ပထ၀ီကသိုဏ်း စီးဖြန်းသည့်အခါ မမှိတ်လွန်း၊ မဖွင့်လွန်းဘဲ မှန်သားပြင်၌ မိမိမျက်နှာပုံရိပ်ကို ကြည့်သကဲ့သို့ ကသိုဏ်းဝန်းပုံကို အလိုက်သင့် ကြည့်ရူရမည်။ ဤတွင် ကသိုဏ်းဝန်းပုံ၏ မ၀င်းလွန်း မ၀ါလွန်း အရုဏ်ရောင်အဆင်းကိုလည်း မဆင်ခြင် မစဉ်းစားသင့်၊ ပထ၀ီဓာတ်၏ ခက်မာခြင်း သဘောကိုလည်း နှလုံးမသွင်းသင့်၊ အဆင်းနှင့် မြေသားဒြပ်ကို တစပ်တည်းထင်စေလျက် မြေသား ကသိုဏ်းဒြပ်၌ စိတ်စိုက်ထား၍ ပထ၀ီ-ပထ၀ီ-မြေ-မြေ ဟု ပွားများရမည်။ ထိုသို့ပွားများရာတွင် ရံခါ မျက်စိကိုမှိတ်၊ ရံခါ မျက်စိကိုဖွင့်၍ နိမိတ်ထင်အောင် ပွားများရမည်။ ဤနည်းဖြင့် ဥဂ္ဂဟနိမိတ် မထင်မချင်း ပွားများရပါမည်။ ဥဂ္ဂဟ နိမိတ်ဆိုသည်မှာ အခြားမဟုတ် မူလစီးဖြန်းစဉ်က မျက်စိဖြင့် ရူကြည့်သောအခါ ကသိုဏ်းဝန်းပုံသည် မျက်စိထဲတွင် ရှင်းလင်းပီပြင်စွာ မြင်နေသကဲ့သို့ မျက်စိကို မှိတ်၍ ဆင်ခြင်သောအခါတွင်လည်း စိတ်ထဲတွင် ကသိုဏ်းဝန်းပုံ ပီပြင်စွာ ထင်မြင်နေခြင်းပင်ဖြစ်သည်။ ယင်းသို့ စိတ်ထဲမှာ ပီပြင်စွာ ပေါ်နေ ထင်မြင်နေခြင်းကိုပင် ဥဂ္ဂဟနိမိတ်ထင်သည်ဟု ဆိုသည်။
ထိုသို့ ဥဂ္ဂဟနိမိတ်ထင်လာသောအခါ ပွားများဆဲ ကသိုဏ်းဝန်းပုံရှိသည့် နေရာတွင် ဆက်လက်ထိုင်နေရန် မလိုတော့ပေ။ မိမိနေထိုင်ရာ နေရာ(အခန်း)သို့ ပြန်လာပြီး ပထ၀ီ-ပထ၀ီ-မြေ-မြေ ဟု ပွားမြဲအတိုင်း ပွားရမည်။ အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် သမာဓိ နုသေး၍ ရကာ စဥဂ္ဂဟနိမိတ် ပျောက်ကွယ်သွားခဲ့သော် ကသိုဏ်းဝန်းပုံရှိရာသို့ သွားရောက်၍ ဥဂ္ဂဟနိမိတ် အာရုံပြန်ပေါ်အောင် ပွားများအားထုတ်ရမည်။ ထို့နောက် မိမိနေထိုင်ရာနေရာသို့ ပြန်လာပြီး ရှေးနည်းအတိုင်း အဖန်ဖန် ပွားများရမည်။
ဤသို့ ကြိမ်ဖန်များစွာ ပွားများသောအခါ ကိလေသာအဖြစ်နည်း၍ နီဝရဏများ ငြိမ်းစဲသွားသဖြင့် စိတ်တည်ကြည်ရင့်ကျက်လာသောအခါ ကြည်လင်သော မှန်သားပြင်၊ ပြောင်လက်နေအောင် ပွတ်တိုက်ထားသော ခရုသင်း၊ တိမ်ကြားမှ ထွက်ပြူလာသော လပြည့်ဝန်း၊ တိမ်မဲညိုရှေ့၌ ပျံသန်းနေသော ဆွတ်ဆွတ်ဖြူသည့် ဗျိုင်းတို့ကဲ့သို့ လွန်စွာကြည်လင်သန့်ရှင်းသော အာရုံနိမိတ် ဖြစ်ပေါ်လာသည်။ ဤသည်ကိုပင် ပဋိဘာဂနိမိတ် ထင်သည်ဟု ဆိုသည်။ ဤတွင် ဥဂ္ဂဟနိမိတ်ထင်ချိန်၌ လက်ချောင်း၊ လက်ဖနောင့်ရာ စသော ကသိုဏ်း၏ အပြစ်များထင်နေသေး၏။ ပဋိဘာဂနိမိတ်၌ကား ထိုကသိုဏ်းအပြစ်များ ကင်းစင်၍ ဥဂ္ဂဟနိမိတ်ထက် များစွာစင်ကြယ်ထင်ရှားလေသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment