၇၄၆။ ဟိမ၀န္တာ၏ နံဘေး၌ သာဝတ္ထိမည်သော မြို့သည် ရှိ၏၊ ထိုမြို့၌ မင်းသားဖြစ်ကုန်သော သူငယ်နှစ်ယောက်တို့ ရှိကုန်၏ ဟူ၍ ငါကြားဘူး၏။
၇၄၇။ ထိုမင်းသားနှစ်ယောက်တို့သည် တပ်မက်ဖွယ် ကာမဂုဏ်တို့၌ အလွန်ယစ်မူး မေ့လျော့ကြလျက် ကာမတို့၌ သာယာသည်၏အစွမ်းဖြင့် အလွန်နှစ်သက်သော အလေ့ရှိကုန်ရကား ပစ္စုပ္ပန်ချမ်းသာ၌ မက်မောကုန်သည်ဖြစ်၍ နောင်အခါ ရအပ်သော အနာဂတ်ချမ်းသာကို မမြင်နိုင်ကြကုန်။
၇၄၈။ ထိုမင်သားတို့သည် ဤလူ့အဖြစ်မှ စုတေကုန်၍သာလျှင် လူ့ပြည်မှတပါးသော ပြိတ္တာဘုံသို့ ရောက်ကြရကုန်၏၊ ထိုမင်းသားပြိတ္တာတို့သည် ဤသာဝတ္ထိပြည်၏ အနီးအရပ်၌ ရုပ်အသွင်ကို မပြကြကုန်ဘဲ ရှေးဘ၀က မိမိ၏ မကောင်းမူအကျိုးကို (ယခုအခါ ငါတို့သာ ခံစားကြရကုန်၏ ဟု) မြည်တမ်းကြကုန်၏။
၇၄၉။ ငါတို့သည် (ရှေးဘ၀က) များစွာသော အလှူခံပုဂ္ဂိုလ်တို့ ရှိပါကုန်လျက် လှူဖွယ်ဝတ္ထုတို့ကို ရအပ်ပါကုန်လျက် နောင်အခါ ချမ်းသာကို ရွက်ဆောင်တတ်သော အနည်းငယ်သော ကုသိုလ်ကံကိုမျှလည်း မိမိကိုယ်ကို ပြုလုပ်စေရန် မတတ်နိုင်ခဲ့ကြကုန်။
၇၅၀။ အကြင် မကောင်းမူကြောင့် ငါတို့သည် မင်းမျိုးမှ စုတေ၍ ပြိတ္တာဘုံ၌ ဖြစ်ကြရကုန်၏၊ ဆာလောင် မွတ်သိပ်ခြင်းဖြင့် အနှိပ်စက်ခံရကုန်လျက် လှည့်လည် သွားလာကြရကုန်၏၊ ထိုမကောင်းမူထက် ယုတ်ညံ့သော မကောင်းမူမျိုးသည် အဘယ်မှာ ရှိနိုင်တော့အံ့နည်း။
၇၅၁။ ဤလောက၀ယ် အကြင်အရပ်၌ အရှင်သခင်ဖြစ်ကြကုန်၍ လှည့်လည် သွားလာရဘူးကုန်၏၊ ထိုအရပ်၌ပင် တမလွန်ဘ၀၀ယ် အရှင်သခင်တို့ မဟုတ်ကြတော့ကုန်၊ လူဖြစ်စဉ်က အထက်တန်းကျ၍ တမလွန်ဘ၀၀ယ် အောက်တန်းကျကုန်လျက် ဆာလောင်မွတ်သိပ်ခြင်းဖြင့် တုန်လူပ်ကြရကုန်၏။
၇၅၂။ အကြင်သတ္တ၀ါသည် အစိုးရခြင်းကိုမှီ၍ မာန်ယစ်ခြင်းကြောင့်ဖြစ်သော ပြိတ္တာဖြစ်ရခြင်ူးသော ဤအဖြစ်ကို သိသည်ရှိသော် အစိုးရခြင်းကိုမှီ၍ မာန်ယစ်ခြင်းကို ပယ်စွန့်ပြီးလျှင် (ကုသိုလ်ကောင်းမူ၌ လေ့လာအားထုတ်၍) နတ်ပြည်သို့ လားရာ၏၊ ပညာရှိသော ထိုသတ္တ၀ါသည် ကိုယ်ခန္ဓာပျက်သည်မှနောက်၌ နတ်ပြည်၌ ဖြစ်ရ၏။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment