Tuesday, 4 October 2011

၃ - စူဠ၀ဂ် (၁ - အဘိဇ္ဇမာနပေတ၀တ္ထု)

၃၈၇။ ပြိတ္တာကြီး (ခြေချလိုက်ခြင်းကြောင့်) မပျက်စီး မပြိုကွဲသော ဤဂင်္ဂါမြစ်ရေ၌ အ၀တ်မပါပဲ ကိုယ်ချည်းသာလျှင် ရှေ့ထက်ဝက်က ပြိတ္တာမုတ်သကဲ့သို့ ပန်းတို့ကို ပန်ဆင်ကာ အဆင်တန်ဆာတို့ကို ဆင်မြန်းလျက် သွားဘိ၏၊ သင်သည် အဘယ်အရပ်သို့ သွားမည်နည်း၊ သင်သည် အဘယ်အရပ်၌ နေရမည်နည်း၊ (ဟု ကောလိယ အမတ်က မေး၏)။

၃၈၈။ ငါသည်ကား ၀ါသဘရွာနှင့် ဗာရာဏသီပြည်၏အကြား ဗာရာဏသီ၏ အနီး၌ တည်သော စုန္ဒဋ္ဌိလရွာသို့ သွားပါအံ့ဟု ထိုပြိတ္တာက ပြောဆို၏။

၃၈၉။ ကောလိယဟု ကျော်ကြားသော အမတ်ကြီးသည် ထိုပြိတ္တာကို မြင်၍ ပြိတ္တာအား မုံကို၎င်း ထမင်းကို၎င်း ရွှေသော အဆင်းရှိသော အ၀တ်ပုဆိုးအစုံကို၎င်း ပေး၏။

၃၉၀။ လှေကို ရပ်တည်စေပြီးလျှင် ထိုလှေရှိ တယောက်သော ဆတ္တာသည်အား အ၀တ်ပုဆိုးအစုံကို ပေးလှူစေ၏၊ ဆတ္တာသည်အား ပေးလှူလိုက်သည်ရှိသော် တခဏချင်း ပြိတ္တာ၏ ကိုယ်၌ ပုဆိုးအစု့ကို တွေ့မြင်ရလေတော့၏။

၃၉၁။ ထို့နောက် ထိုပြိတ္တာသည် ကောင်းသော အ၀တ်ကို ၀တ်ရုံပြီးလျှင် ပန်းတို့ကို ပန်ဆင်ကာ အဆင်တန်ဆာကို ဆင်မြန်းလျက် တည်နေ၏၊ (၀မ်းမြောက်နိုင်လောက်အောင် နီးကပ်ရာအရပ်၌) တည်နေသော ပြိတ္တာအား မြတ်သော အလှူ၏ အကျိုးသည် ကပ်ရောက်ဖြစ်ပေါ်လာ၏၊ ထို့ကြောင့် ပြိတ္တာတို့အား အစဉ်သနားသဖြင့် (ပြိတ္တာတို့ကို ရည်ညွှန်း၍) အဖန်ဖန် အထပ်ထပ် မြတ်သော အလှူကို ပေးလှူရာ၏။

၃၉၂။ ပြိတ္တာအချို့တို့သည် စုတ်ပြတ်သော အ၀တ်ကို ၀တ်ကြရကုန်၏၊ အချို့ပြိတ္တာတို့သည်ကား ဆံပင်ဖြင့် ကိုယ်ကို ဖုံးလွှမ်းကုန်လျက် အစားအစာအလို့ငှါ သွားကြရကုန်၏၊ တရပ်မှ တရပ်သို့ ရွှေ့ပြောင်းသွားလာကြရကုန်၏။

၃၉၃။ အချို့ပြိတ္တာတို့သည် ဝေးသော အရပ်သို့ ပြေးသွားကြကုန်သော်လည်း (တစုံတခုကိုမျှ) မရကြကုန်သောကြောင့် ပြန်လာကြရကုန်၏၊ ဆာလောင်ခြင်းဖြင့် တွေဝေကုန်သည်ဖြစ်၍ တုန်လူပ်ကုန်လျက် မြေ၌ လဲကျကြရကုန်၏။

၃၉၄။ ရှေးဘ၀၌ ကုသိုလ်ကောင်းမူကံကို မပြုခဲ့ကြရကုန်သော ထိုပြိတ္တာတို့သည် နွေအခါ နေပူရာအရပ်၌ မီးလောင်ခံကြရသကဲ့သို့ ထိုရောက်ရာအရပ်ဝယ် မြေ၌ ပုတ်ခတ်အပ်ကုန်သကဲ့သို့ လဲကျကြရကုန်၏။

၃၉၅။ ရှေးဘ၀က ယုတ်မာသော သဘောရှိကုန်သော ငါတို့သည် အမျိုးသူငယ်တို့၏ အမိ အိမ်ရှင်မတို့ပါတည်း၊ လှူဖွယ်ဝတ္ထုတို့ရှိကုန်လျက် မိမိ၏ မှီခိုရာကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမူကို မပြုခဲ့မိကြကုန်။

၃၉၆။ ထမင်းအဖျော်သည် များပင်များသော်လည်း စင်စစ် စွန့်ပစ်လိုက်ပါ၏၊ ညီညွတ်စွာကျင့်သော အရှင်ရဟန်းတို့ ထင်စွာရှိကြပါကုန်လျက် ထိုရှင်ရဟန်းတို့အား တစုံတခုကိုမျှ မပေးလှူခဲ့ကြပါကုန်။

၃၉၇။ ငါတို့သည် သူတော်ကောင်းတို့ မပြုသင့် မပြုထိုက်သော အကုသိုလ်ကိုသာ ပြုလိုကြကုန်၏၊ ကုသိုလ်ပြုမူ၌ နှောင့်နှေး ပျင်းရိကြကုန်၏၊ ချိုမြိန် ကောင်းမြတ်သော ၀တ္ထုကိုသာ မြတ်နိုးကြကုန်၏၊ အစားကြီးကြပါကုန်၏၊ တလုတ်စာမျှသော ဘောဇဉ်ကို ပေးလှူသူတို့ကို၎င်း အလှူခံတို့ကို၎င်း ဆဲရေး ကြိမ်းမောင်းတတ်ကြကုန်၏။

၃၉၈။ (ငါတို့၏) ထိုအိမ်တို့သည်၎င်း ထိုကျွန်မတို့သည်၎င်း ထိုတန်ဆာတို့သည်၎င်း ငါတို့အား မကပ်ရောက်တော့ကုန်၊ အခြားသူတို့သည်သာ ထိုအိမ်စသည်တို့ကို သုံးဆောင်ကုန်၏၊ ငါတို့သည်ကား (ကုသိုလ်ပြုရမည်ကို မသိမူ၍ ယခုအခါ) ဆင်းရဲခြင်း၏ အဘို့ရှိကုန်၏။

၃၉၉။ (ထိုပြိတ္တာတို့သည် လူဖြစ်လာကြကုန်သော်) အယုတ်အားဖြင့် သိမှတ်အပ်ကုန်သော နှီးရွေထရံရက်သမားတို့သည်၎င်း သားရေနယ်သမားတို့ကို၎င်း အဆွေပြစ်မှား မိတ်ဖျက်သမားတို့သည်၎င်း စဏ္ဍာလတို့သည်၎င်း ဆင်းရဲနွမ်းပါး သူတောင်းစားတို့သည်၎င်း ဆတ္တာသည်တို့သည်၎င်း အဖန်တလဲလဲ ဖြစ်ကြရကုန်၏။

၄၀၀။ အကြင်အကြင် အမျိုးတို့သည် ယုတ်ညံ့ကုန်၏၊ ဆင်းရဲ နွမ်းပါးကုန်၏၊ ထိုထို အမျိုးတို့၌သာလျှင် ဖြစ်ရကုန်၏၊ ဤသည်ကား ၀န်တိုမူ “မစ္ဆရိယ”ရှိသူ၏ လားရာ “ဂတိ”ပင်တည်း။

၄၀၁။ အကြင်သူတို့သည်ကား ရှေးဘ၀၌ ကုသိုလ်ကောင်းမူကို ပြုကြဘူးကုန်၏၊ ပေးလှူတတ်ကုန်၏၊ ၀န်တိုမူ “မစ္ဆရိယ” ကင်းကုန်၏၊ ထိုသူတို့သည် နတ်ပြည်လောကကို ပြည့်စေကုန်၏၊ နန္ဒ၀န် ဥယျာသ်ကိုလည်း ထွန်းလင်း တောက်ပစေကုန်၏။

၄၀၂။ အလိုရှိအပ်သော ကာမတို့၌ အလိုရှိတိုင်း သုံးဆောင်ခံစားကြကုန်သော ထိုသူတို့သည် ဝေဇယန္တာပြာသာဒ်၌ ပျော်ပါးကြပြီး၍ ထိုနတ်ပြည်မှ စုတေသော် စည်းစိမ်ဥစ္စာရှိသော မြင့်မြတ်သော အမျိုးတို့၌ ဖြစ်ကြရကုန်၏။

၄၀၃။ စုလစ်မွန်းချွန် အထွတ်တပ်သော ပြာသာဒ်ဆောင်၌၎င်း မွေးရှည်ကော်ဇော် ခင်းထားအပ်သော ပလ္လင်၌၎င်း လက်၌စွဲကိုင်သော ဥဒေါင်းမြီးစည်းယပ်တို့ဖြင့် ယပ်လေခတ်ကုန်လျက် အခြံအရံများသည်ဖြစ်၍ မြတ်သော အမျိုး၌ ဖြစ်ကြရကုန်၏။

၄၀၄။ သူငယ်ဘ၀၌လည်း ရင်ခွင်တခုမှ ရင်ခွင်တခုသို့ ရောက်ကုန်၏၊ ပန်းပန်လျက် အဆင်တန်ဆာ ဆင်မြန်းကုန်သော အထိန်းအယတို့သည် ညနံနက်တိုင်း ချမ်းသာကို ရှာမှီးကြကုန်လျက် ပြုစုလုပ်ကျွေးကြကုန်၏။

၄၀၅။ ပူဆွေးမူ “သောက” မရှိသော နှစ်သက်ဖွယ်ရှိသော မွေ့လျော်ဖွယ်ကောင်းသော တာဝတိံသာနတ်တို့၏ ဤဥယျာဉ်ကြီးသည် မကောင်းမူ ပြုသူတို့အတွက် ဖြစ်သည်မဟုတ်၊ ကောင်းမူ ပြုပြီးသူတို့ အတွက်သာလျှင် ဖြစ်၏။

၄၀၆။ မကောင်းမူကို ပြုပြီးသူတို့အား ချမ်းသာသုခသည် ဤလောက၌လည်း မရှိ၊ တမလွန်လောက၌လည်း မရှိ၊ ကောင်းမူပြုပြီးသူတို့အားသာလျှင် ချမ်းသာသုခသည် ဤလောက၌လည်း ဖြစ်၏၊ တမလွန်လောက၌လည်း ဖြစ်၏။

၄၀၇။ ထိုနတ်တို့၏ အပေါင်းအဖော် အသင်းဝင်ဖြစ်လိုသူတို့သည် ကုသိုလ်ကောင်းမူကို များစွာပြုအပ်၏၊ ကောင်းမူပြုပြီးသူတို့သည်သာ နတ်ပြည်၌ စည်းစိမ်နှင့် ပြည့်စုံကုန်သည်ဖြစ်၍ ၀မ်းမြောက်ကြရကုန်၏။

ရှေးဦးစွာသော အဘိဇ္ဇမာနပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


No comments:

Post a Comment