Wednesday, 5 October 2011

၈ - ဒုတိယမိဂလုဒ္ဒကပေတ၀တ္ထု

၄၈၈။ (သင်သည် ညဉ့်အခါဝယ်) စုလစ်မွန်ချွန် အထတ်တပ်သော ပြာသာဒ်ဆောင်၌၎င်း မွေးရှည်ကော်ဇော ခင်းအပ်သော အိပ်ရာပလ္လင်၌၎င်း အင်္ဂါငါးပါးရှိသော တူရိယာဖြင့် ကောင်းစွာတီးမူတ်အပ်သော သဘင်၌၎င်း မွေ့လျော်စံပျော် နေရဘိ၏။

၄၈၉။ ထိုညဉ့်အခါကုန်ဆုံး၍ နေထွက်သောအခါ၌ သုသာန်သို့ ၀င်လျက် များစွာသော ဆင်းရဲကို ခံရ၏။

၄၉၀။ သင်သည် ကိုယ်ဖြင့်၎င်း နူတ်ဖြင့်၎င်း စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကံကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် ဤဆင်းရဲကို ခံရသနည်းဟု (အသျှင်နာရဒက မေး၏)။

၄၉၁။ အကျွန်ုပ်သည် ရှေးအခါက ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့် ကာရံသော ရာဇဂြိုဟ်မြို့၌ ကြမ်းကြုတ်သူ ကိုယ်နူတ်ကို မစောင့်စည်းသူ သားသတ်မုဆိုး ဖြစ်ခဲ့ပါ၏။

၄၉၂။ ထိုအကျွန်ုပ်၏ သူငယ်ချင်းသည် ကောင်းသော စိတ်နှလုံးရှိပါ၏၊ ယုံကြည်မူ “သဒ္ဓါ” ရှိသူ ဖြစ်ပါ၏၊ ရတနာသုံးပါးကို ဆည်းကပ်တတ်သူ ဖြစ်ပါ၏၊ ထိုသူငယ်ချင်း၏ အိမ်သို့ ကပ်ရောက်သော ရဟန်း ဂေါတမ မြတ်စွာဘုရား၏ တပည့်ဖြစ်ပါ၏၊ ထိုရဟန်းသည်လည်း အကျွန်ုပ်ကို အစဉ်သနားသည်ဖြစ်၍ မကောင်းမူမှ အဖန်ဖန် တားမြစ်၏။

၄၉၃။ ဒါယကာ မကောင်းသော ကံကို မပြုလင့်၊ မကောင်းသော လားရာ “ဒုဂ္ဂတိ”သို့ မသွားလင့်၊ တမလွန်ဘ၀၌ ချမ်းသာကို အလိုရှိခဲ့မူ မစောင့်စည်းမူ ဖြစ်သော အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါလော့ (ဟု တားမြစ်၏)။

၄၉၄။ အကျွန်ုပ်သည် ချမ်းသာကို လိုလားသော အစီးအပွါးဖြင့် အစဉ်စောင့်ရှောက်သော ထိုရဟန်း၏ စကားကို ကြားနာရပါလျက်လည်း ကြာမြင့်စွာသော ကာလပတ်လုံး မကောင်းမူ၌ အလွန်မွေ့လျော်ကာ အသိဉာဏ်မရှိသည်ဖြစ်၍ ထိုရဟန်း၏ အဆုံးအမအားလုံးကို မလိုက်နာ မပြုကျင့်ခဲ့မိပါ။

၄၉၅။ မြေကြီးအထူနှင့် တူသော ကောင်းသော ပညာရှိသော ထိုရဟန်းသည် အကယ်၍ သင်သည် နေ့အခါ၌ သတ္တ၀ါတို့ကို သတ်ခဲ့မူ ညဉ့်အခါ၌ သင့်အား စောင့်စည်းမူ ဖြစ်ပါစေလော့ဟု အကျွန်ုပ်ကို အစဉ်သနားသဖြင့် စောင့်စည်းမူ၌ နောက်ထပ် တဖန် သက်ဝင်စေ၏။

၄၉၆။ ထိုအကျွန်ုပ်သည် သတ္တ၀ါတို့ကို နေ့အခါ၌ သတ်၍ ညဉ့်အခါ၌(သတ်ခြင်းမှ) ရှောင်ကြဉ်စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် ညဉ့်အခါ၌ မွေ့လျော် ခံစားရပါ၏၊ နေ့အခါ၌မူ ဆင်းရဲသို့ ရောက်သည်ဖြစ်၍ ခွေးစားခံရပါ၏။

၄၉၇။ အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် ညဉ့်အခါ၌ နတ်စည်းစိမ်ကို ခံစားရပါ၏၊ နေ့အခါ၌မူ ခွေးတို့သည် ရန်ငြိုးဖွဲ့သော စိတ်ရှိကုန်သကဲ့သို့ ဖြစ်၍သာလျှင် ခဲစားရန် ထက်ဝန်းကျင်မှ ပြေးလာကြပါကုန်၏။

၄၉၈။ အကြင်သူတို့သည်ကား မြတ်စွာဘုရား သာသနာတော်၌ အဓိသီလစသည်တို့ကို အမြဲယှဉ်ကုန်သည်ဖြစ်၍ မပြတ် အားထုတ်ခြင်းရှိကုန်၏၊ ထိုသူတို့သည် လောကီချမ်းသာနှင့် မဖက် သက်သက်အကြောင်းတရားကို မပြုပြင်အပ်သော သေခြင်းကင်းသော နိဗ္ဗာန်ကိုသာလျှင် ရကုန်၏ဟု ထင်မှတ်ပါ၏ (ဟု ဖြေကြား လျှောက်ထား၏)။

ရှစ်ခုမြောက်သော ဒုတိယမိဂလုဒ္ဒကပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


1 comment:

  1. မသိသေးတာတွေသိသွားပါတယ်နော်

    ReplyDelete