သုတေသီ ပညာရှင်အချို့ ယူဆကြသည့်အတိုင်း ဆူမတြာကျွန်းနှင့် မလေးကျွန်းဆွယ်ကို သုဝဏ္ဏဘူမိ ဟုသတ်မှတ်လျှင် အင်ဒိုနီးရှား၏ အစိတ်ပိုင်းဖြစ်သော ဆူမတြာသို့ ခရစ်နှစ်မပေါ်မီ ၃-ရာစု၌ပင် ဗုဒ္ဓဘာသာ စတင်ရောက်ရှိခဲ့သည်ဟု ယူဆရမည်။
ခရစ်နှစ် ၄၁၄-ခုနှစ်တွင် ဆူမတြာသို့ ရောက်ရှိခဲ့သော တရုတ် ရဟန်းတော် ဖာဟီယန်ကမူ ဆူမတြာ၌ ဗြဟ္မဏဘာသာ ပြန့်ပွားလျက်ရှိကြောင်း ဗုဒ္ဒဘာသာကို အနည်းငယ်မျှသာ တွေ့ရကြောင်း မှတ်တမ်းတင်ခဲ့လေသည်။
သို့သော် ဖာဟီယန် နောက် နှစ်ပေါင်း ၂၀-ခန့် အကြာတွင် အိန္ဒိယပြည်မှ ဘုန်းတော်ကြီး ဂုဏ်ဝါမန်သည် ဆူမတြာသို့ ကြွရောက်၍ ဗုဒ္ဓဘာသာတရားများကို ဟောကြားဖြန့်ဖြူးခဲ့သည်။ ထိုအချိန်မှစ၍ ဆူမတြာ၌ မဟာယာန ဗုဒ္ဓဘာသာ အမြစ်တွယ်ခဲ့လေသည်။
ကျောက်စာများအဆိုအရ ခရစ်နှစ် ၇-ရာစုကုန်ခါနီး၌ နန်းတက်သော သီရိဝိဇယဘုရင်သည် ဗုဒ္ဓဘာသာကို လွန်စွာ အားပေးချီးမြှောက်ခဲ့ကြောင်း ထိုအချိန်က သီရိဝိဇယနိုင်ငံ၌ မဟာယာန တန္တရ ဗုဒ္ဓဘာသာ လွန်စွာထွန်းကားပြီး သံဃာတစ်ထောင်ကျော်နှင့် ဘုရားကျောင်းကန် များစွာရှိခဲ့ကြောင်း သိရှိရပါသည်။
သီရိဝိဇယ၌ ခရစ်နှစ် ၈-ရာစုတွင် နန်းတက်သော သေလေန္ဒြဘုရင်များ လက်ထက်တွင်မူ ဗုဒ္ဓဘာသာအထွန်းကားဆုံး အချိန် ဖြစ်လေသည်။ ထိုခေတ်တွင် ကြီးမားခမ်းနားသော ဗိုရိုဗုဓေါ စေတီတော်ကြီးနှင့် မန်ဒွတ်စသော စေတီများကို တည်ထားခဲ့သည်။ ဂျားဗား၊ ဗာလီစသော အခြားကျွန်းများသို့လည်း ဗုဒ္ဓဘာသာ ပြန့်နှံ့သွားခဲ့လေသည်။
ခရစ်နှစ် ၁၃-ရာစုမှ ၁၅-ရာစု အတွင်း အင်ဒိုနီးရှား၌ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာနှစ်မျိုးကို ရောနှောကိုးကွယ်ခဲ့ကြသည်။
ခရစ်နှစ် ၁၆-ရာစုတွင် မူဆလင် စူလတန်ဘုရင်များ ၀င်ရောက်သိမ်းပိုက်သည့်အချိန်မှ စ၍ အင်ဒိုနီးရှား၌ ဗုဒ္ဓဘာသာ ကွယ်လုနီးပါး ဖြစ်ခဲ့ရသည်။ ဟိန္ဒူဘာသာကမူ ဗာလီကျွန်း၌ ဆက်လက်ရှင်သန်လျက် ရှိသေည်။
မျက်မှောက်ခေတ်တွင် ဗုဒ္ဓဘာသာဝင် တရုတ်လူမျိုးများ တစ်စ တစ်စ ၀င်ရောက်လာမူကြောင့် အင်ဒိုနီးရှား၌ ဗုဒ္ဓဘာသာ၏ သက်ဝင်လူပ်ရှားမူ အသင့်အတင့် ရှိလာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း(၃၀)ခန့်က မြန်မာနိုင်ငံမှ မဟာစည်ဆရာတော်သည် အင်ဒိုနီးရှားသို့ သာသနာပြုခရီး ကြွခဲ့ဖူးသည်။
ခန့်မှန်းခြေအားဖြင့် ယခုအချိန်တွင် အင်ဒိုနီးရှား၌ ဗုဒ္ဓဘာသာဝင် ဆယ်သန်းခန့် ရှိကြောင်း သိရှိရသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment