Wednesday, 5 October 2011

၉ - ကူဋ၀ိနိစ္ဆယိကပေတ၀တ္ထု

၄၉၉။ (ယောက်ျား) သင်သည် နတ်ပန်းကို ပန်ဆင်လျက် ဦးရစ်ပေါင်းကာ လက်ကောက်စသော လက်ဝတ်တန်ဆာရှိသူ ဖြစ်ပေ၏၊ သင်၏ ကိုယ်ကို စန္ဒကူးနံ့သာဖြင့် လိမ်းကျံလျက် ကြည်လင်သော မျက်နှာအဆင်းရှိသူ တက်သစ်စနေ၏ အဆင်းကဲ့သို့ တင့်တယ်သူ ဖြစ်ဘိ၏။

၅၀၀။ (ယောက်ျား) သင်၏ ပရိသတ်၌ အကျုံးဝင်ကုန်သော သင်၏ ဤအခြွေအရံနတ်တို့သည်၎င်း သင်၏ တသောင်းသော အခြွေအရံ နတ်သမီးတို့သည်၎င်း ခရုသင်း လက်ကောက် လက်ကြပ်တန်ဆာကို ၀တ်ဆင်ကြကုန်၏၊ ရွှေနားသွယ်ပန်းကိုလည်း ထူးဆန်းစွာ ပန်ဆင်ကြကုန်၏။

၅၀၁။ သင်သည် ကြီးသော အာနုဘော်ရှိ၏၊ ကြက်သီးမွေးညင်းထလောက်အောင် အဆင်းသဏ္ဌာန် ရှိပါပေ၏၊ (သို့ပါသော်လည်း) မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင်ဖြတ်၍ ခဲစားနေရဘိ၏။

၅၀၂။ သင်သည် ကိုယ်ဖြင့်၎င်း စိတ်ဖြင့်၎င်း အဘယ်မကောင်းမူကို ပြုခဲ့သနည်း၊ အဘယ်ကံ၏ အကျိုးကြောင့် မိမိ၏ ကျောက်ကုန်းသားတို့ကို ကိုယ်တိုင် ဖြတ်၍ ခဲစားဘိသနည်း (ဟု အသျှင်နာရဒက မေး၏)။

၅၀၃။ အရှင်ဘုရား အကျွန်ုပ်သည် သက်ရှိလောက၌ မိမိ၏ အကျိုးမဲ့ ဖြစ်ရန် ကုန်းတိုက်စကား မုသားစကားဖြင့်၎င်း ကောက်ကျစ်စဉ်းလဲခြင်း လှည့်ပတ်ခြင်းဖြင့်၎င်း ပြုကျင့်ခဲ့မိ၏။

၅၀၄။ ထိုတရားစီရင်ရာအရပ်၌ အကျွန်ုပ်သည် ပရိသတ်လယ်သို့ ရောက်၍ အမှန်ဆိုရမည့်အခါ ကြုံကြိုက်ဖြစ်ပေါ်လာသည်ရှိသော် အကျိုးအကြောင်းကို စွန့်ပစ်၍ အဓမ္မသို့ အစဉ်လိုက်ခဲ့မိပါ၏။

၅၀၅။ အကြင်သူသည် ကျောက်ကုန်းသားကို ခဲစားသည်နှင့်တူစွာ ချောပစ်ကုန်းတိုက် မုသားပြောဆိုတတ်၏၊ အကျွန်ုပ်သည် ယနေ့ မိမိကျောက်ကုန်းသားကို ခဲစားရသကဲ့သို့ ထို့အတူ ချောပစ်ကုန်းတိုက် မုသားပြောဆိုတတ်သော ထိုသူသည် မိမိကျောက်ကုန်းသားကို ခဲစားရ၏။

၅၀၆။ အသျှင်နာရ၏ ဤအကျွန်ုပ်၏ ရုပ်အဆင်းကို အရှင်ဘုရားကိုယ်တိုင် မြင်ရပါပြီ၊ သနားစောင့်ရှောက်တတ်ကုန်သော (သူတပါးအကျိုးကို ကျင့်ခြင်း၌) လိမ်မာကုန်ုသော ဘုရားစသော သူတော်ကောင်းတို့ ဆိုဆုံးမသော “သင်သည် ကုန်းတိုက်သော စကားကို မပြောဆိုလင့်၊ မုသားမပြောဆိုလင့်၊ (အကျွန်ုပ်ကဲ့သို့) မိမိကျောက်ကုန်းသားကို စားရသည် မဖြစ်စေလင့်”ဟူသော စကားမျိုးကိုသာ (အကျွန်ုပ်) ပြောဟောလိုပါ၏ (ဟု ပြိတ္တာက လျှောက်၏)။

ကိုးခုမြောက်သော ကူဋ၀ိနိစ္ဆယိကပေတ၀တ္ထု ပြီး၏။


မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။


No comments:

Post a Comment