စီးပွားချမ်းသာကို ဖျက်ဆီးတတ်သောစကား အနက်အဓိပ္ပာယ်မရှိ ပြိန်းဖျင်းသော စကားကို ဆိုကြောင်းဖြစ်သော စေတနာသည် သမ္ဖပ္ပလာပမည်ပါသည်။
ယင်းစကာနှင့် ပတ်သက်၍ ပရမတ္ထစက္ခုကျမ်း၌ ဒီပဲယင်း ဆရာတော် ဘုရားကြီးက -
“အနက်ဆံကင်းဆိုသည်မှာ ရာမမင်း၏ သီတာဒေ၀ီမိဖုရားကို ခေါင်းဆယ်လုံးရှိ ဘီလူးမင်း ခိုးယူသည်။ ရွှေယုန်နှင့် ရွှေကျား သက်ကယ်ရိတ်သွားကြသည်။ ဤသို့ စသည့် ရှေ့က မဖြစ်ဖူး၊ မရှိဖူးသည်ကို ဖြစ်ဖူး ရှိဖူး သကဲ့သို့ သူတပါး ရာဂပွားရန်၊ ဒေါသပွားရန်၊ မောဟပွားရန် ကြံဖန်ပြောဆိုသော စကားဟူသမျှ စပါးဖျင်းကဲ့သို့ အနက်ဆံ မပါသည်ကို ဆိုသည်။ သူ့ကို ဆုံးမရာ တရားဓမ္မဟောရာ၊ ပြောရာ၌ ထင်လွယ်အောင် ဥပမာ ပုံပြ၍ ထည့်သွင်းပြောဆိုရာတို့၌ သမ္ဖပ္ပလာပ မဖြစ်” ဟု ဖွင့်ဆိုထားပါသည်။
သမ္ဖပ္ပလာပဖြစ်ရန် အင်္ဂါ(၃)ပါး
(၁) အနက်ဆံကင်း ပြိန်ဖျင်းသောစကားကို ဆိုလိုသော စိတ်ရှိခြင်း၊
(၂) ပြိန်ဖျင်းသော စကားကို ဆိုခြင်း၊
(၃) သူတပါးယုံကြည်ခြင်း။
သမ္ဖပ္ပလာပ၏ မကောင်းဆိုးကျိုး
စီးပွားချမ်းသာကို ဖျက်ဆီးတတ်သောစကား၊ အနက်အဓိပ္ပာယ်မရှိ ပြိန်ဖျင်းသော စကားကို ပြောဆိုသောသူသည် ခန္ဓာပျက်သည်၏ အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲကြီးစွာ ခံစားရသည်။
အပါယ်လေးပါးမှ လွတ်မြောက်ပြီးနောက် လူ့ဘ၀ရောက်သည့်အခါတွင်လည်း အောက်ပါဆိုးကျိုးများကို ခံစားရသည်။
(၁) မိမိပြောဆိုသော စကားကို သူတပါး မယုံကြည်ခြင်း၊
(၂) မိမိကို လူအများ မုန်းတီးခြင်း၊
(၃) လူအများက မိမိကို အလေးမထားခြင်း၊
(၄) အများယုံကြည်ဖွယ်ဖြစ်အောင် မပြောတတ်ခြင်း၊
(၅) လာဘ်လာဘ နည်းပါးခြင်း၊
(၆) ဘုန်းတန်းခိုးအရှိန်အစော် အာနုဘော် နည်းပါးခြင်း၊
(၇) ပညာ သေးသိမ် မှေးမှိန်ခြင်း၊ တို့ဖြစ်သည်။
No comments:
Post a Comment