(၁) သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
(၂) ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
(၃) ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
(၄) သာမီစိပဋိပန္နော ဘဂ၀တော သာဝကသံဃော၊
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ၊
ဧသ ဘဂ၀တော သာဝကသံဃော -
(၅) အာဟုနေယျော၊
(၆) ပါဟုနေယျော၊
(၇) ဒက္ခိဏေယျော၊
(၈) အဉ္စလိကရဏီယျော၊
(၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။
၁။ သုပ္ပဋိပန္နဂုဏ်တော်
အနက်
ဘဂ၀တော - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရား၏။ သာဝကသံဃော - ဆုံးမထားဟန် တရားမှန်ကို နာခံလိုက်နာ အရိယာဟု သင်္ချာရှစ်ဖော် သံဃာတော်အပေါင်း သူတော်ကောင်းသည်။ သုပ္ပဋိပန္နော - တရားသဖြင့် ဆုံးမသင့်ရာ သာသနာဝယ် လျော်စွာထုံးပြ ဆုံးအမကို လုံးဝလိုက်နာ ကောင်းမွန်စွာလည်း ကျင့်တော်မူတတ်ပါပေ၏။
သုပ္ပဋိပန္နော = ကောင်းစွာကျင့်တော်မူတတ်သော အရိယာသံဃာတော်မြတ်ပါပေတည်း။
အဓိပ္ပာယ်
ရာဂတရား ဒေါသတရား မောဟတရား ကင်းရှင်းရန် အကျင့်ကို ကျင့်ကြကုန်သော မြတ်စွာဘုရား၏ တပည့်သား သံဃာ အရိယာ သာဝကများကို သုပ္ပဋိပန္န = ကောင်းစွာကျင့်ကြံသူများ ဟု ခေါ်၏။
မြတ်စွာဘုရားသည် အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်နှင့် သတ္ထာဒေ၀မနုဿာနံ - ဂုဏ်တော်နှင့် သတ္ထာဒေ၀မနုဿာနံ - ဂုဏ်တော်များအရ ဆုံးမထိုက်သူများကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ သူမတူအောင် စွမ်းဆောင်နိုင်သော နတ်လူတို့၏ ဆရာမြတ် ဖြစ်တော်မူသည်။ ထို့ကြောင့် ထိုအတုမဲ့ ဆရာမြတ်၏ တပည့်သာဝကတို့မှာ ယဉ်ကျေးသိမ်မွေ့ပြီးဖြစ်၍ ကြည်ညိုဖွယ်ရာ အကျင့်ကောင်းများနှင့် ပြည့်စုံကြပေသည်။
မြတ်စွာဘုရားက ရှင်အာနန္ဒာအား “ချစ်သားအာနန္ဒာ … ငါဘုရားကို မိတ်ဆွေအဖြစ် သဘောထား၍ ကျင့်ကြံ၊ ရန်သူအဖြစ် သဘောထား၍ မကျင့်ကြလေနှင့်၊ ထိုကဲ့သို့ မိတ်ဆွေအဖြစ်သဘောထား၍ ကျင့်ခြင်းသည် သင်တို့အား ကာလရှည်စွာ အကျိုးစီးပွားချမ်းသာ ကြည်ညိုဖွယ်ရာ အကျင့်ကောင်းများနှင့် ပြည့်စုံကြပေသည်။
ဘုရားရှင်၏ အဆုံးအမတော် ဓမ္မ၀ိနယအတိုင်း မကျင့်သူ မလိုက်နာသူမှာ ဘုရားရှင်အပေါ်၌ ရန်သူလို ကျင့်သူဖြစ်၍ အဆုံးအမတော် ဓမ္မ၀ိနယအတိုင်း ကျင့်သူ လိုက်နာသူမှာ ဘုရားရှင်အပေါ်၌ မိတ်ဆွေလိုကျင့်သူပင် ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရား၏ အဆုံးအမတော်အတိုင်း အရိုးကြေကြေ အရေခန်းခန်း အသက်ကိုပင် စွန့်၍ ကျင့်ကြံအားထုတ်သော တပည့်သား သံဃာ အရိယာသာဝကတို့သည့် သုပ္ပဋိပန္နဂုဏ်နှင့် ပြည့်စုံတော်မူကြ၏။
No comments:
Post a Comment