Wednesday, 9 November 2011

သီရိလင်္ကာနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် ၂၃၅-နှစ်၌ ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ဦးဆောင်၍ ပါဋလိပုတ်ပြည်၌ တတိယသံဂါယနာတင်ခဲ့ကြသည်။ တတိယသံဂါယနာတင်စဉ်မှာပင် အသောကမင်းကြီး၏ သားတော် ရှင်မဟိန္ဒ မထေရ် ဦးဆောင်သော သံဃာ(၅)ပါးကို ယခု သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်းသို့ သာသနာပြုစေလွှတ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ သီဟိုဠ်ကျွန်း၌ ထေရ၀ါဒဗုဒ္ဓသာသနာတော် စည်ပင်ပြန့်ပွားထွန်းကားခဲ့လေသည်။

ထို့နောက် မကြာမီပင် သီဟိုဠ်သူ အမျိုးသမီးများကို ဘိက္ခုနီပြုလုပ်ပေးရန်အတွက် သမီးတော် သံဃမိတ္တာထေရီကိုလည်း သီရိလင်္ကာသို့စေလွှတ်ခဲ့သည်။ သံဃမိတ္တာသည် ဗုဒ္ဓဂါယာ မဟာ ဗောဓိပင်မှ ပွားယူအပ်သော ဗောဓိပင်တောင်ကိုင်းကိုလည်း သီရိလင်္ကာသို့ ပင့်ဆောင်သွားခဲ့ရာ ထိုဗောဓိပင်မှာ အနုရာဓမြို့၌ ယခုတိုင် ရှင်သန်လျက် ရှိပေသည်။

ရှင်မဟိန္ဒတို့ ရောက်သွားသောအချိန်တွင် သီရိလင်္ကာ၌ ဒေ၀ါနံပိယတိဿ မင်းကြီးအုပ်ချုပ်နေသည်။ ထိုမင်းသည် သာသနာတော်၌ လွန်စွာ သက်ဝင်ကြည်ညို၍ ရှင်မဟိန္ဒအမှူးရှိသော သံဃာများ သီတင်းသုံးရန် မဟာဝိဟာရ ကျောင်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ နောင်နှစ်ပေါင်း (၁၀၀)ခန့်အကြာတွင် ဒုဋ္ဌဂါမဏိမင်းကြီးက အနုရာဓမြို့၌ မဟာစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်။

ထို့နောက် ခရစ်မပေါ်မီ တစ်ရာစုတွင် ၀ဋ္ဋဂါမဏိမင်းကြီးက အဘယဂိရိ ကျောင်းတိုက်ကြီးနှင့် အဘယစေတီတော်ကို တည်ထားသည်။ ခရစ်နှစ် လေးရာစုတွင် မဟာသေနမင်းက ဇေတ၀န်ကျောင်းတိုက်ကြီးနှင့် ဇေတ၀နစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့လေသည်။

အဘယဂိရိသံဃာများသည် မူလက မဟာဝိဟာရသံဃာများနှင့် အယူအဆတူမျှကြ၍ တစ်လုံးတစ်စည်း ရှိခဲ့ကြသော်လည်း မကြာမီပင် အယူအဆကွဲပြား၍ ဂိုဏ်းသီးခြားခွဲထွက်ပြီး မဟာယာနဗုဒ္ဓဘာသာတရား စာပေများကို အလေးထားကာ သင်ကြားကြလေသည်။ ၀ဋ္ဋမဏိမင်းကလည်း မိမိကိုးကွယ်သော အဘယဂိရိဂိုဏ်းသားများကိုသာ ဦးစားပေး၍ ကိုးကွယ်ဆည်းကပ်ခဲ့လေသည်။

ထိုအချိန်ကား ဗြဟ္မဏတိဿ သူပုန်ဘေး၊ ငတ်ပွတ်ခေါင်းပါးခြင်း ဒုဗ္ဘိက္ခဘေးများဖြစ်ပေါ်လာ၍ ပြည်ထဲရေးမငြိမ်မသက် ဖြစ်နေသောအခါလည်းဖြစ်၏။ ထို့ကြောင့် သာသနာတော်၏ ရှေ့ရေးကို မျှော်တွေးဆင်ခြင်မိကြသော မဟာဝိဟာရဂိုဏ်းသား သံဃာများသည် မြို့တော်နှင့် ဝေးရာ အာလောက၀ိဟာရ၌ ဘုရားဟော တရားတော်များကို ပေရွက်ပေါ်တွင် အက္ခရာတင်၍ စတုတ္တသံဂါယနာ တင်ခဲ့ကြသည်။ ထိုစတုတ္ထသံဂါယနာ မတင်မီကမူ တရားတော်များကို ဆရာစဉ်ဆက် အားဖြင့် နူတ်တက် အာဂုံ ဆောင်၍သာလျှင် သင်ယူလေ့ကျက်ခဲ့ကြလေသည်။

ယခုအချိန်တွင်မူ သီရိလင်္ကာ၌ မဟာဝိဟာရ၊ အဘယဂိရိ၊ ဇေတ၀နဟူသော သံဃဂိုဏ်းကြီးများ ကွယ်ပျောက်ခဲ့သည်မှာ ကြာမြင့်လေပြီ။ သီရိလင်္ကာ၌ ယနေ့ရှိသော ဂိုဏ်းများမှာ ရာမညဂိုဏ်း၊ အမရပူရဂိုဏ်းနှင့် သျှာမ်းဂိုဏ်းတို့ဖြစ်၏။

သီရိလင်္ကာ၌ တိုင်းတပါးသားများ ၀င်ရောက်အုပ်ချုပ်ခဲ့ခြင်းကြောင့် လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာခြင်းကြောင့် လည်းကောင်း သာသနာတော်မှေးမှိန် အားနည်းသော အချိန်ကာလများသည် ရှိခဲ့သည်။ ထိုကဲ့သို့သော အချိန်ကာလများ၌ မြန်မာနှင့်ထိုင်း ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံတို့၏ အကူအညီကိုရယူ၍ သာသနာတော်ကို အားဖြည့်ခဲ့ရသည်။ သို့အားဖြင့် ရာမညစသော ဂိုဏ်းများ ပေါ်ပေါက်လာခဲ့လေသည်။

သီရိလင်္ကာ သံဃာတော်များသည် အောက်မြန်မာပြည် ဟံသာဝတီခေတ်တွင် ရာမညသံဃာတော်တို့၏ အကူအညီဖြင့် သာသနာတော်ကို အားဖြည့်ခဲ့ကြရသည်။ သို့အားဖြင့် ရာမညဂိုဏ်း ပေါ်ပေါက်လာခဲ့သည်။

ထို့အတူ အထက်မြန်မာနိုင်ငံ အမရပူရခေတ်တွင်လည်း အမရပူရသံဃာတော်များ၏ အကူအညီဖြင့် သီရိလင်္ကာသာသနာကို အားဖြည့်ပေးခဲ့ရဖူး၏။ ထို့ကြောင့် အမရပူရဂိုဏ်း ပေါ်ပေါက်လာခဲ့သည်။

ထိုမှတပါး သီရိလင်္ကာသံဃာတော်များသည် တစ်ခါက ထိုင်းနိုင်ငံမှ သံဃာတို့၏ အကူအညီကိုလည်း ရယူခဲ့ရဖူး၏၊ ထို့ကြောင့် သျှာမ်းဂိုဏ်ဟူ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏၊ ရှေးအခါက ထိုင်းနိုင်ငံ သျှာမ်း (SIAM) ဟုခေါ်တွင်ခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံမှလာသောဂိုဏ်းကို သျှာမ်းဂိုဏ်းဟုခေါ်တွင်ခြင်း ဖြစ်လေသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက ရွှေကျင်ဂိုဏ်း၏ ဗဟိုဌာနဖြစ်သော မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ လာရောက်၍ ပညာသင်ယူသော သီဟိုဠ်သား ရဟန်းတော်အချို့ရှိခဲ့သည်။ ထိုရဟန်းတော်များထဲမှ သီရိဓမ္မအမည်ရှိသော ရဟန်းတော်သည် ကိုလမ္ဗိုမြို့၌ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ကို တည်ထောင်၍ သာသနာပြုခဲ့ရာ တပည့်သံဃာအတော်များများ ထွန်းကားခဲ့သည်။ သို့သော် သီရိဓမ္မမထေရ် ပျံလွန်သွားသောအခါ ဆက်ခံသော တပည့်ရဟန်းများ၏ အားနည်းမူကြောင့် ယခုအခါ သီရိလင်္ကာ၌ ရွှေကျင်ဂိုဏ်းမှာ ထင်ရှားခြင်းမရှိလှတော့ချေ။

ရှေးခေတ်က သီဟိုဠ်ကျွန်းသည် ပရိယတ်ရော ပဋိပတ်ပါ လွန်စွာထွန်းကား ခဲ့သည်ဖြစ်၍ ထေရ၀ါဒဗုဒ္ဓသာသနာပြန့်ပွားရာ ဗဟိုဌာနကြီးဖြစ်ခဲ့၏။ မြန်မာ၊ ထိုင်းလင်း၊ ကမ္ဗောဒီးယားနှင့် လောနိုင်ငံတို့သည် ထေရ၀ါဒဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန်တို့ကို သီဟိုဠ်ကျွန်းမှ ရရှိခဲ့ကြခြင်းဖြစ်၏။ အရှင်မဟာဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန်တို့ကို သီဟိုဠ်ကျွန်းမှ ရရှိခဲ့ကြခြင်းဖြစ်၏။ အရှင်မဟာဗုဒ္ဓဃောသ၊ အရှင်အာနန္ဒာ၊ အရှင်ဗုဒ္ဓဒတ္တ၊ အရှင်ဓမ္မပါလ၊ အရှင်သာရိပုတ္တရာ စသော ကျမ်းတတ်အကျော် ဆရာများသည် အဋ္ဌာကထာ၊ ဋီကာ ကျမ်းပေါင်းများစွာတို့ကို ပါဠိဘာသာဖြင့် ရေးသားပြုစုခဲ့ကြရာ ထိုကျမ်းဂန်တို့ကို ထေရ၀ါဒနိုင်ငံများ၌ ယနေ့တိုင်အောင် လေးလေးစားစား သင်ကြားလေ့လာလျက်ရှိကြပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment