ယင်းသို့လျှင် ဘုရားရှင်သည် ဆွေတော်မျိုးတော်တို့အား ရေမီးအစုံအစုံ (ယမိုက်ပြာဋိဟာ) တန်ခိုးအဖုံဖုံပြနေစဉ် ရာဇဂြိုဟ်ပြည်အနီး ဂိဇ္ဈကုဋ်တောင်၌ တပည့်ရဟန်း (၅၀၀)နှင့်အတူ သီတင်းသုံးနေခဲ့သော လက်ယာတော်ရံ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရူတော်မူရာ ဘုရားရှင်သည် ဆွေတော်မျိုးတော်တို့အား ရေမီးအစုံအစုံ (ယမိုက်ပြာဋိဟာ) တန်ခိုးအဖုံဖုံ ပြနေပုံကို သိမြင်တော်မူလေသည်။
လောက၌ ဘုရားဟူ၍ဖြစ်ပေါ်ရန် မည်မျှခက်ခဲကြောင်း၊ မည်သို့ ဆည်းပူးရကြောင်း၊ ဘုရားရှင်၏ အားအစွမ်းသည် မည်မျှကြီးကျယ် မြင့်မြတ်ကြောင်း၊ လူ နတ် ဗြဟ္မာသတ္တ၀ါအားလုံးတို့ သိရှိကြည်ညိုစေလိုသဖြင့် အရှင်သာရိပုတ္တရာသည် ဘုရားရှင်အား ဗုဒ္ဓ၀င်ဇာတ်ကြောင်းကို ပြန်ပြောင်း ဟောတော်မူရန် တောင်းပန်လိုစိတ် ဖြစ်ပေါ်လာလေသည်၊ ထို့ကြောင့် တပည့်ရဟန်း(၅၀၀)ကို ခေါ်ဆောင်၍ ကောင်းကင်ခရီးဖြင့် ဘုရားရှင်ထံ သွားရောက် ဖူးမြော်ကြလေသည်။
ဘုရားရှင်သည် ကောင်းကင်ယံ စင်္ကြံအထက်၌ သီတင်းသုံးတော်မူစဉ် အရှင်မဟာကဿပ၊ အရှင်သာရိ ပုတ္တရာ၊ အရှင်မဟာမောဂ္ဂလ္လာန် စသော သံဃာတော် နှစ်သောင်းတို့သည် ဘုရားရှင်အနီး ထက်ကောင်းကင်၌ပင် ရိုသေစွာ ခစားနေကြခိုက် အရှင်သာရိပုတ္တရာသည် ဘုရားရှင်အား ဗုဒ္ဓ၀င်တရားတော်ကို ဟောကြားရန် လျှောက်ထား တောင်းပန်၍ ဗုဒ္ဓ၀င်တရားတော်ကို စင်္ကြံလျှောက်ရင်း ဟောကြား တော်မူသည်၊ နတ် ဗြဟ္မာ ကုဋေတစ်သိန်းတို့ ရဟန္တာဖြစ်ကြ၍ သောတာ ပန်စသည် ကျွတ်တမ်းဝင်သော ပုဂ္ဂိုလ်တို့ကား မရေမတွက်နိုင်အောင် ရှိလေသည်။
ဗုဒ္ဓ၀င်တရား ဟောကြားအပြီး ရတနာစင်္ကြံမှ သက်ဆင်းတော်မူ၍ ဆွေတော်မျိုးတော်တို့၏အလယ် ဘုရားရှင်တို့၏ မြတ်သောနေရာ တော်၌ သီတင်းသုံးတော်မူစဉ် ပေါက္ခရ၀ဿမိုးကြီး ရွာချသည်။ ပေါက္ခရ၀ဿမိုးဟူသည် စိုစွတ်လိုသူတို့သာ စိုစွတ်၍ မစိုစွတ်လိုသူတို့ မစိုစွတ်အောင် ရွာသွန်းသော မိုးဖြစ်သည်၊ ထိုအံ့ဖွယ်ကောင်းသော ပေါက္ခရ၀ဿမိုးနှင့် စပ်လျဉ်းပြီးလျှင် တအံ့တသြ ပြောဆိုကြသည်ကို အကြောင်းပြု၍ ဝေဿန္တရာ ဇာတ်တော်ကြီးကို ဟောတော်မူပြန်လေသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment