ဂေါတမဗုဒ္ဓမြတ်စွာ ဘုရားသခင်သည် သက်တော် ၈၀၊ ၀ါတော် ၄၅ ၀ါ၌ မလ္လာမင်းတို့၏ ကုသိနာရုံအင်ကြင်းတော၌ ပရိနိဗ္ဗာန် စံဝင်တော်မူသောအခါ အလောင်းတော်သည် တေဇောဓာတ်လောင်ပြီးနောက် ကျန်ရစ်သော သရီရဓာတ်တော်များကို စေတီတည်ထား ကိုးကွယ်ရန် ရှစ်ပြည်ထောင်မင်းအပေါင်းတို့သည် စစ်ဖြစ်လုနီးပါးအထိ ဓာတ်တော်များကို အရလုရန်ကြံစည် ကြသည်။ ထိုအခါ ဒေါနအမည်ရှိသော ဗြဟ္မဏပုဏ္ဏားက ကြားဝင်ဖျန်ဖြေပြီး ဓာတ်တော်များကို ရှစ်စုခွဲ၍ ရှစ်ပြည်ထောင်မင်းတို့ ညီတူညီမျှရယူပူဇော်ကြရန် အကြံပြုရာ မင်းအပေါင်းက သဘောတူလက်ခံကြသည်။ ဓာတ်တော်များကို ရှစ်စုခွဲ၍ ဝေနေသော ဒေါနပုဏ္ဏားသည် မြတ်စွာဘုရား၏ အထက် လက်ယာစွယ်တော်ကို သူ့ဦးခေါင်းတွင် ၀ှက်ထားလိုက်သည်ကို သိကြားမင်း မြင်တွေ့သဖြင့် တာဝတိံသာသို့ ပင့်ဆောင်သွားပြီး စူဠာမဏိ စေတီတွင် တည်ထား ကိုးကွယ်သည်။ အောက် လက်ယာစွယ်တော်ကို နဂါးမင်းက ပင့်ယူသွားပြီး ကိုးကွယ်သည်။ အထက်လက်ဝဲစွယ်တော်ကို ဂန္ဓာရတိုင်းသို့ ပင့်ဆောင် ကိုးကွယ်သည်။ အောက်လက်ဝဲစွယ်တော်ကို ဒန္တပူရပြည်သို့ ပင့်ဆောင်ကိုးကွယ်သည်။
လူ့ပြည်တွင် ကိန်းဝပ်နေသော စွယ်တော်စစ်နှစ်ဆူမှာ ထိုအချိန်က ဂန္ဓလရာဇ်ဟု တွင်သော စိန့်တိုင်း ယခုတရုတ်ပြည်သူ သမ္မတနိုင်ငံရှိ မြတ်စွယ်တော်နှင့် ထိုအချိန်က ဒန္တပူရပြည်ဟုတွင်သော ယနေ့ သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ရှိ မြတ်စွယ်တော်တို့ဖြစ်သည်။
Monday, 12 December 2011
မြတ်ဗုဒ္ဓ၏ စွယ်တော်များ
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment