တိဘက်နိုင်ငံတွင် ဗုဒ္ဓဘာသာမရောက်မီက တိဘက်လူမျိုးများသည် “ဘွန်း” ဘာသာကို ကိုးကွယ်ခဲ့ကြသည်၊ ဘွန်းဘာသာဆိုသည်မှာ တော၊ တောင်၊ မြစ်၊ ချောင်း၊ အင်းအိုင်းများနှင့် တောစောင့်နတ်၊ တောင်စောင့်နတ် စသည်တို့ကို ကိုးကွယ်ခြင်း၊ စုန်းကဝေ၊ မှော်ဆရာ၊ ပျောက်စေဆရာ တို့ကို ကိုးကွယ်ခြင်းဖြစ်၏။
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းတစ်ထောင်ခန့်၊ ခရစ်နှစ် ၅-ရာစုလောက်တွင် အိန္ဒိယပြည်မှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများယူဆောင်လာ၍ တိဘက်နိုင်ငံသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိလာသည်ဟု ဆိုကြသည်။ သို့သော် ခိုင်လုံသော မှတ်တမ်းနှင့် အထောက်အထားကား မရှိချေ။
ခရစ်နှစ် ၇-ရာစု (သာသနာ ၁၂၀၀) လောက်တွင်နန်းစံသော တိဘက်ဘုရင် စုန်စင်ဂမ်ပို လက်ထက်၌မူ တိဘက်သို့ ဗုဒ္ဓသာသနာ ရောက်ရှိခဲ့ကြောင်းကိုမူ ခိုင်လုံသော အထောက်အထားများဖြင့် သိရှိရ၏။
စုန်စင်ဂမ်ပိုသည် လက်ရုံးရည် နှလုံးရည် နှစ်မျိုးလုံးနှင့် ပြည့်ဝသော ဘုရင်ဖြစ်၏။ ထို့ကြောင့် တရုတ်ဧကရာဇ် တိုင်စုန်(Tai Sung) က သမီးတော် ၀မ်ချင်ကိုလည်းကောင်း၊ နီပေါဘုရင် အံသုဝါမန်(Amsuvarman)က သမီးတော် ဘရုကုတီကိုလည်းကောင်း၊ ဘုရင်ဂမ်ပိုထံ ဆက်သ၍ တိဘက်နိုင်ငံနှင့် ရွှေလမ်း ငွေလမ်း ဖောက်ခဲ့ကြသည်။ ထိုအချိန်တွင် ထိုနှစ်နိုင်ငံလုံး၌ ဗုဒ္ဓသာသနာ ပြန့်ပွားနေပြီဖြစ်လေရာ မင်းသမီးနှစ်ပါးလုံးသည် မိမိတို့ကိုးကွယ်ရန် အက္ခောဘ ဘုရားလောင်းရုပ်ထု၊ အရိမေတ္တေယျ ဘုရားလောင်း ရုပ်ထုနှင့် သကျမုနိ ဆင်းတုတော်များကို ယူဆောင်လာခဲ့ကြသည်။ ဤအချက်မှာ တိဘက်နိုင်ငံ၌ ဗုဒ္ဓသာသနာ ပြန့်ပွားခြင်း အကြောင်းရင်း တစ်ရပ်ဖြစ်ပေသည်။
ဘုရင်စုင်စင်ဂမ်ပိုသည် ပညာရှင်(၁၇)ဦး ပါဝင်သော အဖွဲ့ကို အိန္ဒယသို့ စေလွှတ်၍ အက္ခရာ အရေးအသားနှင့် ဘာသာစာပေတို့ကို လေ့လာတီထွင်ခဲ့သည်။ ထိုအဖွဲ့သည် မဟာယာန ဗုဒ္ဓဘာသာကျမ်းတစ်ကျမ်းကိုလည်း တိဘက်ဘာသာဖြင့် ပြန်ဆို၍ ယူဆောင်ခဲ့သည်။ ထို့နောက် မှတ်သားဖွယ်ကောင်းသည့် အချက်တစ်ချက်မှာ ဘုရင်ဂမ်ပိုက ဗုဒ္ဓဘာသာ တရားတော်မှ သုစရိုက်တရားဆယ်ပါးကို အခြေခံလျက် နိုင်ငံတော်၏ ဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းခဲ့သည်။ လာဆာမြို့တော်တွင် ပိုတလာနန်းတော်နှင့် ရာမိုချေ(Ramoche) ကျောင်းတော်တို့ကိုလည်း တည်ဆောက်ခဲ့သည်။
ဘုရင်စုန်စင်ဂမ်ပိုအနေဖြင့် ဗုဒ္ဓဘာသာထွန်းကားရေးကို အစွမ်းကုန် အားထုတ်ခဲ့သော်လည်း အစွဲကြီးသော ဘွန်းဘာသာဝင်တို့၏ ဆန့်ကျင်တိုက်ခိုက်မူကြောင့် တိဘက်၌ ဗုဒ္ဓဘာသာသည် နှစ်ပေါင်း သုံးရာကျော်လောက်မှသာလျှင် အမြစ်တွယ်နိုင်ခဲ့လေသည်။
ဘုရင်စုန်စင်ဂမ်ပို၏ နောက် ငါးဆယ်မြောက်ဖြစ်သော ဘုရင် ခရီစုန်ဒေစင်လက်ထက်တွင် အိန္ဒိယပြည် နာလန္ဒတက္ကသိုလ်မှ ကျောင်းအုပ်ဆရာတော် သန္တရက္ခိတကို တိဘက်သို့ပင့်၍ သာသနာပြုစေခဲ့သည်။ ထို့နောက် တန္တရ၀ါဒ၌ တစ်ဘက်ကမ်းခတ် တတ်မြောက်သော ပဒုမသမ္ဘ၀ မထေရ်သည်လည်း တိဘက်သို့ ကြွလာပြီး သာသနာပြုလေရာ စုန်း၊ နတ်၊ ကဝေများကို နှိပ်နှင်းလျက် များစွာ အောင်မြင်မူ ရရှိခဲ့သည်။ ထိုအချိန်မှစ၍ တိဘက်၌ မဟာယာန၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော တန္တရဗုဒ္ဓဘာသာ ပြန့်ပွားခဲ့သည်။ ဤ တန္တရဂိုဏ်းကို မန္တရဂိုဏ်း၊ ၀ဇီရယာနဂိုဏ်း ဟုလည်း ခေါ်ပါသည်။
ဘုရင်ခရီဒေစုန်စင်၏ သားတော်ကြီး လန်ဒါမားလက်ထက်၌ ဗုဒ္ဓဘာသာကို နှိပ်ကွပ်ခြင်း ပြုခဲ့သော်လည်း နောက်ပိုင်းတွင် နန်းတက်သော ဘုရင်များကား ဗုဒ္ဓဘာသာကို အားပေးသော ဘုရင်များသော ဖြစ်ခဲ့ကြသည်။ ခရစ်နှစ် ၁၁-ရာစုတွင် အိန္ဒိယပြည် ၀ိက္ကမသီလ တက္ကသိုလ် ကျောင်းအုပ်ဆရာတော် ဒီပင်္ကရသီရိဉာဏကို တိဘက်သို့ ပင့်၍ သာသနာပြုစေခဲ့ရာ ထူးခြားစွာ အောင်မြင်မူရရှိခဲ့သည်။ ထိုဆရာတော်ကို တိဘက်တို့က အလွန်ရိုသေလေးစားကြပြီး “အာစရိယ အတိဆာ” ဟု ခေါ်ကြလေသည်။
နောက်ပိုင်းခေတ်များတွင် တိဘက်တို့ ကိုးကွယ်သော တန္တရဂိုဏ်းမှ ဂိုဏ်းကြီး (၅)ဂိုဏ်း ကွဲထွက်ခဲ့သည်။ ၎င်းတို့မှာ -
(၁) ငြင်မ ဂိုဏ်း
(၂) ကဂျု ဂိုဏ်း
(၃) သကျ ဂိုဏ်း
(၄) ကဒမ် ဂိုဏ်း
(၅) ဂေလု ဂိုဏ်း တို့ ဖြစ်လေသည်။
အထက်ပါ ဂိုဏ်း(၅)ဂိုဏ်းအနက် ဂေလုဂိုဏ်းသည် နိုင်ငံရေး သြဇာရှိ၍ အရေးအပါဆုံး ဂိုဏ်းဖြစ်သည်။ ခရစ် ၁၇-ရာစုတွင် တိဘက်ဘုရင် စမ္ပကို မွန်ဂိုဘုရင်ဝုသီရိခန်က နန်းချ၍ ဂေလုဂိုဏ်းမှ ပဉ္စမမြောက် ဒလိုင်လာမာကို နန်းတင်ခဲ့ရာ ထိုအချိန်မှစ၍ တိဘက်နိုင်ငံ၌ ဒလိုင်လာမာဟုခေါ်သော ရဟန်းမင်းကြီး အဆက်ဆက်တို့က အုပ်ချုပ်ခဲ့ကြလေသည်။ တိဘက်ဘုန်းကြီးများကို လာမာဟုခေါ်သည်။ မြင့်မြတ်သူဟု အဓိပ္ပာယ်ရ၏။ ၁၉၅၉-ခုနှစ်တွင် တရုတ်တို့ ၀င်ရောက်လာသဖြင့် အိန္ဒိယသို့ တိမ်းရှောင်သွားရသော ဒလိုင်လာမာမှာ (၁၄)ဆက်မြောက် ဒလိုင်လာမာ ဖြစ်လေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment