မြတ်စွာဘုရား မဂဓတိုင်း ဥရုဝေလတော နေရဉ္ဇမြစ်ကမ်းနားရှိ ဗောဓိပင်ရင်း၌ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသည့်အချိန်မှစ၍ ၄၅-နှစ်ပတ်လုံး လောကသုံးပါး၌ လှည့်လည်လျက် ဝေနေယျသတ္တ၀ါ အပေါင်းတို့အား လောကသံသရာ နှစ်ဖြာသောကောင်းကျိုး ချမ်းသာကို ဆောင်ကြဉ်းပေးနိုင်သည့် တရားဒေသနာများကို ဟောကြားတော်မူပြီး သက်တော် ရှစ်ဆယ်ပြည့်မြောက်သည့် မဟာသက္ကရာဇ် ၁၄၈-ခု(ဘီစီ-၅၄၄) ကဆုန်လပြည့်နေ့တွင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်တွင် မဟာပရိနိဗ္ဗာန်ပြုတော်မူခဲ့လေသည်။
ထိုအခါ ဗုဒ္ဓသာသနာတော် ကာလကြာမြင့်စွာ တည်တံ့ခိုင်မြဲရေးကို မျှော်တွေး ဆင်ခြင်တော်မူမိသော ရှင်မဟာကဿပမထေရ်ကြီးသည် ကုသိနာရုံပြည်၌ စုဝေးရောက်ရှိလာကြသည့် ခုနှစ်သိန်းသော ရဟန်းတို့၏ ဆန္ဒကိုရယူပြီး ဘုရားရှင် ဟောကြားတော်မူခဲ့သော တရားတော်များကို ဆောလျှင်စွာ သံဂါယနာတင်ရန် စီစဉ်ဆောင်ရွက်တော် မူခဲ့သည်။ ထို့နောက် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူပြီး သုံးလကျော်မျှသာရှိသေးသည့် ၀ါခေါင်လပြည့်ကျော် ၅-ရက်နေ့တွင် ရှင်မဟာကဿပအမှူးရှိသော ရဟန္တာအရှင်မြတ်ငါးရာတို့သည် မဂဓတိုင်းရှင် ဘုရင်အဇာတသက်၏ ကူညီထောက်ပံ့မူကို ခံယူလျက် ရာဇဂြိုဟ်ပြည် ဝေဘာရတောင်ယံရှိ သတ္တပဏ္ဏိလိုဏ်ဂူ၌ ပထမသံဂါယနာပွဲကို စတင်ကျင်းပတော်မူခဲ့ကြ လေသည်။
သံဂါယနာတင်ခြင်းဟူသည် ကာလဒေသအသီးသီး၌ အကြောင်း အတ္တုပ္ပတ္တိအားလျော်စွာ ဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မ၀ိနယခေါ် တရားတော်များကို ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ သဘောတူရာတူရာ ပေါင်းစပ်ဖွဲ့စည်း၍ တညီတညွတ်တည်း ရွတ်ဆိုသတ်မှတ် အတည်ပြုကြခြင်း ဖြစ်သည်။
ဤသို့လျှင် ပထမသံဂါယနာတင်မထေရ်မြတ်တို့ သတ်မှတ် ပြဋ္ဌာန်းတော်မူခဲ့ကြသည့်အတိုင်း ဓမ္မ၀ိနယကို တညီတညွတ်တည်း လိုက်နာဆောင်ရွက်ခဲ့ကြရာ သာသနာတော် နှစ်ပေါင်းတစ်ရာသို့ အရောက်တွင် ကြီးမားသောဘေးအန္တရာယ်တစ်ခု ပေါ်ပေါက်လာလေသည်။ ထိုဘေးအန္တရာယ်ကို ဖြစ်ပေါ်စေသော ပုဂ္ဂိုလ်များကား ဝေသာလီပြည်မှ ၀ဇ္ဇီတိုင်းသား ရဟန်းများဖြစ်၏၊ ထိုဝဇ္ဇီတိုင်းသား ရဟန်းတို့သည် ဘုရားရှင်ပညတ်တော်မူခဲ့သည့် ၀ိနည်းဥပဒေနှင့် ဆန့်ကျင်သော အဓမ္မ၀တ္ထုဆယ်ပါးကို ပြောင်ပြောင်တင်းတင်း ကျင့်သုံး ဖြန့်ချိနေကြလေသည်။ အဓမ္မ၀တ္ထုဆယ်ပါးတို့တွင် ရဟန်းများသည် မွန်းတည့်ပြီး နေရိပ်လက်နှစ်သစ်လွန်သည့်အချိန်အထိ ဆွမ်းခဲဖွယ်ကို စားကောင်း၏၊ သေရည်အဖြစ်သို့ မရောက်သေးသော သေရည်နုနုကို သောက်ကောင်း၏၊ ရွှေငွေကို အလှူခံယူကောင်း၏ စသော အချက်များ ပါဝင်၏။
ထိုအခါ ကာကဏ္ဍကပုဏ္ဏား၏ သားဖြစ်သော အရှင်ယသမထေရ်သည် ဝေသာလီပြည်သို့ ရောက်လာပြီး မဟာဝုန်တော ကူဋာဂါရသာလာ ကျောင်းတိုက်၌ သီတင်းသုံးနေ၏၊ ၀ဇ္ဇီပုတ္တက ရဟန်းတို့သည် အရှင်ယသကိုလည်း မိမိတို့၏ အယူဝါဒအတိုင်း လိုက်နာကျင့်သုံးရန် ဆွဲဆောင် ကြသည်။ သို့သော် အရှင်ယသက ထိုရဟန်းတို့၏ အယူဝါဒကို မနှစ်သက်သောကြောင့် အရှင်ရေ၀တ၊ အရှင်သမ္ဘုတ၊ အရှင်သဗ္ဗကာမီ စသော မထေရ်ကြီးများအား စည်းရုံးလူံ့ဆော်၍ အဓမ္မ၀တ္ထု ဆယ်ပါးကို ဓမ္မ၀ိနယနှင့် မညီကြောင်း ဖြေရှင်းဆုံးဖြတ်ပြီး ဒုတိယသံဂါယနာတင်တော်မူခဲ့သည်။ ထို ဒုတိယသံဂါယနာတင်ပွဲကို ဝေသာလီပြည်သို့ စုဝေး ရောက်ရှိလာခဲ့ကြသော ရဟန်းသံဃာပေါင်း (၁၂)သိန်းတို့ထဲမှာ ပဋိသမ္တီဒါပတ္တ ရဟန္တာအရှင်မြတ် (၇၀၀)တို့ ရှစ်လကြာမျှ ကျင်းပခဲ့ကြလေသည်။
အဓမ္မ၀တ္ထုဆယ်ပါးသည် ဓမ္မ၀ိနယနှင့်မညီကြောင်း ဒုတိယသံဂါယနာတင် မထေရ်တို့က ဆုံးဖြတ်လိုက်ကြသော်လည်း ၀ဇ္ဇီပုတ္တကရဟန်းတို့ကမူ မိမိတို့၏ အယူဝါဒကို မစွန့်ကြချေ။ ထို့ကြောင့် သံဂါယနာတင် မထေရ်တို့သည် ဝေသာလီပြည့်ရှင် ကာလာသောကမင်းကြီး၏ အကူအညီဖြင့် ၀ဇ္ဇီပုတ္တကရဟန်းတို့ကို ဝေသာလီပြည်မှ နှင်ထုတ်လိုက်ကြသည်။ ထိုအခါ ၀ဇ္ဇီပုတ္တကရဟန်းတို့သည် ဝေသာလီပြည်မှ ထွက်ခွာခဲ့ကြပြီး အမြို့မြို့အနယ်နယ်သို့ လှည့်လည်ကြကုန်လျက် မိမိတို့အားထောက်ခံသူ ရဟန်းရှင်လူတို့ကို စည်းရုံးကြသည်။ မကြာမီ ရဟန်း ပရိသတ်တစ်သောင်းခန့် ရရှိသဖြင့် ကောသမ္ဗီပြည်၌စုဝေး၍ စင်ပြိုင်သံဂါယနာတင်ပွဲကို ပြုလုပ်ကြသည်။ ဝေသာလီပြည်၌ ပြုလုပ်သော သံဂါယနာထက် ပိုမိုကြီးကျယ်သည်ဟူသော အဓိပ္ပာယ်ဖြင့် မိမိတို့သံဂါယနာကို မဟာသံဂီတိဟု အမည်တပ်ကြသည်။ မိမိတို့ ဂိုဏ်းကိုလည်း သံဃာအရေအတွက် ပိုမိုများပြားသော ဂိုဏ်းအဖြစ်ဖြင့် “မဟာသံဃိကဂိုဏ်း” ဟူ၍ အမည်တပ်ကြလေသည်။
အထက်ပါအတိုင်း ဝေသာလီပြည်မှ နှင်ထုတ်လိုက်သော ၀ဇ္ဇီပုတ္တက ရဟန်းတို့က မဟာသံဃိကဟူသောအမည်ဖြင့် သီးခြားဂိုဏ်းတစ်ခုကို တည်ထောင်လိုက်ခြင်းကား ဗုဒ္ဓသာသနာတော်၌ ပထမဦးစွာ ဂိုဏ်းဂဏကွဲပြားမူ ပေါ်လာခြင်းပင် ဖြစ်၏။ ထို့နောက်တွင်မူ ဂုဏ်းကွဲမူများ ဆက်ကာ ဆက်ကာ ဖြစ်ပေါ်လာခဲ့ရာ ဒုတိယသံဂါယနာတင်ပြီးနောက် နှစ်ပေါင်းတစ်ရာမျှ အချိန်ကာလအတွင်း၌ သံဃာ့ဂိုဏ်းပေါင်း(၁၈)ဂိုဏ်းအထိ ရှိလာခဲ့လေသည်။
သံဃာ့ဂိုဏ်း(၁၈)ဂိုဏ်းဖြစ်လာပုံကား - ရှေးဦးစွာ မဟာသံဃိကဂိုဏ်းမှ ဂေါကူလိကဂိုဏ်းနှင့် ဧကဗျောဟာရိကဂိုဏ်းဟူ၍ ဂိုဏ်းကွဲနှစ်ခုပေါ်လာသည်၊ ထို့နောက် ဂေါကူလိကဂိုဏ်းမှ ပဏ္ဏတ္တိဝါဒ (ပညတ္တိဝါဒ)ဂိုဏ်းနှင့် ဗာဟုလိယဂိုဏ်းဟူ၍ ဂိုဏ်းကွဲနှစ်ခုဖြစ်ပေါ်လာပြန်သည်။ ထိုတွင် ဗာဟုလိယဂိုဏ်းကို ဗဟုဿုတိကဂိုဏ်းဟုလည်းခေါ်သည်။ အဆိုပါ ဗဟုဿုတိကဂိုဏ်းမှ စေတိယ၀ါဒခေါ် ဂိုဏ်းသစ်တစ်ခု နောက်ထပ်ပေါ်လာပြန်သည်။ ဤသို့လျှင် မဟာသံဃိကဂိုဏ်း၌ မူရင်းပင်မဂိုဏ်းနှင့် နောက်ပေါ်ဂိုဏ်းတွဲ ၅-ခုအားဖြင့် သံဃာ့ဂိုဏ်း ၆-ဂိုဏ်းဖြစ်လာခဲ့သည်။
ဒုတိယသံဂါယနာတင်ပွဲအပြီးတွင် အဓမ္မ၀ါဒီဖြစ်သော ၀ဇ္ဇီပုတ္တက ရဟန်းတို့၏ ဦးဆောင်မူဖြင့် မဟာသံဃိကဂိုဏ်းနှင့် ယင်း၏ ဂိုဏ်းကွဲများပေါ်လာသကဲ့သို့ သံဂါယနာတင်မထေရ်တို့၏ ပြဋ္ဌာန်းချက်နှင့် အညီ လိုက်နာခဲ့ကြသော မူလထေရ၀ါဒ သံဃာများမှလည်း အယူအဆကွဲပြား၍ ဂိုဏ်းခွဲထွက်သော ရဟန်းသံဃာများ ပေါ်လာခဲ့ကြသည်။ ထေရ၀ါဒမှ ပထမဦးစွာ ခွဲထွက်သွားသော ဂိုဏ်းကွဲ(၂)ခုမှာ မဟိသာသကဂိုဏ်းနှင့် ၀ဇ္ဇီပုတ္တကဂိုဏ်းတို့ဖြစ်၏။ ထို့နောက် ၀ဇ္ဇီပုတ္တကဂိုဏ်းမှ ဓမ္မုတ္တရိယ၊ ဘဒြယာနိက၊ ဆန္နာဂါရိက၊ သမိတိယဟူ၍ ဂိုဏ်းကွဲ(၄)ခု ပေါ်လာသည်။ မဟိသာသကဂိုဏ်းမှလည်း သဗ္ဗတ္ထိဝါဒဂိုဏ်းနှင့် ဓမ္မဂုတ္ထိကဂိုဏ်းတို့ ကွဲထွက်လာကြသည်။ တစ်ဖန် သဗ္ဗတ္ထိဝါဒဂိုဏ်းမှ ကဿပိကဂိုဏ်း ကွဲထွက်လာသည်။ ထိုကဿပိက ဂိုဏ်းမှ သင်္ကန္တိကဂိုဏ်း ကွဲထွက်လာသည်။ ထိုသင်္ကန္တိကဂိုဏ်းမှလည်း သုတ္တ၀ါဒဂိုဏ်း ကွဲထွက်လာပြန်သည်။
ဤသို့လျှင် မူရင်း ပင်မထေရ၀ါဒမှ ဒုတိယအကြိမ် သံဃာ့ဂိုဏ်း (၁၁)ဂိုဏ်း ကွဲထွက်လာခဲ့လေသည်။်
ဤသို့အားဖြင့် ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် နှစ်ပေါင်း(၁၀၀)မှ (၂၀၀)အတွင်း တစ်နည်းအားဖြင့်ဆိုသော် ဒုတိယသံဂါယနာနှင့် တတိယသံဂါယနာအတွင်း၊ မဇ္ဈိမဒေသ ဗုဒ္ဓသာသနာတော်၌ မူရင်းပင်မ ထေရ၀ါဒဂိုဏ်း(၁)ဂိုဏ်း၊ ထိုဂိုဏ်းမှ ပထမအကြိမ်ခွဲထွက်သွားသည့် မဟာသံဃိကစသောဂိုဏ်း(၆)ဂိုဏ်း၊ ဒုတိယအကြိမ်ခွဲထွက်သွားသည့် မဟိသာသကစသော ဂိုဏ်း(၁၀)ဂိုဏ်းအားဖြင့် ဂိုဏ်းပေါင်း(၁၈)ဂိုဏ်း ဖြစ်လာခဲ့လေသည်။
ဗုဒ္ဓသာသနာတော်၌ အထက်ပါအတိုင်း ဂိုဏ်းကွဲများ ပေါ်လာခဲ့ကြခြင်းသည် ဘုရားရှင်ဟောကြားတော်မူခဲ့သည့် ပိဋကသုံးပုံလုံးနှင့်စပ်၍ အယူအဆမတူညီကြခြင်းကြောင့် ကွဲပြားခဲ့ကြခြင်း မဟုတ်ချေ။ ၀ိနည်းနှင့် ပတ်သတ်၍သော်လည်းကောင်း၊ သုတ္တ၊ အဘိဓမ္မတို့နှင့် ပတ်သတ်၍သော်လည်းကောင်း အချို့သောအစိတ်အပိုင်းတို့၌ အနက်အဓိပ္ပာယ် အယူအဆ မတူညီခြင်းကြောင့် ဂိုဏ်းကွဲခဲ့ကြခြင်း ဖြစ်လေသည်။ သို့ရာတွင် အချို့သော ဂိုဏ်းများမှာမူ ဒေသစွဲ ပုဂ္ဂုလ်စွဲအားဖြင့် ခွဲထွက်ခဲ့ကြခြင်းဖြစ်ဖွယ် ရှိသည်။
အထူးအားဖြင့် မဟာသံဃိကအစရှိသည့် နောက်ပေါ်ဂိုဏ်းတို့သည် ပထမသံဂါယနာ၌ ရှင်မဟာကဿပ အစရှိသော မထေရ်မြတ်တို့ သတ်မှတ်ပြဋ္ဌာန်းခဲ့ကြသည့် ပိဋကသုံးပုံ အစီအစဉ်အချို့ကို ပြုပြင်ပြောင်းလဲပစ်ကြသည်။ နိကာယ်တစ်ခု၌ပါရှိသော သုတ်ကို အခြားနိကာယ်တစ်ခုသို့ ပြောင်းရွေ့ထည့်သွင်းကြသည်။ ၀ိနယပိဋကနှင့် နိကာယ်ငါးရပ်တို့၌ပါရှိသည့် အချို့သော ပါဠိအနက်တို့ကို ဖျက်ဆီးပစ်ကြသည်။ သွယ်ဝိုက်၍ အဓိပ္ပာယ်မှတ်ယူရမည့် ဟောကြားချက်၌ တိုက်ရိုက် အဓိပ္ပာယ်ကောက်ယူကြသည်။ တိုက်ရိုက်အဓိပ္ပာယ်မှတ်ယူရမည့် ဟောကြားချက်၌လည်း သွယ်ဝိုက်သော အနက်အဓိပ္ပါယ်ကို ကောက်ယူရကြသည်။ မူလ ဆိုလိုချက်နှင့် မလျော်ညီသော အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုကြသည်။ သဒ္ဒါ အရိပ်အယောင်မျှဖြင့် မိမိတို့လိုရာအဓိပ္ပာယ်ကို ဆွဲယူကျင့်သုံးကြသည်။ လေးနက်သော အနက်အဓိပ္ပာယ် ရှိသည့် ၀ိနည်းပညတ်ချက် အချို့နှင့် သုတ်အချို့ကို စွန့်ပယ်ပြီး အတုအယောင်ဖြစ်သော သုတ်၊ ၀ိနည်း အချို့ကို ဖန်တီးပြုလုပ်ကြသည်။
အထူးအားဖြင့် ၀ိနယပိဋကမှ ပရိဝါရပါဠိ၊ အဘိဓမ္မပိဋက ဓမ္မသင်္ဂဏီကျမ်းမှ အဋ္ဌကထာကဏ္ဍတို့ကို ထုတ်ပယ်ခဲ့ကြသည်။ အချို့ဂိုဏ်းတို့ကမူ အဘိဓမ္မ ပိဋကတစ်ခုလုံးကိုလည်းကေင်း၊ ခုဒ္ဒကနိကာယ်မှ ပဋိသမ္ဘိဒါမဂ္ဂပါဠိ၊ မဟာနိဒ္ဒေသနှင့် စူဠနိဒ္ဒေသ ပါဠိတို့ကိုလည်းကောင်း၊ ဇာတကခေါ် ငါးရာ့ ငါးဆယ်ဇာတ်တော်များမှ အချို့သော ဇာတ်တော်တို့ကိုလည်းကောင်း ပယ်ခဲ့ကြလေသည်။ ထို့ပြင် ရဟန်းတို့၏ အသွင်အပြင် အမူအရာများနှင့် သပိတ်သင်္ကန်း စသော ပရိက္ခရာများကိုလည်း အမျိုးမျိုးအဖုံအဖုံ ပြောင်းလဲပစ်ခဲ့ကြလေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment