ပစ္စတ္တပုရိသကာရ - ဆိုသည်မှာ လူတို့၏ လုံ့လစွမ်းအားဖြစ်သည်၊ တရားသဘောအားဖြင့် ၀ီရိယဖြစ်၏၊ လောကတွင် ကြီးပွားတိုးတက်ကြောင်း တရားသုံးပါးရှိ၏၊ ထိုသုံးပါးမှာ ကံ၊ ဉာဏ်၊ ၀ီရိယတို့ ဖြစ်သည်၊ ထိုတွင် ၀ီရိယ တရားသည် ကံတရား ဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးရသောကြောင့် ကြီးပွားချမ်းသားရေးတွင် အလွန်အရေးပါ၏။ လောက၌ ပစ္စတ္တပုရိသကာရ ခေါ်သည့် လူတို့၏ လုံ့လစွမ်းအား မရှိသော်လည်းကောင်း၊ လူတို့ မသိနားမလည်သော်လည်းကောင်း တိုးတက်သာယာသော လောကကြီးဖြစ်နိုင်မည် မဟုတ်ပေ။
မြတ်စွာဘုရားသည် တရားတော်များကို သမ္မုတိသစ္စာဖြင့် မဟောကြားဘဲ ပရမတ္ထသစ္စာဖြင့်သာ ဟောကြားမည်ဆိုပါက -
“ခန္ဓာတို့သည် ဝေဠုဝန်ကျောင်းတော်ကြီး၊ ဇေတ၀န်ကျောင်းတော်ကြီးများကို ဆောက်လုပ်ကြကုန်၏၊ အာယတနတို့သည် ဆောက်လုပ်ကြကုန်၏” စသည်ဖြင့် ဟောကြားရပေလိမ့်မည်။ ယင်းသို့ ဟောကြားခဲ့သော် မည်သူမျှ နားလည်သိရှိနိုင်ကြမည် မဟုတ်ချေ။
လူအပေါင်းတို့သည် ဝေဠုဝန်ကျောင်းတော်ကြီးကို ဆောက်လုပ်ကြကုန်၏၊ မင်းတို့သည် ဆောက်လုပ်ကြကုန်၏ စသည်ဖြင့် သမ္မုတိသစ္စာဖြင့် ဟောကြားပါမှ လောကကြီး၏ တိုးတက်မူသည် လူတို့၏ လုံ့လစွမ်းအားပေါ်၌ မူတည်နေသည်ကို သိရှိနားလည်နိုင်ကြပေမည်။
ယင်းသို့ လောက၌ လူတို့၏လုံ့လစွမ်းအား အရေးပါကြောင်းကို သိစေလို၍ သမ္မုတိသစ္စာဖြင့် ဟောကြားရပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment