“ဗုဒ္ဓေါမေ သရဏံ ဧညံ နတ္ထိ”
“ဓမ္မောမေ သရဏံ ဧညံ နတ္ထိ”
“သံဃောမေ သရဏံ ဧညံ နတ္ထိ”
အခုဆိုလျှင် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် သက္ကရာဇ်တိုင်ခဲ့လေပြီ ဖြစ်ပါသည်။ သာသနာတော်သည်လည်း ကာလကြာမြင့်လာသည်နှင့်အမျှ တည်တန့်ခိုင်မာရေးအား ကြိုးစားကြရန်အတွက် လိုအပ်ကြောင်း သတိပြုရမည် ဖြစ်ပါသည်။ သာသနာအတွင်း ကျင့်ကြံအားထုတ် နေထိုင်ခြင်းဖြင့်လောကကြီးအား အေးချမ်း သာယာစေသင့်ပါသည်။ သာသနာအတွင်း ကျင့်ကြံနေထိုင်ခြင်းမရှိပါက လောကကြီး တဖြည်းဖြည်းနှင့် ပျက်စီးဒုက္ခရောက်လာနိုင်မည် ဖြစ်ပါသည်။
လူသား၊ ပုဂ္ဂိုလ်များ သာသနာတော်၊ ဗုဒ္ဓသာသနာအရ နေထိုင်ကျင့်ကြံအားထုတ်နိုင်ဖို့ရာအတွက် အများစုသည် ရဟန်းသံဃာတော်များ၏ ဆုံးမသြ၀ါဒများအား လိုက်နာဆောင်ရွက်လေ့ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ထို့ကြောင့် သာသနာတော်တည်တန့်ခိုင်မြဲရေးအတွက် အဓိကကျသူအများစုမှာ ရဟန်းသံဃာတော် များဖြစ်ပါသည်။
ဗုဒ္ဓဘာသာတရားတော်များအရ ကျင့်ကြ့အားထုတ်မူကောင်းသော သူများအား အကျင့်သီလ၊ သမာဓိ၊ သိက္ခာနှင့် ပြည့်စုံသူများဟု သတ်မှတ်ကြကြောင်းကို လူများသော်လည်းကောင်း၊ ရဟန်းများသော် လည်းကောင်း၊ သတိပြုကြရမည် ဖြစ်ပါသည်။ အထူးအားဖြင့် လူအများအား လမ်းညွှန်တရားပြသနေတာ ရဟန်းတော်များအနေဖြင့် ပိုမိုသတိပြုကြရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်ကတည်းက ဘာပဲဖြစ်ဖြစ် ဘုရားကျောင်းကန်များသို့ သွားရောက်ပြီး သံဃာတော်များ၏ ဆုံးမသြ၀ါဒကို နာခံဆောင်ရွက်ကြသည်မှာ ဓလေ့ထုံးစံ တစ်ရပ်ပင် ဖြစ်နေပါသည်။
သို့အတွက် ရဟန်းသံဃာတော်များသည် အကျင့်သီလသိက္ခာ ပိုမိုကောင်းမွန်အောင် ကျင့်ကြံအားထုတ် ရပါမည်။ ရဟန်းတော်များ သာသနာတော် တည်တံ့ခိုင်မြဲအောင် လုပ်ဆောင်နိုင်ရေး အတွက် မြတ်စွာဘုရားရှင်သည် တရားဒေသနာများကို အကျယ်ဟောကြားခြင်း၊ ၀ိနည်းသိက္ခာပုဒ်များအား ပညတ်ခြင်းတို့အား ဆောင်ရွက်တော်မူခဲ့ပါသည်။
မြတ်စွာဘုရားရှင်က “သာသနာတော်၌ ထေရ်ကြီး၊ ၀ါကြီးများ များပြားလာသောအခါ၊ သံဃာအရေအတွက် များပြားလာသောအခါ၊ လာဘ်လာဘပေါများလာသောအခါ၊ ဗဟုသုတကြွယ်ဝသောရဟန်းများ များပြားလာသောအခါ၊ ကျူးလွန်မူအပြစ်များ ထင်ရှားဖြစ်ပေါ်လာလိမ့်မည်။ ထိုအခါ ထိုသို့ကျူးလွန်မူများအား အပြစ်များအား တားမြစ်ပိတ်ပင်ရန် ငါဘုရားသည် သိက္ခာပုဒ်တော်ကို ပညတ်တော်မူမည်” ဟု မိန့်ကြားခဲ့ပြီး သိက္ခာပုဒ်တော်များအား ပညတ်ခဲ့ပါသည်။
မြတ်စွာဘုရား ပညတ်တော်မူခဲ့သော သိက္ခာပုဒ်တော်များသည် ကုဋေကိုးထောင်တစ်ရာ့ရှစ်ဆယ်နှင့် ငါးသန်းသုံးသောင်းခြောက်ထောင် (၉၁၈၀၅၀၃၆၀၀၀) ရှိပါသည်။ ထိုသို့ များပြားသည့် သိက္ခာပုဒ်များကို အကျဉ်းခြုံး၍ အဓိကလိုက်နာရန် ထုတ်နုတ်ထားရာ ၂၂၇သွယ်အား သတ်မှတ်ထားရာ ၎င်း ၂၂၇ သွယ်သော သိက္ခာပုဒ်တော်များကို ပါတိမော = ပါတိမောက်ဟုခေါ်ပါသည်။
အဓိပ္ပါယ်မှာ ပါတိ = စောင့်ရှောက်သောသူကိုမောက္ခ = လွတ်မြောက်စေခြင်းဟု အဓိပ္ပါယ်ရပါသည်။ (၂၂၇) သွယ်သော သိက္ခာပုဒ်ကို စောင့်ရှောက်သောသူကို ပစ္စုပ္ပန်သံသရာဘေးအန္တရာယ်များမှ လွတ်မြောက်စေသော သိက္ခာပုဒ်များဟု ဆိုလိုသည်။ သိက္ခာပုဒ်များကို လိုက်နာကျင့်သုံးသူများအား ဘေးရန်အန္တရာယ်မရှိနိုင်၊ မင်းပြစ်မင်းဒဏ်ခံရဖွယ် မရှိ၊ နောက်ဘ၀၌ အပါယ်ငရဲကျရောက်ရန် မရှိဟု ဆိုပါသည်။
သို့အတွက် သံဃာတော်များသည် သာသနာတော်ကြီးအား အဓွန့်ရှည်တည်တန့်၍ ၂၂၇သွယ်သော သိက္ခာပုဒ်များအား လိုက်နာကြရမည် ဖြစ်ပါသည်။ အချို့သော ဆရာတော်၊ သံဃာတော်များ ပညာတတ်များဖြစ်သည်နှင့်အညီ စဉ်းစားဆင်ခြင်မူများပြုမူများသည် ပါတိမောက်နှင့် ယူဆမူများ တစ်မျိုးဖြစ်လာနိုင်သည်ကို သတိချပ်ရပါမည်။
ရဟန်းများ ပါတိမောက်များကျူးလွန်မိပါက အာပတ်သင့်သည်ဟု သတ်မှတ်၍ အာပတ်(၇)ပုံအနက် ပါရာဇိက အာပတ်မှအပ ကျန်အာပတ်များမှာ ကုစား၍ရသည်ဟု ပြောကြပါသည်။ သို့သော် ဆရာတော်တစ်ပါး မိန့်ကြားဖူးသည်ကို မှတ်သားသင့်ပါသည်။
“အ၀တ်ဖြူဖြူတစ်စတွင် တစ်ခုခုပေကျံခဲ့ပါက ဘာလုပ်မည်နည်း။ လျှော်လျှင်ပြောင်မည်မဟုတ်ပါလား၊ ထိုအ၀တ်သည် ပေသွားလိုက်၊ ပြန်လျှော်ဖွတ်လိုက်နှင့် ကြာလာသောအခါ ထိုအ၀တ်သည် မူလအဖြူကဲ့သို့ ရှိပါဦးမည်လား၊ ဖြူသည်ဖြစ်သော်လည်း ညစ်တစ်တစ်ဖြစ်နေဦးမည် မဟုတ်ပါလား၊ အလားတူ သီလသည်လည်း အာပတ်ဖြေရပါများက သန့်စင်မူ၊ စင်ကြယ်မူ ပြည့်စုံနိုင်ပါမည်လား၊ မည်သို့ဆိုစေစိတ်သဏ္ဍာန်သည် ညစ်နေမှာပင် ဖြစ်ပေသည်။”
ယခုခေတ် ရဟန်းပျိုများ၊ သံဃာတော်အချို့ကို မွန်းလွဲညစာစားမိခြင်း၊ ဂျင်းသုပ်များအား ဆေးအဖြစ်ပါ စားသုံးခြင်းကြောင့် အအေးမိခြင်းဖြင့် ခုတင်၌အိပ်ခြင်း၊ မာတုဂါမများနှင့် အတူသွားလာခြင်း၊ အာဟာရများအား နေ့ဖိုးညစာသိုမှီထားခြင်း၊ အိမ်လည်ခြင်း၊ စသည့်အကြောင်းများအား လွယ်လင့်တကူဆောင်ရွက်မိနေသည်များကို ရံဖန်ရံခါ ခရီးသွားဟန်လွှဲတွေ့နေရပါသည်။
သို့အတွက် ဆရာတော်၊ သံဃာတော်များမှ သာသနာတော်အရှည်တည်တန့် ခိုင်မြဲရေးအတွက် ဟောပြောသင်ကြားခြင်းများ ပြုလုပ်ရမည်ဖြစ်ပါသည်။ ၀ိနည်းတရားတော် များအားသေချာစနစ်တကျ ဟောပြသင်ကြားရမည် ဖြစ်ပါသည်။ သို့မှသာမသိ၍ ကျူးလွန်မိပါသည်ဟု ပြောခြင်းများ လျော့နည်းပပျောက်မည် ဖြစ်ပါသည်။
သို့ပါသောကြောင့် တောနေ၊ မြို့နေ ဆရာတော်၊ သံဃာတော်အပေါင်းတို့သည် ၀ိနည်းသိက္ခာပုဒ် (ပါတိမောက်) များအား နည်းလည်ပီး စနစ်တကျမှန်ကန်စွာ ကျင့်သုံး လိုက်နာနေဆာင်ရွက်ခြင်းအားဖြင့် သာသနာတော်ကြီး အဓွန့်ရှည် တည်တန့်ခိုင်မြဲရေးအတွက် အလေးထားဆောင်ရွက်သွားကြစေရေး မေတ္တာတော်ပေးကန်တော့ ပန်ကြားရင်း။
No comments:
Post a Comment