ၀ါတို့သိအောင်ကား ဟောပြတော်မမူနိုင်ကြ။ ဤသမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့သည်သာလျှင် ဤသို့ သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်လည်းသိ သူတပါးတို့ကိုလည်း သိအောင် ဟောပြတော်မူတတ်သောကြောင့် ဗုဒ္ဓဟူသော ဂုဏ်ဖြင့်လည်း ချီးကျူးပူဇော်ကြရသည်။
No comments:
Post a Comment