ကမ္မဋ္ဌာန်းတရားအားထုတ်မူနှင့် ပတ်သက်၍ ဘာဝနာသုံးပါးကိုလည်း လေ့လာသိရှိထားသင့်သည်။ ဘာဝနာသုံးပါးကား - ပရိကမ္မဘာဝနာ၊ ဥပစာရဘာဝနာ၊ အပ္ပနာဘာဝနာ တို့ဖြစ်သည်။ ထိုတွင် ကမ္မဋ္ဌာန်းတစ်ခုခုကို အာရုံယူကာ နူတ်ဖြင့် အထပ်ထပ် ရွတ်ဆို၍ဖြစ်စေ၊ စိတ်ဖြင့်မှန်း၍ဖြစ်စေ ရှေးဦးစွာ စီးဖြန်းပွားများမူကို ပရိကမ္မဘာဝနာ ဟုခေါ်သည်။ ဤပရိကမ္မဘာဝနာဖြင့် အစပျိုးပြီးမှ အဆင့်ဆင့်တက်၍ ပွားများအားထုတ်ရသည်။ မည်သည့်ကမ္မဋ္ဌာန်းကို အားထုတ်သည်ဖြစ်စေ ဤပရိကမ္မဘာဝနာကို အခြေပြုရသည်။
ဈာန်စိတ်၏ အနီး၌ဖြစ်သော သမာဓိကို ဥပစာရဘာဝနာ ဟုခေါ်သည်၊ ဤသမာဓိဆင့်သို့ရောက်လျှင် စိတ်သည် အလွန်တည်ငြိမ်ရင့်ကျက်နေပြီ ဖြစ်သည်။ ဗုဒ္ဓါနုဿတိမှ မရဏာနုဿတိတိုင်အောင် အနုဿတိ(၈)ပါး၊ အာဟာရေ ပဋိကူသလသညာ၊ စတုဓာတု၀၀တ္ထာန် ကမ္မဋ္ဌာန်းများအနက် တစ်ပါးပါးကို အားထုတ်လျှင် ဤဥပစာရသမာဓိအဆင့်ထိ ရောက်ရှိနိုင်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပေသည်။
ဥပစာဘာဝနာထက် ပိုမိုခိုင်မြဲစွာ အာရုံ၌ တည်နေသောဈာန်စိတ်များကို အပ္ပနာဘာဝနာ ဟုခေါ်သည်။ ဤအပ္ပနာဘာဝနာအဆင့်သို့ ရောက်လျှင် ဈာန်ရရှိပြီး ဖြစ်သည်။ ဤအပ္ပနာဘာဝနာ အဆင့်သို့ ရောက်ရှိရန် ဥပစာရဘာဝနာကို ရရှိစေနိုင်သော ဖော်ပြပါကမ္မဋ္ဌာန်း(၁၀)ပါးတို့မှတပါး အခြားကမ္မဋ္ဌာန်း(၃၀)တို့တွင် တစ်ပါးပါးကို အားထုတ်ရပါမည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment