ကမ္မဿကတာဉာဏ်ဆိုသည်မှာ - “ကုသိုလ်ကံ၊ အကုသိုလ်ကံရှိ၏၊ ကုသိုလ်ကံ အကုသိလ်ကံတို့၏ အကျိုးရှိ၏၊ ကုသိုလ်ကံကိုပြုလျှင် ကောင်းကျိုးစံရမည်၊ အကုသိုလ်ကံပြုလျှင် မကောင်းကျိုးခံရမည်။ နောင်တမလွန် လောကရှိသည်” စသည်ဖြင့် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်ဟု ယုံကြည်သိမြင်သည့် ဉာဏ်ဖြစ်သည်။
ကမ္မဿကတာဉာဏ်မရှိပါက ကံ၊ ကံ၏အကျိုးနှင့် တမလွန်လောကတို့ မရှိဟု ယူဆသူများဖြစ်လာ၍ မကောင်းမူဒုစရိုက်များကိုသာ ပြုလုပ်ကြပေလိမ့်မည်။ နောင်တမလွန်လောကမရှိဟု ယူဆသဖြင့် တမလွန်လောက ကောင်းစားရေးအတွက် ကုသိုလ်ကောင်းမူများကို ပြုလုပ်ကြကတော့မည်မဟုတ်ပေ။ ဤကဲ့သို့ လောကကြီးကို ထိန်းကျောင်းပေးနိုင်သော ကံတရားမရှိဟု ယူဆသဖြင့် အယူမှားသူ (မိစ္ဆာဒိဋ္ဌိ) များ ဖြစ်မည့်အပြင် လောကကြီးပျက်စီးသွားနိုင်ပါသည်။
မြတ်စွာဘုရားရှင်သည် တရားဒေသနာများကို သမ္မုတိသစ္စာဖြင့် မဟောကြားဘဲ ပရမတ္ထသစ္စာဖြင့်သာ ဟောကြားမည်ဆိုလျှင် -
“ခန္ဓာတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာရှိကုန်၏၊ အာယတနတို့သည် ကံသာလျှင် မိမိကိုယ်ပိုင်ဥစ္စာ ရှိကုန်၏၊ စသည်ဖြင့် ဟောကြားရပေလိမ့်မည်။ ယင်းသို့ ဟောကြားခဲ့သော် နားမလည်မည့်အပြင် အဘယ်ခန္ဓာ အာယတနတို့သည် အဘယ်ကဲ့သို့ မိမိကိုယ်ပိုင်ဥစ္စာ ရှိကြကုန်သနည်း” စသည်ဖြင့် ယုံမှားတွေးတောစရာ ပြဿနာများ ရူပ်ထွေလာလိမ့်မည်။
ထို့ကြောင့် အနတ္တ၀ါဒီ ပုဂ္ဂိုလ်ကြီးဖြစ်သော်လည်း ကမ္မဿကတာဉာဏ် မရှိက လောကကြီး ပျက်စီးသွားမည်ကို သိစေလိုသောကြောင့် “ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ကံသာလျှင် မိမိကိုယ်ပိုင် ဥစ္စာရှိ၏” စသည်ဖြင့် သမ္မုတိသစ္စာဖြင့် ဟောကြားရပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment