ရဟန်းတို့ ! လွတ်မြောက်ကြောင်း ၅-မျိုး၌ မမေ့မလျော့, ပြင်းစွာ အားထုတ်လျက်, နိဗ္ဗာန်သို့ ဦးတည်သော စိတ်ထားဖြင့်နေသော ရဟန်းမှာ -
ကိလေသာတို့မှ မလွတ်မြောက်သေးသော စိတ်လည်း လွတ်မြောက်နိုင်သည်။
မကုန်ခန်းသေးသော အာသဝေါတရားတို့လည်း ကုန်ခန်းနိုင်သည်။
မရောက်ဖူးသေးသော ယောဂ ၄-ပါးတို့ကုန်ရာ အတုမဲ့ နိဗ္ဗာန်သို့လည်း ရောက်နိုင်သည်။
ယင်း ၅-မျိုးမှာ -
၁။ ဤသာသနာတော်၌ ဆရာကဖြစ်စေ ဆရာ့အရာ၌ တည်သော သီတင်းသုံးဖော် တစ်ဦးဦးကဖြစ်စေ - တရားကိုဟောကြားရာ၌ - နာရသော ရဟန်းမှာ ဟောကြားသည့် အတိုင်း အနက်သဘောနှင့် ပါဠိသဒ္ဒါကို ထိုးထွင်း၍ သိပြီး ၀မ်းမြောက်မူ, နှစ်သက်မူ, ကိုယ်ငြိမ်းအေးမူ, ချမ်းသာခံစားရမူ, စိတ်တည်ကြည်မူကို အဆင့်ဆင့် ဖြစ်နိုင်သည်။
ဤသည်ကား ပထမ လွတ်မြောက်ကြောင်းတည်း။
၂။ နာကြားရ၍ကား မဟုတ်၊ ကြားနာဖူး, သင်ယူဖူးသည့် အတိုင်း ဟောကြားသောအခါ အနက်သဘောနှင့် ပါဠိသဒ္ဒါကို ထိုးထွင်း၍ သိပြီး ၀မ်းမြောက်မူ, နှစ်သက်မူ, ကိုယ်ငြိမ်းအေးမူ, ချမ်းသာခံစားရမူ, စိတ်တည်ကြည်မူတို့ အဆင့်ဆင့် ဖြစ်နိုင်သည်။
ဤသည်ကား ဒုတိယ လွတ်မြောက်ကြောင်းတည်း။
၃။ နာကြားရ, ဟောကြားရ၍ကား မဟုတ်၊ ကြားနာဖူး, သင်ယူဖူးသည့်အတိုင်း တရားကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်သောအခါ အနက်သဘောနှင့် ပါဠိသဒ္ဒါကို ထိုးထွင်း၍ သိပြီး ၀မ်းမြောက်မူ, နှစ်သက်မူ, ကိုယ်ငြိမ်းအေးမူ, ချမ်းသာခံစားရမူ, စိတ်တည်ကြည်မူတို့ အဆင့်ဆင့် ဖြစ်နိုင်သည်။
ဤသည်ကား တတိယ လွတ်မြောက်ကြောင်းတည်း။
၎။ နာကြားရ, ဟောကြားရ, ရွတ်အံ သရဇ္ဈာယ်ရ၍ကား မဟုတ်၊ ကြားနာဖူး, သင်ယူဖူးသည့် အတိုင်း တရားကို စိတ်ဖြင့် အဖန်ဖန် စဉ်းစား, သုံးသပ်, ဆင်ခြင်သောအခါ အနက်သဘောနှင့် ပါဠိသဒ္ဒါကို ထိုးထွင်း၍ သိပြီး ၀မ်းမြောက်မူ, နှစ်သက်မူ, ကိုယ်ငြိမ်းအေးမူ, ချမ်းသာခံစားရမူ, စိတ်တည်ကြည်မူတို့ အဆင့်ဆင့် ဖြစ်နိုင်သည်။
ဤသည်ကား စတုတ္ထ လွတ်မြောက်ကြောင်းတည်း။
၅။ နာကြားရ, ဟောကြားရ, ရွတ်အံသရဇ္ဈာယ်ရ, အဖန်ဖန် ဆင်ခြင်ရ၍ကား မဟုတ်၊ သမာဓိအာရုံ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို ကောင်းစွာ သင်ယူ, နှလုံးသွင်း, မှတ်သား, ပညာဖြင့် ထိုးထွင်း၍ သိသောအခါ အနက်သဘောနှင့် ပါဠိသဒ္ဒါကို ထိုးထွင်း၍ သိပြီး ၀မ်းမြောက်မူ, နှစ်သက်မူ, ကိုယ်ငြိမ်းအေးမူ, ချမ်းသာခံစားရမူ, စိတ်တည်ကြည်မူတို့ အဆင့်ဆင့် ဖြစ်နိုင်သည်။
ဤသည်ကား ပဉ္စမ လွတ်မြောက်ကြောင်းတည်း။
ဆောင် - အနက်, သဒ္ဒါ၊ နားလည်လာအောင်၊ နာ, ဟော, ရွတ်အံ၊ တွေးတောကြံ၊ ကမ္မဋ္ဌာန်း နှလုံးသွင်း။
ဝိမုတ္တာယတန၊ သုတ်၌ပြသည့်၊ လွတ်ရကြောင်းမှန်၊ ဤငါးတန်၊ ဧကန် သိကြမင်း။
မှတ်ချက် - ဤသုတ်၌ အရဟတ္တဖိုလ်တိုင်အောင် ဟောကြားသည်။
ဆဋ္ဌမသုတ် ပြီး၏။
No comments:
Post a Comment