Wednesday, 9 November 2011

ထေရ၀ါဒနှင့် မဟာယာန


မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် နှစ်ပေါင်းတရာသို့ အရောက်တွင် ဝေသာလီပြည်မှ ၀ဇ္ဇီပုတ္တက ရဟန်းတို့၏ ဓမ္မ၀ိနယနှင့် ဆန့်ကျင်သော အဓမ္မ၀တ္တု ဆယ်ပါးကို ကျင့်သုံးခဲ့ကြခြင်းကြောင့် ရှင်မဟာယသ အမှူးရှိသော ရဟန္တာခုနှစ်ရာတို့ ဒုတိယသံဂါယနာ တင်ခဲ့ကြရသည်။ သို့သော် ၀ဇ္ဇီပုတ္တက ရဟန်းတို့သည် သံဂါယနာတင် မထေရ်တို့၏ အဆုံးအဖြတ်ကို မနာခံဘဲ “မဟာသံဃိက”ဟူသော အမည်ဖြင့် ဂိုဏ်းခွဲ၍ ထွက်ခဲ့ကြသည်။ ထိုမှ နောက်တွင် ၀ါဒစွဲ၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ စသော အကြောင်းများဖြင့် ဂိုဏ်းကွဲများ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့ကြရာ သံဃာ့ဂိုဏ်းပေါင်း (၁၈)ဂိုဏ်းအထိ ရှိလာလေသည်။

ရိုးရာဝါဒစွဲဆရာစွဲ ဒေသစွဲနှင့် လောကီအာရုံကာမဂုဏ်အစွဲကြီးသူများ မြင့်မြတ်သော မြတ်စွာဘုရားသာသနာဘောင်သို့ ၀င်ရောက်လာကြသောအခါ အကျင့်သိက္ခာပိုင်းတွင် ကျဉ်းကြပ်လာကြ၏၊ မြတ်စွာဘုရားသက်တော် ထင်ရှားရှိစဉ်ကပင် အမျိုးမျိုးစောဒကတက်ခဲ့ကြသည်။ မြတ်စွာဘုရားမရှိသည့်နောက်တွင် ဘုရားအမည်ကိုပင် အသုံးပြုကာ သုတ္တန်လက်သစ် တရားသစ်များ တီထွင်လာကြ၏။

သို့ရာတွင် အဆိုပါနောက်ပေါ် သံဃာ့ဂိုဏ်းများသည် အချိန်ကာလကြာမြင့်စွာ မတည်ခဲ့ကြချေ။ အချို့ဂိုဏ်းများသည် မကြာမီကွယ်ပျောက်သွားကြပြီး အချို့ကား တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း ပေါင်းစည်းသွားခဲ့ကြသည်။ ထို့ပြင် ဗြဟ္မဏ ၀ါဒခေါ် ဟိန္ဒူဝါ၏ ၀ါးမျိုခြင်းကိုလည်း များစွာ ခံကြရလေသည်။

မျက်မှောက်ခေတ်တွင် ဗုဒ္ဓဘာသာ၌ ထေရ၀ါဒနှင့် မဟာယာနအားဖြင့် အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရှိသည်ဟူ၍ ယေဘုယျအားဖြင့် အသိအမှတ်ပြုထားကြသည်။ ထိုတွင် ထေရ၀ါဒဟူသည် ရှင်မဟာကဿပ၊ ရှင်မဟာယသ အစရှိသော သံဂါယနာတင် မထေရ်မြတ်တို့ သတ်မှတ်ပြဋ္ဌာန်း မှတ်တမ်းတင်တော်မူခဲ့ကြသည် အစီအစဉ်အရ မြတ်စွာဘုရား၏ မူရင်းဟောကြား ဆုံးမချက်များအတိုင်း လိုက်နာနေသော ဂိုဏ်းဖြစ်၏။ မဟာယာနကား ထိုသမားရိုးကျထေရ၀ါဒအပေါ်၌ ဆန်းသစ်စေသာ အတွေးအမြင်များဖြင့် လိုချင်သလိုပုံသွင်း၍ ပြုပြင်ပြောင်းလဲထားသော ၀ါဒသစ်ဖြစ်လေသည်။ အထူးအားဖြင့် မဟာယာနဗုဒ္ဓဘာသာ၌ ဟိန္ဒူဝါဒ၏သြဇာ များစွာ လွှမ်းမိုးနေလေသည်။ တစ်နည်းအားဖြင့် ပြောမည်ဆိုလျှင် မဟာယာနသည် ဗုဒ္ဓဘာသာစစ်စစ်မဟုတ်၊ ဗုဒ္ဒဘာသာနှင့် ဟိန္ဒူဘာသာနှစ်မျိုး ပေါင်းစပ်ထားသည့်ပြင် သက်ဆိုင်ရာဒေသ နိုင်ငံလူမျိုးတို့၏ ဓလေ့ထုံးစံများနှင့်ပါ ရောမွှေထားသော ဘာသာဟူ၍သာ ဆိုရသည်။

မဟာယာနဗုဒ္ဓဘာသာသည် သာသနာတော် နှစ်ရှစ်ရာမှ တစ်ထောင်အတွင်း၌ စတင်ထင်ရှားလာခဲ့ပါသည်။ အမှန်အားဖြင့် မဟာယာနု၏ အခြေခံမျိုးစေ့မှာ ဒုတိယသံဂါယနာအပြီးတွင် ပေါ်ပေါက်ခဲ့သည့် မဟာသံဃိက စသော ဂိုဏ်းကွဲများပင် ဖြစ်သည်။ ထိုဂိုဏ်းကြီး (၁၈)ဂိုဏ်းတို့၏ အယူဝါဒများမှ ကောင်းနိုးသည်ဟု ထင်မြင်သော အချက်တို့ကို ပေါင်းစပ်ပြုပြင်ချဲ့ထွင်ထုတ်ယူပြီး မဟာယာနဂိုဏ်းဟူ၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“မဟာယာန”ဟူသော ဝေါဟာရ၏ အနက်ရင်းမှာ ကြီးကျယ်မြင့်မြတ်သော ယာဉ်ရထားဟု ဆိုလိုသည်။ သတ္တ၀ါတို့အား ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ နိဗ္ဗာန်သို့ ပို့ဆောင်ပေးနိုင်သော ယာဉ်သုံးမျိုးရှိသည်။ ၎င်းတို့မှာ သမ္မာသမ္ဗောဓိ၊ ပစ္စေကဗောဓိနှင့် သာဝကဗောဓိတို့ဖြစ်သည်။ ယင်းတို့တွင် သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိနိုင်သော ဗောဓိသတ္တခေါ် ဘုရားလောင်းတို့သည်သာလျှင် သတ္တ၀ါအများကို နိဗ္ဗာန်သို့ရောက်အောင် ပို့ဆောင်ပေးနိုင်ကြသည်။ ပစ္စေကဗောဓိဉာဏ်ရရှိသော ပစ္စေကဗုဒ္ဓါနှင့် သာဝကဗောဓိဉာဏ်ရရှိသော သာဝကရဟန္တာတို့သည်ကား သတ္တ၀ါတို့ကို မကယ်တင်နိုင်၊ မိမိတို့ဘာသာ လွတ်မြောက်အောင်သာ စွမ်းဆောင်နိုင်ကြသည်။ ထို့ကြောင့် သမ္မာသမ္ဗောဓိသည် မဟာယာန-မြင့်မြတ်သောယာဉ်ဖြစ်၏။ ပစ္စေကဗောဓိနှင့် သာဝကဗောဓိတို့ကား ဟီနယာန- ယုတ်ညံ့သောယာဉ်များဖြစ်၏၊ ဤသို့ မဟာယာနံဂိုဏ်းသားတို့က ယူဆကြလေသည်။ စင်စစ် ဟီနယာနု ဟူသော အမည်သည် ပင်မထေရ၀ါဒ၏ အမည်မဟုတ်၊ မဟာယာနဂိုဏ်းများထဲမှ ဂိုဏ်းငယ်တစ်ခု၏ အမည်သာလျှင် ဖြစ်သည်။

အထက်ပါအယူအဆနှင့်အညီ မဟာယာန၀ါဒ၌ ဗောဓိသတ္တအား အလွန်အကဲ အမွှမ်းတင်ထားသော ပိဋတ်စာပေတို့ကို တီထွင်ရေးသားခဲ့ကြသည်၊ ဗောဓိသတ္တအမျိုးမျိုးကိုလည်း ဖန်တီးခဲ့ကြသည်။

လူသားတို့၏ သဘာဝကား အဟောင်းထက် အသစ်ကိုပို၍ စိတ်ဝင်စားလေ့ရှိကြသည်နှင့် အညီ ကာလဒေသနှင့် လူသားတို့၏ အကြိုက်သိုလိုက်၍ အသစ်ပြုပြင်တီထွင်ဖန်တီးထားသော မဟာယာနဗုဒ္ဓဘာသာသည် နိုင်ငံတော်တော်များများသို့ ပြန့်ပွားခဲ့သည်။ ယခုအခါ တိဗက်၊ ဆီကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ တရုတ်၊ ကိုးရီးယား၊ ဂျပန်နိုင်ငံတို့၌ မဟာယာနဗုဒ္ဓဘာသာ စည်ပင်ထွန်းကားလျက်ရှိပြီး အချို့သော အာရှ၊ ဥရောပနှင့် အမေရိကတိုက် နိုင်ငံများသို့လည်း တစ်စတစ်စ ပြန့်နှံ့နေကြောင်း သိရှိရပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment