Tuesday, 22 November 2011

စက္ခုဒွါရ ၀ီထိ

အဆင်းရူပါရုံနှင့် စက္ခုပသာဒတို့ တွေ့ဆုံကြသည်မှစ၍ စိတ္တက္ခဏတစ်ချက် (အတီတဘ၀င်) အလွန်တွင် စက္ခုပသာဒ၌ အဆင်းရူပါရုံထင်လာ၏။ ထိုအခါ -

(၁) အတီတဘ၀င် - လွန်သွားသောဘ၀င်

(၂) ဘ၀င်္ဂစလန - လူပ်ရှားသောဘ၀င်

(၃) ဘ၀င်္ဂုပစ္ဆေဒ - ပြတ်သွားသောဘ၀င်

(၄) ပဉ္စဒွါရာ ၀ဇ္ဇန်း - ငါးဒွါရ၌ထင်လာသော အာရုံကို ဆင်ခြင်သောစိတ်

(၅) စက္ခုဝိညာဉ် - မြင်သိစိတ်

(၆) သမ္ပဋိစ္ဆိုင်း - အာရုံကိုခံယူသောစိတ်

(၇) သန္တီရဏ - အာရုံကို စုံစမ်းသောစိတ်

(၈) ၀ုဋ္ဌော - အာရုံကို ဆုံးဖြတ်မှတ်သားသောစိတ်

(၉) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၀) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၁) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၂) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၃) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၄) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၅) ဇော - အာရုံ၏ အရသာကို ခံစားသောစိတ်

(၁၆) တဒါရုံ (ပထမအကြိမ်) - ဇောအာရုံကို လိုက်ယူသောစိတ်

(၁၇) တဒါရုံ (ဒုတိယအကြိမ်) - ဇောအာရုံကို လိုက်ယူသောစိတ် - တို့ဖြစ်ပြီးနောက် (၁၇)ချက် ရုပ်သက်စေ့ရကား ဒုတိယတဒါရုံနှင့်ပြိုင်၍ ချုပ်လေတော့၏။ ထို့နောက် ဘ၀င်စိတ်များ ဆက်လက်ဖြစ်၏။

ဝီထိစိတ်တို့၏ ဖြစ်စဉ်ကို ခန့်မှန်းနိုင်အောင် သရက်သီး ဥပမာဖြင့် ပြသေးသည်။

(၁) လူတစ်ယောက်သည် သရက်ပင်အောက်မှာ ခေါင်းမြီးခြုံပြီး အိပ်ပျော်နေ၏၊

(၂/၃) အနီးအပါး၌ သရက်သီးကြွေကျ၍ လန့်ပြီးနိုးလာသည်။

(၄) ဘာပါလိမ့်မလဲဟု ဆင်ခြင်ပြီးကြည့်သောအခါ

(၅) သရက်သီးကိုမြင်၍

(၆) လက်ဖြင့်ကောက်ယူပြီး

(၇) နှိပ်နယ်စုံစမ်းကြည့်၏၊

(၈) အနံ့ခံကြည့်ပြီး မှည့်မှန်းသိ၍

(၉/၁၅) စား၏၊

(၁၆/၁၇) သရက်သီးကို စားမျိုပြီးနောက် ထပ်၍ အိပ်ပျော်သွားပြန်သည်။

ဤဥပမာ၌ -

(၁) ဘ၀င်ကျနေခြင်းသည် အိပ်ပျော်နေသည်နှင့်တူ၏၊

(၂/၃) ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒဖြစ်ခြင်းသည် သရက်သီးကြွေက၊ သံကြောင့် လန့်နိုးလာသည်နှင့် တူ၏။

(၄) ပဉ္စဒွါရာဝဇ္ဇန်းဖြစ်ခြင်းသည်နိုးလာပြီး ဘာပါလိမ့်မလဲဟု ဆင်ခြင်မူနှင့်တူ၏၊

(၅) စက္ခုဝိညာဉ်ဖြစ်ခြင်းသည် သရက်သီးကို မြင်မူနှင့်တူ၏၊

(၆) သမ္ပဋိစ္ဆိုင်းဖြစ်ခြင်းသည် လက်ဖြင့် ကောက်ယူခြင်းနှင့်တူ၏၊

(၇) သန္တီရဏဖြစ်ခြင်းသည် မှည့် မမှည့်နှိပ်နယ်စုံစမ်းခြင်းနှင့်တူ၏၊

(၈) ၀ုဋ္ဌောဖြစ်ခြင်းသည် အနံ့ခံပြီး မှည့်မှန်းသိခြင်းနှင့်တူ၏၊

(၉/၁၅) ဇောဖြစ်ခြင်းသည် သရက်သီးကို စားနေခြင်းနှင့်တူ၏၊

(၁၆/၁၇) တဒါရုံဖြစ်ခြင်းသည် သရက်သီးကို မျိုချလိုက်သည်နှင့်တူ၏။

- တဖန်ထပ်၍ ဘ၀င်ကျသွားခြင်းသည် တဖန်ပြန်၍ အိပ်ပျော်သွားသည်နှင့်တူ၏။

ဆောင် ။ ။ အိပ် - နိုး - ဆင် - ကြည်၊ ယူ - နှိပ်ဘိ၊ နံ့သိ - စား မျို၊ အိပ်ပြန်သလို။
ဝီထိတရား၊ ဖြစ်စဉ်များ၊ မှတ်သားစေလို၊ ဋီ - ပြဆို

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment