Monday, 7 November 2011

သကဒါဂါမ်ပုဂ္ဂိုလ်

သောတာပန်ဖြစ်ပြီး သူသည် မိမိရရှိထားပြီးသော မဂ်ဖိုလ်နှင့် နိဗ္ဗာန်တို့ကို ဆင်ခြင်ပွားများပြီးနောက် ကာမရာဂ(လောဘ)နှင့် ဗျာပါ၏(ဒေါသ)တို့ကို ကျဲပါး စေနိုင်စွမ်းရှိသည့် အထက်မဂ်ကိုရရှိရန် ၀ိပဿနာတရားကိုပင် ဆက်လက်အားထုတ်ရ၏။ ရုပ်နာမ်သင်္ခါရတို့သည် မမြဲ၊ ဆင်းရဲ၏၊ အတ္တမဟုတ်ဟု ဉာဏ်ဖြင့် အဖန်ဖန် နင်းနယ်ကြိတ်ခြေ၏။ ၀ိပဿနာ ဉာဏ်အဆင့်ဆင့်ကို ဖြစ်စေလျက် ၀ိပဿနာလမ်းမှန်သို့ သက်ဝင်၏၊ ထိုသို့ အားထုတ်ရင်း သင်္ခါရုပေက္ခာဉာဏ်၏ အဆုံး၌ အနုလောမဉာဏ် ဂေါတြဘူဉာဏ်ဖြစ်၍ ဂေါတြဘူဉာဏ်ချုပ်သည်နှင့် မရှေးမနှောင်းတွင် သကဒါဂါမိမဂ်စိတ်၊ ဖိုလ်စိတ်များ ဖြစ်ပေါ်လာလေသည်။

ထိုသကဒါဂါမ် မဂ်စိတ်ဖြစ်ခိုက်၌ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်စိတ်ဖြစ်ပေါ် လာချိန်မှစ၍ သကဒါဂါမ်ပုဂ္ဂိုလ်ဟု ဆိုသည်။ လူ့ဘုံ လူ့ဘ၀သို့လာ၍ ပဋိသန္ဓေတစ်ကြိမ်သာနေသူ၊ ဘ၀သစ် ထူထောင်သည့်အနေဖြင့် လူ့ဘုံ လူ့ဘ၀သို့ တစ်ကြိမ်သာပြန်လာသူဟု ဆိုလိုသည်။ သို့ရာတွင် လူ့ဘုံဘ၀၌ပင် သကဒါဂါမိ ဖြစ်ပြီးနောက် ဆက်လက်၍ အနာဂါမ်၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် ၀င်စံသွားသူများလည်း ရှိနိုင်ပါသေးသည်။

သကဒါဂါမ်ပုဂ္ဂိုလ်သည် ကြမ်းတမ်းသော ကာမရာဂသံယောဇဉ်နှင့် ပဋိယသံယောဇဉ်တို့ကို ပယ်သတ်နိုင်၏။ သိမ်မွေ့သော ကာမရာဂနှင့် ပဋိဃသံယောဇဉ် တို့ကိုမူ မပယ်သတ်နိုင်သေးချေ။ သို့သော် ထိုကာမရာဂနှင့် ပဋိဃတို့ကား အပါယ်ဘုံသို့ ကျရောက်စေနိုင်သည့် အစွမ်းသတ္တိမရှိတော့ပေ၊ အပါယ်ဘုံသို့ ကျရောက်စေနိုင်သည့် အကုသိုလ်အစွမ်းသတ္တိများကို သောတာပတ္တိ မဂ်ဉာဏ်ရစဉ်ကပင် ပယ်သတ်ခဲ့ပြီး ဖြစ်ပေသည်။ သကဒါဂါမ်ပုဂ္ဂိုလ်၌ ကာမရာဂ(ကာမဂုဏ်၌ တပ်မက်မူ)နှင့် ပဋိယ(ပြစ်မှားမူ)တို့ ကျန်ရှိနေသေးသော်လည်း ပုထုဇဉ်များကဲ့သို့ အကြိမ်ကြိမ်အဖန်ဖန်မဖြစ်၊ ဖြစ်ပြန်လျှင်လည်း ပြင်းပြင်းပြပြမဖြစ်၊ ရံဖန်ရံခါ၌သာ ဖြစ်တော့သည်။ ဖြစ်သည့်အခါတွင်လည်း ပုထုဇဉ်များကဲ့သို့ နွားသိုးကြိုးပြတ် နွားငတ်ရေကျ ကြမ်းကြမ်းတမ်းတမ်း မဖြစ်တော့ချေ။ သကဒါဂါမ် ပုဂ္ဂိုလ်၌ရှိနေသေးသော ကိလေသာများသည် ပါးလွှာသော ယင်၏တောင်ပံနှင့် ကျဲပါးသော တိမ်လွှာတို့ကဲ့သို့ အင်အားနည်းပါးသော ကိလေသာများသာ ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment