ဈာန်ဖြင့်ကမ္မဋ္ဌာန်းများ ဝေဖန်ခြင်း (ကမ္မဋ္ဌာန်းအားထုတ်ခြင်း၏ အကျိုးရလဒ်များ)
သမထကမ္မဋ္ဌာန်း(၄၀)ရှိသည့်အနက် အချို့ကမ္မဋ္ဌာန်းများက ဈာန်ကို ရရှိစေနိုင်၍ အချို့ကမ္မဋ္ဌာန်းများက ဈာန်ကို မရရှိစေနိုင်ဘဲ ဈာန်ရခါနီးတွင် ဖြစ်ပေါ်လေ့ရှိသော ဥပစာရသမာဓိကိုသာ ရရှိစေနိုင်၏။
ကသိုဏ်း(၁၀)ပါးနှင့် အာနာပါနဿတိကမ္မဋ္ဌာန်းတို့တွင် တစ်ပါးပါးကို အားထုတ်လျှင် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်နှင့် ပဉ္စမဈာန်၊ ဤရူပဈာန်(၅)ပါးကို ရနိုင်သည်။
အသုဘ(၁၀)ပါးနှင့် ကာယဂတာသတိ ကမ္မဋ္ဌာန်းတို့တွင် တစ်ပါးပါးကို အားထုတ်လျှင် ပထမဈာန်ကိုသာ ရနိုင်သည်။ ဒုတိယဈာန် စသော အထက်ဈာန်များကို မရရှိနိုင်။ ထို အသုဘနှင့် ကာယတာသတိကမ္မဋ္ဌာန်း(အာရုံ)တို့သည် အလွန်စက်ဆုတ်ဖွယ်ကောင်းသော အာရုံကြမ်းများ ဖြစ်ကြသည်။ ၀ိတက်စေတသိက်က တွန်းအားပေးမှသာ ကမ္မဋ္ဌာန်းရူပွားစိတ်(ဘာပနာစိတ်)သည် ထိုအာရုံကြမ်းများကို စွဲမြဲစွာ ထင်မြင်နိုင်၏၊ ထိုကမ္မဋ္ဌာန်းများကို အားထုတ်လျှင် ၀ိတက်သည် လွန်စွာ အရေးပါသော တွန်းအားတစ်ခုဖြစ်သဖြင့် ၀ိတက်ပါသော ပထမဈာန်ကိုသာ ရနိုင်ပြီး၊ ၀ိတက်မပါသော ဒုတိယဈာန် စသည့် အထက်ဈာန်များကို မရရှိနိုင်ခြင်းဖြစ်သည်။
မေတ္တာ၊ ဂရုဏာ၊ မုဒိတာဟူသော ဗြဟ္မ၀ိဟာရ တရား(၃)ပါးတို့တွင် တစ်ပါးပါးကို အားထုတ်လျှင် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်နှင့် စတုတ္တဈာန်အထိ ရူပဈာန်(၄)ပါးကို ရနိုင်၏၊ ပဉ္စမဈာန်ကို မူကားမရနိုင်။ မေတ္တာသည် ပျက်စီးစေလိုမူ(ဗျာပါဒ)၏ ဆန့်ကျင်ဘက်ဖြစ်သည်၊ ကရုဏာသည် ညင်းဆဲမူ(၀ိဟိံသ)၏ ဆန့်ကျင်ဘက်ဖြစ်သည်၊ မုဒိတာသည် သူတပါး၏ စည်းစိမ်ကို မရူစိမ့်မူ (အနဘိ ရတိ)၏ ဆန့်ကျင်ဘက်ဖြစ်သည်၊ ဆိုလိုသည်မှာ မေတ္တာစသည်တို့သည် အဆိုပါပျက်စီးစေလိုမူ၊ ညင်းဆဲမူ၊ မရူစိမ့်မူ တို့မှ ကင်းလွတ်၍ ၀မ်းမြောက်ဝမ်းသာဖြစ်မူ(သောမနဿ)နှင့် အမြဲပင် တွဲယှဉ်နေကြသည်။ ထို့ကြောင့် သောမနဿပါသော အောက်ရူပဈာန်(၄)ပါးကိုသာ ရရှိနိုင်ပြီး၊ သောမနဿမပါသော ပဉ္စမဈာန်ကို မရနိုင်။
ဥပေက္ခာပြဟ္မစိုရ်တရားကို အားထုတ်လျှင် ရူပပဉ္စမဈာန်ကို ရရှိနိုင်၏၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ကမ္မဋ္ဌာန်းများကို အားထုတ်သဖြင့် အောက်ရူပဈာန်(၄)ပါးကို လွယ်ကူစွာ ရနိုင်၏။ ရူပ ပဉ္စမဈာန်ကို ရရှိပြီးသောသူသည် ရုပ်ဟူသော အမှန်သည်(ရူပသညာ)ကို ခွာ၍ အာရုပ္ပကမ္မဋ္ဌာန်း(၄)ပါးကို အစဉ်အတိုင်း အားထုတ်လျှင် အဆင့်ဆင့်သော အရူပဈာန်(၄)ပါးကို ရရှိနိုင်သည်။
ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ၊ ဥပသမာနုဿတိ၊ မရဏဿတိ၊ အာဟာရေပဋိကူလသညာ၊ ဥပစာရဘာဝနာခေါ် ဈာန်ရခါနီး၌ဖြစ်သော ဥပစာရသမာဓိကိုသာ ရရှိနိုင်၏၊ ဈာန်တရားများကိုမူ မရနိုင်ပေ။
ဘုရားဂုဏ်တော်စသောအာရုံများသည် အလွန်နက်နဲခြင်း၊ ရေတွက် မပြနိုင်လောက်အောင်ပင် များပြားခြင်းတို့ကြောင့် ထိုဂုဏ်တော် အာရုံများကို ဆင်ခြင်သည့်အခါ ဂုဏ်တော်တစ်မျိုးတည်းဖြင့် အားရမူမရှိနိုင်ဘဲ ဂုဏ်တော် တစ်မျိုးပြီးတစ်မျိုး ဆက်ကာဆက်ကာ ဆင်ခြင်နေရသောကြောင့် စိတ်သည် အာရုံတစ်မျိုးတည်း၌ စူးစူးစိုက်စိုက် မသက်ဝင်နိုင်၊ ထို့ကြောင့် ဈာန်တရားများကို မရရှိနိုင်ခြင်း ဖြစ်သည်။
ထိုဈာန်တရားများကို ပစ္စုပ္ပန်ဘ၀၌ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ နေရခြင်း၊ စိတ်စွမ်းအင် (အဘိညာဉ်)ကို ရရှိနိုင်ခြင်း၊ တည်ငြိမ်ရင့်ကျက်ခြင်းစသော လက်ငင်းအကျိုးများနှင့် တမလွန်ဘ၀တွင်လည်း ဗြဟ္မာဘုံ၌ ဖြစ်ရခြင်းစသော အကျိုးများကို ရရှိနိုင်ပေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment