Tuesday, 4 October 2011

လူပျင်း (အတွေးအမြင်ပုံပြင်)


“ဘဲဥမ ရေနွေးတစ်ပန်ကန်လောက်ငှဲ့ပေးစမ်းပါ”

သူငယ်ချင်းတစ်စု လက်ဖက်ရည်ဆိုင်ထုင်ခိုက် မဲတူးက ဘဲဥမကို ခိုင်းတယ်၊ ရေနွေးကရားက မဲတူးရှေ့နားတွင်။

“မင်း တော်တော်စီးပိုးတဲ့လူ” ကိုကောက်က ၀င်ပြောတယ်။

“စီးပိုးတာမဟုတ်ပါဘူး၊ အပျင်းထူတာပါ”

မဲတူက သွားဖြီးလေးနဲ့ ပြန်ပြောတယ်။

“ဟန်ကျပြီ၊ ငပျင်းပုံပြင်ပြော စရာရှိတယ်”

ပုံပြင်သမားရွှီးက သူပြောစရာ ပုံပြင် မေ့နေတာ သတိရသွားပုံနဲ့ ထအော်တယ်။ သူ့အသံနည်းနည်း ကျယ်သွားတော့ ဘေးဝိုင်းတွေကတောင် သူတို့ဝိုင်းကို စောင်းငဲ့ကြည့်ကြတယ်။

“တစ်ခါက လူပျင်းတစ်ယောက် သစ်ပင်အောက်မှာ အိပ်နေသတဲ့၊ သစ်သီးလေးတစ်လုံးက သူ့ရင်ဘတ်ပေါ်ကို ကြွေကျလာတယ်။ ဒါတောင်မှ သစ်သီးကိုယူပြီးပါးစပ်ထဲထည့်ဖို့ သူက ပျင်းနေသေးတယ်တဲ့”

“ပျင်းလဲပျင်းပါ့ကွာ”

“ခဏကြာတော့ ဟိုးဝေးဝေးမှာ ကုလားအုတ်စီးလာတဲ့ လူတစ်ယောက်ကို လှမ်းမြင်တယ်တဲ့၊ ကိုလူပျင်းကလဲ ကုလားအုတ်သမားရပ်ပါဦး လှမ်းအော်တယ်”

“ဘာလုပ်ခိုင်းမှာလဲ”

“ကုလားအုပ်သမားကတော့ ဆင်းရဲသားတစ်ယောက် နာဖျားနေပြီး ရေသောက်ချင်ရှာလို့ ဒါမှမဟုတ် အကူအညီတစ်ခုခုတောင်းချင်လို့ ခေါ်တာပဲဆိုပြီးတွေးတယ်၊ ဒါကြောင့် ကုလားအုတ်ကို ရပ်ပြီး အိပ်နေသူရှိရာ လမ်းလျှောက်လာတာပေါ့”

“.........................”

“ဘာလုပ်ပေးရမလဲမေးတော့ လဲလျောင်းနေတဲ့ လူပျင်းက သစ်သီးဟာ ကျွန်တော့်ရင်ဘတ်ပေါ်ကို ကြွေကျနေပါတယ်၊ အကြင်နာတရားရှေ့ထားပြီး ကျွန်တော့်ပါးစပ်ထဲ ထည့်ပေးပါလို့ပြောတယ်”

“ဖြစ်မှ ဖြစ်ရလေကွာ”

“ကုလားအုပ်သမားက ခွတိုက်ချင်စိတ်ဖြစ်လာတယ်၊ ကျုပ်က ကုလားအုတ်ပေါ်က ဆင်းပြီး လယ်ကွင်းတစ်ဝက် ခင်ဗျားဆီ လမ်းလျှောက်လာခဲ့ရတယ်၊ ခင်းဗျားကျုပ်ကို လှမ်းခေါ်တာ ဒီကိစ္စတစ်ခုတည်းအတွက်လား မေးတယ်၊ ဒေါသထွက်ထွက်နဲ့ ပြန်လှည့်ထွက်သွားတယ်”

“ဖြစ်ရမယ်လေ”

“လူပျင်းကတော့လှမ်းအော်ပြောတယ်၊ ခင်ဗျားကတော့ တကယ့်ငပျင်းပဲ၊ ခင်ဗျားလုပ်ပေးရမှာက ကျုပ်ပါးစပ်ထဲ သစ်သီးကောက်ထည့်ပေးလိုက်ရုံပဲဟာကို”

“စံပဲကွာ”

“စဉ်းစားသာကြည့်ပေါ့၊ လူပျင်းဟာ ရင်ဘတ်ပေါ်က သစ်သီးလေးကောက်ယူပြီး ပါးစပ်ထဲထည့်ပေးဖို့အတွက် သူများကို လှမ်းခေါ်တယ်၊ တို့ကိုယ်တိုင်ရော ပါးစပ်ဝရောက်နေတဲ့ သစ်သီးကို ယူမစားဘဲ သူများကို မျှော်နေမိသလား”

“စဉ်းစားစရာပဲ”

ဖေလင်းသစ်

No comments:

Post a Comment