ကပိလ၀တ်ပြည်ရှိ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးသည် သားတော်ဘုရား ရဟန်းပေါင်းခြံရံလျက် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းစံနေသည့် သတင်းကို ကြားသိရသည်နှင့်တပြိုင်နက် စကားချေငံသော အမတ်တစ်ဦးအား နောက်လိုက်နောက်ပါ မင်းချင်းတစ်ထောင် အခြံအရံဖြင့် ရာဇဂြိုလ်ပြည်သို့ သွားရောက် ပင့်ဆောင်ရန် မိန့်တော်မူလေသည်။
ထိုတမန်တော်အမတ်နှင့် မင်းချင်းတို့သည် မြတ်စွာဘုရားတရားဟောတော်မူနေစဉ် ဝေဠုဝန်ကျောင်းတော်သို့ ရောက်ရှိ၍ ပရိသတ်အစွန်ကပင် တရားတော်ကို နာယူနေခဲ့ကြသည်၊ တရားဒေသနာ ပြီးဆုံးသောအခါ ထိုတမန်တော်အမတ်နှင့် မင်းချင်းများအားလုံး ရဟန္တာချည်း ဖြစ်တော်မူသွားကြ၏၊ နိဗ္ဗာန်ချမ်းသာကိုသာ ခံစားနေကြသဖြင့် ခမည်းတော်သုဒ္ဓေါဒနမင်းကြီးထံ သတင်းပြန်ကြားရန်ကို မဆိုထားဘိ ဘုရားရှင်ပင် မလျှောက်ထားတော့ချေ။
သုဒ္ဓေါဒနမင်းကြီးသည် သတင်းပြန်ကြားချက် မရရှိသဖြင့် နောက်ထပ်အမတ်တစ်ဦးနှင့် မင်းချင်းတစ်ထောင်တို့ကို ထပ်မံ စေလွှတ်တော်မူ၏၊ ထိုအမတ်နှင့် မင်းချင်းတို့သည်လည်း ရှေးနည်းတူ ရဟန္တာချည်းဖြစ်တော်မူ သွားကြ၍ သတင်းပြန်ကြားရန် ကြောင့်ကြတော်မမူကြပေ၊ ဤနည်းဖြင့် (၉)ကြိမ်တိုင်တိုင် စေလွှတ်တော်မူရာ အမတ်(၉)ဦး၊ မင်းချင်း(၉)ထောင်တို့ အားလုံး ရဟန္တာချည်း ဖြစ်တော်မူသွားကြသည်၊ ထို့ကြောင့် ယုံကြည်စိတ်ချရသော ကာဠုဒါယီအမတ်ကြီးအား မင်းချင်း တထောင်နှင့်အတူ စေလွှတ်ရာ “ရဟန်းပြုခွင့်ရပါလျှင် ပင့်ဆောင်ပေးပါမည်”ဆို၍ မင်းကြီး ကတိဝန်ခံကာ စေလွှတ်တော်မူသည်။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment