Tuesday, 11 October 2011

၇ - ရာဇပုတ္တပေတ၀တ္ထု

၇၅၃။ ရှေးဘ၀ကပြုခဲ့သော ကံတို့၏အကျိုးသည် နှလုံးမွေ့လျော်ဖွယ်ရှိသော ရူပါရုံ သဒ္ဒါရုံ ရသာရုံ ဂန္ဓာရုံ ဖောဋ္ဌဗ္ဗာရုံဟူသော အကြောင်းကြောင့် (ပစ္စုပ္ပန်) ကောင်းကျိုးကို မမြင်နိုင်သော လူမိုက်တို့၏ စိတ်ကို နှိပ်စက်ရာ၏။

၇၅၄။ (ကိတ၀မင်း၏ သားသည်) ကခြင်းကို၎င်း သီခြင်းကို၎င်း ကာမဖြင့် မွေ့လျော်ခြင်းကို၎င်း အပေါင်းအဖော်စသည်တို့နှင့် ရွှင်မြူးခြင်းကို၎င်း ဤသို့ များစွာသော စည်းစိမ်ချမ်းသာကို ခံစား၍ ဥယျာဉ် စမ္ပာယ်ပြီးလျှင် ရာဇဂြိုဟ်ပြည်သို့ ၀င်လာသည်ရှိသော် -

၇၅၅။ မိမိစိတ်ကို ဆုံးမပြီးသော အရဟတ္တဖိုလ်သမာဓိဖြင့် တည်ကြည်သော အလိုနည်း၍ ရှက်ခြင်းနှင့် ပြည့်စုံသော ဆွမ်းခံသဖြင့် ရအပ်သော သပိတ်အတွင်းသို့ ရောက်သော ဆွမ်း၌သာ နှစ်သိမ့် ရောင့်ရဲသော သုနေတ္တပစ္စေကဗုဒ္ဓါကို မြင်လေပြီ။

၇၅၆။ (ထိုအခါ) ထိုမင်းသားသည် ဆင်၏ ကျောက်ကုန်းမှ သက်ဆင်း၍ အရှင်ဘုရား ဆွမ်းရခဲ့ပါပြီလောဟု ပြောဆိုမေးမြန်းပြီးလျှင် ထိုပစ္စေကဗုဒ္ဓါ၏ သပိတ်ကို ယူလျက် အလွန်မြင့်စွာ မြှောက်၍ -

၇၅၇။ မာကြော ကြမ်းတမ်းသော အရပ်၌သပိတ်ကို ပစ်ခွဲ၍ ရယ်မောကာ ဖဲသွားပြီးလျှင် ငါသည် ကိတ၀မင်း၏ သားတည်း၊ သင်သည် ငါ့ကို ကြည်သော်လည်း အဘယ်သို့ ပြုနိုင်လတ္တံ့နည်းဟု ဆို၏။

၇၅၈။ ကြမ်းကြုတ်သော ထိုအကုသိုလ်ကံ၏ အကြင်အကျိုးကို မင်းသားသည် အ၀ီစီငရဲ၌ ကျရောက်သက်ဝင်လျက် ခံစားရ၏၊ ထိုအကျိုးသည် အလွန် စပ်ရှား ဆင်းရဲလှ၏။

၇၅၉။ ပြုအပ်ပြီးသော မကောင်းမူရှိသော ထိုမင်းသားသည် အနှစ်ရှစ်သောင်း လေးထောင်တို့ပတ်လုံး ခြောက်ကြိမ်တိုင်တိုင်ဖြစ်၍ နှစ်ပေါင်းများစွာတို့ ပတ်လုံးပင် အ၀ီစိငရဲ၌ ပြင်းထန်သော ဆင်းရဲသို့ ရောက်ရလေပြီ။

၇၆၀။ ပက်လက်လည်း ကျက်ခဲ့ရ၏၊ မှောက်ခုံလည်း ကျက်ခဲ့ရ၏၊ လက်ဝဲ လက်ျား ပြန်လျက်လည်း ကျက်ခဲ့ရ၏၊ ခြေမိုးမျှော် (ဦးခေါင်းစောက်ထိုး)လည်း ကျက်ခဲ့ရ၏၊ မတ်တတ်ရပ်လျက်လည်း ကျက်ခဲ့ရ၏၊ ဤသို့ မိုက်လှစွာသော ထိုမင်းသားသည် ကြာမြင့်စွာ ကျက်ခဲ့ရ၏။

၇၆၁။ ပြုအပ်ပြီးသော မကောင်းမူရှိသော ထိုမင်းသားသည် များစွာသော နှစ်အထောင်တို့ပတ်လုံး၎င်း များစွာသော နှစ်တို့၏အပေါင်ဖြစ်သော နှစ်အသောင်းတို့ပတ်လုံး၎င်း အ၀ီစီငရဲ၌ ပြင်းထန်သော ဆင်းရဲဒုက္ခသို့ ရောက်ရလေပြီ။

၇၆၂။ မပြစ်မှားထိုက်သော အပြစ်မရှိသည်ဖြစ်၍ ကောင်းသော အကျင့်ရှိသော ပစ္စေကဗုဒ္ဓါကို ထိခိုက်ပစ်မှား၍ ကောင်းမူပြုသူတို့သည် ဤသို့ သဘောရှိသော လွန်ကဲသော ဆင်းရဲကို ခံစားရကုန်၏။

၇၆၃။ ထိုမင်းသားသည် ထိုအ၀ီစိငရဲ၌ များစွာသော နှစ်လတို့ပတ်လုံး များစွာသော ဆင်းရဲ့ကို ခံစားပြီး၍ ထိုအ၀ီစိငရဲမှ စုတေခဲ့သော် ဆာလောင်မွတ်သိပ်ခြင်း ပြင်းစွာ နှိပ်စက်အပ်သောကြောင့် ခုပ္ပိပါသဟတအမည်ရသော ပြိတ္တာ ဖြစ်ရပါ၏။

၇၆၄။ (ပညာရှိသည်) အစိုးရခြင်းကိုမှီ၍ မာန်ယစ်ခြင်းကြောင့်ဖြစ်သော ဤအပြစ်ကို သိ၍ အစိုးရခြင်းကိုမှီ၍ မာန်ယစ်ခြင်းကို ပယ်စွန့်ပြီးလျှင် နှိမ့်ချခြင်းပြုကာ လျောက်ပတ်စွာ ကျင့်ရာ၏။

၇၆၅။ မြတ်စွာဘုရားတို့၌ ရိုသေသော ပညာရှိသော သူသည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင် ချီးမွမ်းထိုက်၏၊ ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည့်နောက်၌ နတ်ပြည်၌ ဖြစ်ရ၏။

ခုနှစ်ခုမြောက်သော ရာဇပုတ္တပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment