နာမ်ရုပ်တို့၏ အကြောင်းအမျိုးမျိုး၊ အကျိုးအမျိုးမျိုး၊ ကျေးဇူးပြုပုံ အမျိုးမျိုးတို့ဖြင့် နည်းမျိုးစုံရောပြွမ်၍ ဟောကြားရာကျမ်းသည် ပဋ္ဌာန်းကျမ်းမည်၏။ (ပ = အမျိုးမျိုး + ဌာန = အကြောင်းတရား)
ဤပဋ္ဌာန်းကျမ်းကိုပင် အနန္တနယသမန္တပါသာဒိကကျမ်းဟုလည်း ခေါ်ပြန်သေး၏။ ရေတွက်၍ မဆုံးနိုင်အောင် နည်းပေါင်းစုံသောကြောင့် အနန္တနယဟု ခေါ်သည်။ ပတ်ဝန်းကျင် အလုံးစုံ ပြည့်စုံသောကြောင့် သမန္တဟု ခေါ်သည်။ အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ကြည်ညိုဖွယ်ကောင်းသောကြောင့် ပါသာဒိကဟု ခေါ်သည်။ ထို့ကြောင့် ပဋ္ဌာန်းကျမ်းတော်ကြီးသည် နည်းပေါင်းစုံတို့ဖြင့် အလုံးစုံ ပြည့်ဝကာ အစ အလယ် အဆုံး သုံးပါးလုံး ကြည်ညိုဖွယ်ကောင်းသောကြောင့် အနန္တနယသမန္တပါသာဒိက အမည်ရလေသည်။
ဤပဋ္ဌာန်းကျမ်း၌ မြတ်စွာဘုရားသည် ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ၊ ပညတ်စသော တရားများက ဆိုင်ရာ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ၊ ပညတ်စသော တရားများအား ဟေတု၊ အာရမ္မဏစသော ပစ္စည်းတို့ဖြင့် ကျေးဇူးပြုပုံကို အကြောင်း၊ အကျိုး ၂၄-မျိုးထိအောင်ဆက်စပ်ခွဲခြမ်းကာ ဟောပြတော်မူပါသည်
သို့ဖြစ်၍ ယင်းပဋ္ဌာန်းကျမ်းသည် စိတ်၊ စေတသိက် စသော ပရမတ္ထသစ္စာတရားများနှင့် ပုဂ္ဂိုလ်၊ ကျောင်း၊ အိပ်ရာ၊ နေရာ၊ ရာသီဥတု၊ စားဖွယ်ဘောဇဉ်စသော သမ္မုတိသစ္စာ ပညတ်တရားများကို ဟောပြသော ကျမ်းပင်ဖြစ်ပါသည်။
ထို့ကြောင့် ဤပဋ္ဌာန်းကျမ်းကိုလည်း သမ္မုတိသစ္စာနှင့် ပရမတ္ထသစ္စာ နှစ်ပါးလုံးကို ဟောတော်မူသည့် ကျမ်းဟုပင် ဆိုနိုင်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment