Saturday, 12 November 2011

မလေးရှားနိုင်ငံ၌ ဗုဒ္ဓသာသနာ စတင်ပြန့်ပွားပုံ

မလေးကျွန်းဆွယ်သည်လည်း ရှေးခေတ်က သုဝဏ္ဏဘူမိဟုခေါ်သော ဒေသ၌ ပါဝင်ကြောင်း အချို့ပညာရှင်တို့က ယူဆကြသည်။ ထိုအယူအဆအရဆိုသော် တတိယသံဂါယနာအပြီး သာသနာပြု စေလွှတ်ခဲ့သော ဒေသများတွင် ပါဝင်သောကြောင့် ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး နောက်နှစ်ပေါင်း (၂၅၀)ခန့်တွင် ထိုဒေသသို့ ဗုဒ္ဓသာသနာ စတင်ရောက်ရှိခဲ့သည်ဟု ဆိုရပေမည်။ သို့သော် ခိုင်လုံသော အထောက်အထားကား မရှိချေ။ ထိုဒေသကို သုဝဏ္ဏဒီပ ဟုလည်း ခေါ်ဆိုကြသည်။

ခိုင်လုံသော အထောက်အထားအရမူ ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစုသုံး အိန္ဒိယအက္ခရာဖြင့် ရေးထိုးထားသော သက္ကတဘာသာကျောက်စာတို့ကို မလေးကျွန်းဆွယ်အနှံ့အပြား၌ တွေ့ရှိရသည်။ ထိုကျောက်စာတို့၌ ရေးထိုးထားသောစာများမှာ မဟာယာနမဇ္ဈိမိကဂိုဏ်း၏ အတွေးအခေါ်များဖြစ်ကြောင်း လေ့လာတွေ့ရှိ ကြရသည်။ ထို့ကြောင့် ခရစ်နှစ် ၅-ရာစုလောက်ကပင် မလေးကျွန်းဆွယ်၌ မဟာယာနဗုဒ္ဓဘာသာ ရောက်ရှိနေပြီဟု ယူဆရသည်။

ခရစ်နှစ် ၇-ရာစု၌ ဆူမတြာကျွန်းတွင် သီရိဝိဇယနိုင်ငံသည် တန်ခိုးကြီးသော ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ထင်ရှားခဲ့သည်။ မလေးကျွန်းဆွယ်ကိုပါ အုပ်စိုးခဲ့သည်။ ၇-ရာစု ကုန်ခါနီး၌ သီရိဝိဇယနိုင်ငံသို့ရောက်ခဲ့သော တရုတ်ခရီးသည် ရဟန်းတော် အီကျင်က ထိုနိုင်ငံ၌ ဗုဒ္ဓသာသနာ လွန်စွာထွန်းကား၍ အနီပတ်ဝန်းကျင်နိုင်ငံများ သို့လည်း ဖြန့်ဖြူးပေးနေကြောင်း သီရိဝိဇယ၌ သဗ္ဗတ္ထိဝါ၏ ထွန်းကားနေပြီး မဟာယာနလည်း အနည်းငယ်ရှိကြောင်း မှတ်တမ်းတင်ထားလေသည်။

ခရစ်နှစ် ၈-ရာစု၌မူ သီရိဝိဇယနိုင်ငံကို အုပ်ချုပ်သော သေလေန္ဒြဘုရင်များသည် အိန္ဒိယပြည်မှ တန္တရဗုဒ္ဓဘာသာ ဗဟိုဌာနဖြစ်သော နာလန္ဒတက္ကသိုလ်နှင့်လည်းကောင်း၊ တန္တရ ဗုဒ္ဓဘာသာဝင် ပါလမင်းတို့၏ ၀ိက္ကမသီလ၊ သြဒန္တပုရိ၊ ဂျဂဒ္ဒလတက္ကသိုလ်တို့နှင့်လည်းကောင်း ရင်းနှီးစွာ ဆက်ဆံမူရှိခဲ့ကြသည်။ ပစ္စည်းလေးပါး ထောက်ပံ့မူများပင် ရှိခဲ့သည်။ ထို့ကြောင့် သီရိဝိဇယနိုင်ငံအတွင်း၌ ပါဝင်သော မလေးကျွန်းဆွယ်၊ ဆူမတြာ၊ ဂျားဗား ကျွန်းများသို့လည်း မဟာယာနတန္တရ ဗုဒ္ဓဘာသာ ပြန့်ပွားခဲ့လေသည်။

ခရစ်နှစ် ၁၆-ရာစုတွင် မူဆလင် စူလတန်ဘုရင်တို့က သီရိဝိဇယနိုင်ငံကို သိမ်းပိုက်လိုက်သောအခါ ထိုနိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သော မလေးကျွန်းဆွယ်သည်လည်း မူဆလင်တို့လက်အောက်သို့ ကျရောက်သွားသည်။ ထိုအချိန်မှစ၍ မလေးကျွန်းဆွယ်၌ ဗုဒ္ဓဘာသာ ကွယ်ပျောက်လုနီးပါး ဖြစ်သွားခဲ့လေသည်။

မျက်မှောက်ခေတ်တွင်မူ မဟာယာန ဗုဒ္ဓဘာသာဝင် တရုတ်နွယ်ဖွားများနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်အချို့၏ အားထုတ်မူကြောင့် မလေးရှားနိုင်ငံ၌ တစ်စတစ်စ ဗုဒ္ဓဘာသာ သက်ဝင်လူပ်ရှားလာနေပြီ ဖြစ်သည်။

အထူးအားဖြင့် ပီနန်ကျွန်း၌ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများရှိနေပြီ ဖြစ်ပေသည်။ တည်ရှိရုံမျှမက ပို၍ အံသြဖွယ်၊ မြန်မာတို့ဂုဏ်ယူဖွယ်ကောင်းသည်မှာ ပီနန်ကျွန်းရှိ ဓမ္မိကာရာမ မြန်မာသာသနာပြု ကျောင်းတိုက်ကြီးပင် ဖြစ်သည်။ လွန်ခဲ့သော နှစ် (၂၀၀)နီးပါး (ခရစ် ၁၈၀၃-ခုနှစ်) ကပင် မြန်မာဘုန်းတော်ကြိး ၆-ဆက်တို့ လက်ဆင့်ကမ်း သာသနာပြုခဲ့ရာ ယခုအခါ မြန်မာဘုန်းတော်ကြီး (အဂ္ဂမဟာပဏ္ဍိတ) ဆရာတော်ကြီး ဦးပညာဝံသ၏ ညွှန်ကြားချက်အရ (အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ) ဆရာတော်အရှင်သုမနာစာရ သာသနာပြုလျက်ရှိသည်။ ထေရ၀ါ၏နှင့် မြန်မာယဉ်ကျေးမူအတွက် ကမ္ဘာလှည့်ခရီးသည်တို့၏ လေ့လာရာဌာနကြီးတစ်ခု အဖြစ်လည်း တည်ရှိနေပေသည်။

မလေးရှားနိုင်ငံနှင့်လည်း တဆက်တည်း စင်္ကာပူနိုင်ငံ၏ ထေရ၀ါဒသာသနာ ထွန်းကားလာပုံကိုလည်း သိသင့်သည်။ စင်္ကာပူနိုင်ငံသည် လွန်ခဲ့သော နှစ် ၂၀-ကျော်ကမှ မလေးရှားနှင့်ခွဲ၍ ကိုယ်ပိုင်ရပ်တည်လာသော နိုင်ငံဖြစ်သည်။ စင်္ကာပူ၌ ထေရ၀ါဒသာသနာ ပြန့်ပွားလာရာ၌ မြန်မာတို့၏ သာသနာရေး ကြိုးပမ်းမူသည် သာသနာဝင်၌ မှတ်တမ်း တင်လောက်ပေသည်။ မြန်မာနိုင်ငံ၌ ဗြိတိသျှတို့ အုပ်ချုပ်စဉ်က မြိတ်မြို့မှ ဘုရားတရား ဆေးဆရာ ဦးကျော်ဂေါင်ဇနီး ဒေါ်ခင်မဲတို့သည် ဉာဏ်တော်ခုနှစ်တောင်တမိုက်ရှိ အလွန်သပ္ပာယ်သော စကျင်ကျောက်သား ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူကို ၁၂၈၀-ပြည့်နှစ်က စင်္ကာပူနိုင်ငံသို့ သက်စွန့်ဆံဖျား ပင့်ဆောင်တည်ထားကိုးကွယ်ခဲ့သည်။ ယခုအခါ ထိုရုပ်ပွားတော်မြတ်ကြီးကို တိုးတက်သော မြို့ပြအင်္ဂါနှင့် ညီညွတ်အောင် (အဂ္ဂမဟာပဏ္ဍိတ) ကမ္ဘာ့ ဗုဒ္ဓဘာသာဝင်တို့က ၅-ထပ်ရှိ သာသနရံသိ ထေရ၀ါဒ မြန်မာသာသနာပြု ကျောင်းတော်ကြီး ဆောက်လုပ်၍ ပူဇော်ထားရှိကြသည်။ ယခုအခါ ဆရာတော်ကြီး ဦးပညာဝံသ၏ ညွှန့်ကြားချက်အရ ဆရာတော် ဦးတိလောက သာသနာပြုလျက်ရှိသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment