ဥတ္တရာ ပရာဒေ့ရှ်(ယူပီ) ပြည်နယ်တွင် တည်ရှိသည်။ ရှေးယခင်က မလ္လာမင်းတို့၏ နေပြည်တော် ဖြစ်ခဲ့သည်။ ယခုအခါ ကျေးရွာငယ်အဖြစ် ပြောင်းလဲနေသည်။
ကုသိနာရုံသို့ရောက်လျှင် တန်ဆောင်ကြီးနှင့် မြင့်မားသည့် စေတီတော်ကြီးတို့ကို ဖူးမြင်ရမည်ဖြစ်သည်။ အာရုံခံတန်ဆောင်းထဲတွင် ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူသည့်ပုံတော်ကို ဖူးတွေ့ရပါသည်။ သက်ကြီးရွယ်အို နာတာရှည်ရောဂါသည်တစ်ဦး၏ ဘ၀နိဂုံးချုပ်ပုံကို အသက်ဝင်အောင် ပီပီပြင်ပြင် ထုလုပ်ထားရှိသည်။
မျက်နှာတော်အနေသည် နှာခေါင်းတော်၏ ပွယောင်းပုံ နားရွက်တို့နောက်ကပ်နေပုံ၊ မျက်လုံးတို့အားပျော့ပုံ၊ ပါးတစ်ခြမ်းအိထွက်နေပုံနှင့် ခြေဖမိုးတော်တို့ ဖူးယောင်နေပုံတို့မှာ အလွန်တရာ သဘာဝကျပေသည်။ သေချာစွာကြည့်လေ အသက်ဝင်လေပင်။ ထိုကြောင့် မြင်ရသူများအဖို့ ရွှေရင်ဆို့ကာ မျက်ရည်မိုးဖြိုင်ဖြိုင် စွေဖြိုးရသောနေရာဖြစ်သည်။ ဤဆင်းတုတော်ကို အေဒီ ၅ရာစုက ဟရိဗလံဆွာမိက လှူဒါန်း၍ ဗိသုကာ ဒီနဆိုသူက ထုလုပ်ခဲ့သည်ဆို၏။ မူလက ရုပ်ပွားတော်နှင့် ပလ္လင်တော်နှစ်ခုလုံး ကျောက်တုံးတစ်ခုတည်းမှ ထုလုပ်ထားသည်ဆို၏။ ရုပ်ပွားတော်မှာ ဖ၀ါးတော်မှ ဥသျှောင်တော်ထိ ပေ-၂၀ ရှိ၏။ ညောင်စောင်း၏ အခြေတွင် ဆရာဇီဝက အရှင်အာနန္ဒာ သုဘဒ္ဒပုံ စသည်တို့တွင် ထုထားသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည့်ပုံစံအတိုင်း မြောက်သို့ ဦးခေါင်းတော်ပြု၍ အနောက်သို့ မျက်နှာမူကာ(နေရဗာန်) ပုံပင်ဖြစ်၏။ ဤနေရာကို အိန္ဒယကျောက်စာဌာနမှ ၁၈၅၂-ခုမှ စတင်တူးဖော်ခဲ့ရာ ၁၉၁၂-ခုတွင် အပြီးသတ်ခဲ့၏။ ၁၈၃၃တွင် ကြီးကြပ်သူ မစ္စတာအေးစီကလိုင်သည် တစ်စစီဖြစ်နေသော ဤရုပ်တုတော်ကို ပြန်လည်ဆက်စပ်ထားခဲ့သည်။ မူလက တန်ဆောင်းမှာ မတ်ရပ်လှည့်ပတ်ကြည့်ရူရုံမျှသာ ဖြစ်သော်လည်း ၁၉၅၆ (သာသနာ ၂၅၀၀)နှစ်တွင် အစိုးရက ဤသို့သင့်တော်သော အဆောက်အုံအဖြစ် ပြောင်းလဲဆောက်လုပ် ပေးခဲ့လေသည်။
ကုသိနာရုံ၏ သက္ကရာဇ်နှင့် ဖြစ်ရပ်များ
ဘီစီ ၄၈၃ (သို့) ၅၁၈ - မေလခန့်(ကဆုန်) လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံခဲ့သည်။ ပရိနိဗ္ဗာန်စံပြီး ၁၄-ရက်အကြာ ကဆုန်လပြည့်ကျော် ၁၃-ရက်ခန့်တွင် တေဇောဓာတ်လောင်ခဲ့သည်။ နယုန်လဆန်း ၅-ရက်နေ့၌ ဓာတ်တော်များဝေခဲ့သည်။
ဘီစီ ၂၅၀ - အသောကသည် ပရိနိဗ္ဗာန် စေတီနှင့် အင်္ဂါရ စေတီကြီးများ ဆောက်လုပ်ခဲ့သည်။ တေဇောဓာတ်လောင်ရာကုန်းမှ စေတီပျက်ကြီးမှာလည်း အသောကမင်းကြီး၏ အလှူတော်ဖြစ်နိုင်သည်။
မဟာပရ်နိဗ္ဗာနစေတီတော်
ဤစေတီတော်သည် မြတ်စွာဘုရား (အင်ကြင်းပင်ပျို) နှစ်ပင်ကြား ပရိနိဗ္ဗာန်ပြုတော်မူရာဌာန၌ တည်ထားခဲ့ခြင်း ဖြစ်သည်။ (ဟူယင်ဆန် မှတ်တမ်းအရ အသောကမင်းကြီးတည်ခဲ့ပြီး ပေ-၂၀၀ခန့်မြင့်သည်ဆို၏)။ ၁၈၇၆တွင် အစိုးရဌာနမှ တူးဖော်စဉ် စေတီတွင်းမှ ကြေးအိုးကြီးတစ်လုံး ရခဲ့၏။ အထဲတွင် စာပါသောကြေးပြားတစ်ချပ်နှင့် ကုမာရဂုတ္တခေတ်(၄၁၈-၄၅၅ အေဒီ) သုံး ဒင်္ဂါး ၆ ပြား တွေ့ရသည်။ ကြေးပြားပါစာအရ ဤစေတီတော်ကို ဟရိဗလဆွာမိက ပြုပြင်ခဲ့ကြောင်းသိရသဖြင့် အေဒီ ၅ရာစုတွင်လည်း ထပ်မံပြင်ဆင်ခဲ့၏။ ၁၉၁၂ ခုတွင် မြန်မာနိုင်ငံ ဟင်္သာတမြို့ အရေးပိုင် ဦးဖိုးကြူးက ငွေ ၁၀၀၀၀ အကုန်ခံကာ ထပ်မံပြင်ဆင်ခဲ့ပြီး၊ ၁၉၂၇ တွင် ၁၁၀၀၀ အကုန်ခံ၍ ထီးတော်တင်လျက် ရွှေချခဲ့သည်။ ယခုလည်း အစိုးရက ထပ်မံပြင်ဆင် တည်ဆောက်ဆဲဖြစ်သည်။
တေဇောဓာတ်လောင်ရာကုန်း
ရှေ့သို့ဆက်သွားလျှင် လမ်း၏၀ဲဘက်တွင် ကုလား ဗုဒ္ဓဘာသာကျောင်း၊ ဂျပန်ဘုရားကျောင်း၊ (ဆောက်လုပ်ဆဲ) တို့ကိုဖြတ်ကျော်ပြီးနောက် လမ်း၏၀ဲဘက်တွင် ကုန်းမို့မို့ကြီးတစ်ခုကို စည်းရိုးခတ်ထားကာတွေ့ရ၏။ ၎င်းသည် ဘုရားရှင် တေဇောဓာတ် လောင်ကျွမ်းတော်မူရာ နေရာဖြစ်၏။ ၎င်းနေရာသည် စေတီပျက်ကြီးပင်ဖြစ်၏။ အသောက၏ လက်ရာဖြစ်ဟန်တူသည်။ ပရိနိဗ္ဗာန်ပြုစဉ်က မလ္လာမင်းတို့၏ ဥသျှောင်ထုံး၍ မကိုဋ် သရဖူဆောင်းရာ မင်္ဂလာနေရာတွင် ဘုရားရှင်၏ ရုပ်ကြွင်းတော်သည် တေဇောဓာတ်လောင်ကျွမ်းတော်မူရာ ဌာနဖြစ်ခဲ့သည်။ ဤနေရာ၌ စေတီတည်ထားခဲ့ခြင်းဖြစ်၏။ ၎င်းကုန်းထပ်တွင် ၁၉၅၆ (၂၅၀၀ သာသနာ) မတိုင်မီက ညောင်ပင်ကြီးတစ်ပင်ရှိရာ တရုတ်ဘုန်းကြီးတစ်ပါးသည် ကျောင်းအဖြစ် သစ်ပင်ပေါ်တွင် တက်ရောက်နေခဲ့သည်။ ၁၉၅၆ တွင် သက်ဆိုင်ရာဌာနက ၎င်းအား လမ်း၏ယာဘက်ရှိကျောင်းကို ဆောက်လုပ်ပေးကာ ဤစေတီကို သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်၏။ ထိုစေတီကို အင်္ဂါရစေတီဟု ခေါ်ကြသည်။ ဘုရားရှင်တေဇောဓာတ်လောင်ကျွမ်းသည့် မီးသွေးများကို ဌာပနာသောကြောင့် လည်းကောင်း၊ မီးသွေးအစုအပုံများရှိသောကြောင့် လည်းကောင်း ဤအမည်တွင်ကြောင်း သိရသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment