ဗီယက်နမ်နိုင်ငံကို ရှေးခေတ်က စမ္ပာဟူ၍လည်းကောင်း၊ အာနမ်ဟူ၍ လည်းကောင်း ခေါ်တွင်ခဲ့ကြသည်။ နေထိုင်ခဲ့သော လူမျိုးများမှာ ခမာလူမျိုးများ ဖြစ်ကြ၏။
အိန္ဒိယပြည် အမရ၀တီခေတ်၌ ထုလုပ်သော ကြေးဆင်းတုတော်များကို ဗီယက်နမ်တွင် တွေ့ရှိခဲ့ရသောကြောင့် ၃-ရာစု မတိုင်မီကပင် စမ္ပာနိုင်ငံသို့ ဗုဒ္ဓဘာသာ ရောက်ရှိနေပြီဟု ယူဆရသည်။ ၆-ရာစုနှစ် အကုန်၌ စမ္ပာကို ၀င်ရောက်တိုက်ခိုက်ခဲ့သော တရုတ်တို့သည် ဗုဒ္ဓဘာသာ အနုပညာ လက်ရာများစွာကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
ကျောက်စာများအဆိုအရ ၈-ရာစုနှစ်၌ ကုန်ကင်ပြည်နယ်မှ မဟာယာန ဗုဒ္ဓဘာသာဝင် တရုတ်များ စမ္ပာနိုင်ငံထဲသို့ ၀င်ရောက်လာခဲ့ကြကြောင်း သိရသည်။ ထိုအချိန်မှစ၍ ဗီယက်နမ်၌ မဟာယာန ဗုဒ္ဓဘာသာ စတင်ပြန့်ပွားခဲ့သည်။ ဈင်ဗုဒ္ဓဘာသာကား ဗီယက်နမ်နိုင်ငံသို့ ၆-ရာစုမှ စ၍ ရောက်ရှိခဲ့သော်လည်း ပြန့်ပွားခြင်း မရှိခဲ့။ ၁၆-ရာစုတွင်မူ တဖြည်းဖြည်း ပြန့်ပွားလာခဲ့ရာ ယခုအချိန်တွင် အင်အားကောင်းသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လျက် ရှိပေသည်။
ယခုအခါ ဗီယက်နမ်နိုင်ငံ၌ ထေရ၀ါဒ ဗုဒ္ဓဘာသာသည်လည်း တစ်စတစ်စ ပြန့်ပွားလျက်ရှိကြောင်း ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ဦးရေ တစ်သိန်းမျှ ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment