“ဘာမဆို စဉ်းစဉ်းစားစားလုပ်တာ ကောင်းတယ်ဟ”
မဲတူးက ကျွဲမကို လက်ချာရိုက်နေတယ်၊ ကျွဲမက ပြုံးပြီး ခေါင်းညိတ်တယ်။
“ကျွဲမ စဉ်းစားတာများလို့ တူနှစ်ကိုယ်မနီးနိုင်သေးဘဲ ဖြစ်နေတာ” ကိုကောက်က ပြောတယ်။
“ဘာမဆို စဉ်းစဉ်းစားစားလုပ်တာကောင်ပါတယ်” ဆိုပြီး မဲတူးက ထပ်ပြောတယ်။
“စဉ်းစားတာတော့ ဟုတ်ပါရဲ့၊ စဉ်းစားပုံစဉ်းစားနည်းက ရှိသေးတယ်”လို့ ရွှီးက ပြောတော့ “မင်း စကားက အဆန်းပါလား” ဆိုပြီး ကိုအောင်က ပြောပါတယ်။ ရွှီးက “စဉ်းစားပြီးမှ လုပ်တဲ့ပုံပြင်ရှိတယ်” ဆိုတော့ ဘဲဥမက “ပြောစမ်းပါဦး”လို့ ပွဲတောင်းတယ်။
“တစ်ခါက ရွာတစ်ရွာမှာ မိုတီပတေးဆိုတဲ့ လူတစ်ယောက်ရှိတယ်၊ သူက မနက် ၆း၀၀ နာရီဆို အိပ်ရာထတယ်၊ အိမ်ဝင်းရှေ့ပိုင်းက ကျောက်တုံးပေါ်မှာ ထိုင်ပြီး တံပူနဲ့ သွားတိုက်တယ်”
“..........................”
“မနက်တိုင်း အဲဒီအချိန်မှာပဲ နွားမတစ်ကောင်ကလဲ အဲဒီ ကျောက်တုံးအနီးမှာ လာဝပ်ပြီး စားမြုံ့ပြန်နေတာတဲ့၊ နွားမရဲ့ဦးချိုတွေက ၀န်းဝိုင်းလှပသတဲ့”
“........................”
“ပတေးက နွားမရဲ့ဝန်းဝိုင်းတဲ့ ဦးချိုတွေကိုကြည့်ပြီး ငါ့ခေါင်းဟာ ချိုနှစ်ချောင်းကြားမှာ အံကျပဲလို့ နေ့စဉ်နေ့တိုင်း စဉ်းစားသတဲ့၊ တစ်နေ့နေ့တော့ ချိုကြားမှာ ခေါင်းထည့်ကြည့်ဦးမယ်လို့ သူ့ကိုယ်သူ ကတိပေးတာ နေ့စဉ်ပါပဲ”
“မစဉ်းမစားနဲ့ လုပ်တော့မယ်”
“ဒီလိုနဲ့ ခြောက်လလောက် ကြာသွားတယ်၊ တစ်နေ့မှာတော့ ပတေးက ဆုံးဖြတ်ချက်ချတယ်၊ ဒီနေ့တော့ဖြင့် လှပတဲ့ ဦးချိုနှစ်ချောင်းကြားမှာ ငါ့ခေါင်းကို အသေအချပဲ ထည့်မယ်တဲ့”
“ကြံကြံဖန်ဖန်ကွာ”
“မျက်နှာသစ်၊ သွားတံပူတိုက်၊ သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ပတေးထိုင်ရာကထပြီး နွားမဆီ လမ်းလျှောက် သွားတယ်၊ သူ့ခေါင်းကို ချိုနှစ်ချာင်းကြားထဲ သွက်ကြည့်တယ်၊ တကယ့်ကိုအံကျပဲ၊ ဒါပေမဲ့ ...”
“...........................”
“ဒါပေမဲ့ နွားမက လန့်ပြီး ထခုန်တယ်၊ ပြီးတော့ ပြေးပါလေရော၊ ပတေးလဲ တန်းလန်းကြီးပါသွားတယ်”
“ဟား ဟား ဟား ဟား”
“ပတေးက ကယ်တော်မူပါ၊ ကယ်တော်မူပါ၊ ကယ်တော်မူပါ၊ အသံကုန်ခြစ်အော်တာပေါ့၊ ရွာသားတွေလဲ နွားမကို ၀ိုင်းဖမ်းပြီး ပတေးရဲ့ ခေါင်းကို ချိုကြားက ဆွဲထုတ်ပေးရတယ်”
“တော်သေးတာပေါ့”
“ရွာသားတွေက ပတေးကိုဝိုင်းပြီး အပြစ်တင်ကြိမ်းမောင်းကြတာပေါ့၊ ပတေး၊ ဒါမလုပ်ခင် မင်းမစဉ်းစားဘူးလားလို့လဲမေးတယ်”
“ဟုတ်တာပေါ့”
“ပတေးကလဲ ခြောက်လလောက် အကြိမ်ကြိမ် အဖန်ဖန်စဉ်းစားပြီးမှ နွားချိုထဲကို ငါ့ခေါင်းထည့်တာလို့ ပြန်ဖြေတယ်၊ ပတေးရဲ့ လက်တွေ၊ ခြေတွေကျိုးသွားလို့ နှစ်လလောက် အိပ်ရာထဲလှဲနေရသတဲ့”
“ခြောက်လလောက်တော့ စဉ်းစားပါရဲ့၊ စဉ်းစားတာကိုက အမှားလုပ်ဖို့ပဲ စဉ်းစားတာကိုး၊ စဉ်းစားတယ်ဆိုရာမှာ ဝေဖန်သုံးသပ်ပြီး ကောင်းတာဖြစ်ဖို့ ဦးတည်ရမှာ၊ ဒါမှ ကိုယ်ဖြစ်ချင်တာ တကယ်ဖြစ်မှာပေါ့နော်”
“ဟုတ်ပါ့ ဟုတ်ပါ့”
Tuesday, 4 October 2011
စဉ်းစားပေမယ့် (အတွေးအမြင်ပုံပြင်)
ဖေလင်းသစ်
No comments:
Post a Comment