နိမိတ်ဟူသောစကားသည် နိမိတ္တဟူသော ပါဠိမှ ဆင်းသက်လာသော ပါဠိသက် ဝေါဟာရဖြစ်သည်။ ပွားများအားထုတ်အပ်သော ပထ၀ီကသိုဏ်းဝန်း အစရှိသော အာရုံများကို နိမိတ်(အာရုံ) ဟုခေါ်ဆိုသည်။ ထိုနိမိတ်သည် ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ ပဋိဘာဂနိမိတ်ဟု သုံးမျိုးရှိ၏၊ ထိုတွင် ကမ္မဋ္ဌာန်းစတင်အားထုတ်သည့်အခါ အာရုံပြုအပ်သော ပထ၀ီကသိုဏ်း အစရှိသော အာရုံများကို ပရိကမ္မနိမိတ်ဟုခေါ်သည်။ ထို ပထ၀ီကသိုဏ်း စသော အာရုံများကို မျက်စိဖြင့် ကြည့်ရူရန်မလိုဘဲ စိတ်ထဲ၌ အမြဲတန်းပေါ်နေလျှင် ထိုအာရုံကိုပင် ဥဂ္ဂဟနိမိတ်ဟုခေါ်သည်။ ဥဂ္ဂဟနိမိတ်ထင်လာလျှင် ပဋိဘာဂနိမိတ်ထင်လာစေရန် ထိုဥဂ္ဂဟနိမိတ်ကိုပင် အထပ်ထပ်ဆင်ခြင်ရမည်။ အကယ်၍ အကြောင်းတခုခုကြောင့် ဥဂ္ဂဟနိမိတ်ပျောက်သွားလျှင် အားထုတ်စ ကာလကအတိုင်း ကသိုဏ်ဝန်းအနီး၌ထိုင်ကာ မျက်စိကိုမှိတ်ချီ ဖွင့်ချီဖြင့် ရူမှတ်ရမည်၊ ဤနည်းဖြင့် ဥဂ္ဂဟနိမိတ် ပြန်ပေါ်လာသည်အထိ အားထုတ်ရမည်။
ထိုသို့ အဖန်ဖန်အထပ်ထပ်စီးဖြန်းအားထုတ်သောအခါ သဒ္ဓိနြေ္ဒစသော ဣနြေ္ဒများ လွန်စွာ ကြည်လင်သန့်ရှင်းပြီး ကုသိုလ်စိတ်ကို နှောင့်ယှက်တားမြစ်တတ်သည့် ကာမစ္ဆန္ဒစသော နီဝရဏတရားများနှင့် ကိလေသာများ ကင်းရှင်းသွားတော့သည်။ ဈာန်ရဖို့ရန် လွန်စွာ နီးကပ်နေပြီဖြစ်သည်။ ဤသည်ကိုပင် ပဋိဘောဂနိမိတ်ထင်သည် ဟုခေါ်ဆိုသည်။ ဤ ပဋိဘောဂနိမိတ် (အာရုံ)သည် ဥဂ္ဂဟနိမိတ်(အာရုံ)ထက် လွန်စွာ သန့်ရှင်းသည်။ ပြောင်လက်နေအောင် ပွတ်တိုက်ထားသော ခရုသင်း၊ ကြည်လင်သော မှန်သားပြင်၊ တိမ်များကြားမှ ထွက်ပြုလာသော လမင်း၊ တိမ်မဲညိုတွင် ပျံသန်းသော ဆွတ်ဆွတ်ဖြူသည့် ဗျိုင်းကဲ့သို့ ဥဂ္ဂဟနိမိတ်ကို ဖောက်ခွဲထွက်ပေါ်သည့်ပမာ ထိုဥဂ္ဂဟနိမိတ်ထက် အဆများစွာ သာလွန်တင့်တယ် လှပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment