အရှင်မဟာကဿပသည် အသီတိမဟာသာဝက တပည့်ကြီးအပါး ၈၀-တွင် အဂ္ဂသာဝကနှစ်ပါးပြီးလျှင် တတိယမြောက် မဟာသာဝကကြီး ဖြစ်သည်။ သာသနာတော်သို့ ၀င်ရောက်သည့်နေ့မှ စ၍ ဓုတင် ၁၃-ပါးတို့ကို အသက်ထက်ဆုံး ဆောင်တော်မူခဲ့သည်။ အဂ္ဂသာဝကကြီး နှစ်ပါးနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် စနစ်တကျ စုစည်းထားခြင်း မရှိသေးသော ၄၅-၀ါကာလပတ်လုံး မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် တရားဒေသနာတော်များကို သဘောတူရာ စုပေါင်းရွတ်ဆို ရှေးဦးစွာ သံဂါယနာတင်ရာတွင် အရှင်မဟာကဿပဦးဆောင်ခဲ့သည်။ မထေရ်မြတ်၏ အမြော်အမြင်ကြီးမားမူ၊ မနားမနေကြိုးစားအားထုတ်မူ၊ ဆန့်ကျင်ဘက်ပုဂ္ဂိုလ်တို့၏ အဓမ္မ၀ါဒများ မလွှမ်းမိုးမီ ကြိုတင်စီစဉ်မူစသည့် စွမ်းရည်သတ္တိထူးတို့ကြောင့် ထေရ၀ါဒဗုဒ္ဓသာသနာတော်သည် စင်ကြယ်သော ၀ါဒကြီးတရပ်အဖြစ် ယနေ့တိုင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
အရှင်မဟာကဿပလောင်းလျာသည် လွန်ခဲ့သော အတိတ်ကာလ ကမ္ဘာတစ်သိန်းထက်ဝယ် လူ့လောက၌ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ် ဝေဒေဟအမည်ရသော ကုဋေရှစ်ဆယ်ကြွယ်ဝသူ သူဌေးတစ်ဦးဖြစ်ခဲ့သည်၊ ပဒုမုတ္တရဘုရားရှင်သည် မဟာနိသဘထေရ်အား သံဃာတော်တို့အား ၇-ရက်တိုင်တိုင် ဆွမ်းသင်္ကန်းပေးလှူပြီးနောက် ထိုဧတဒဂ်ဆုကို တောင်းခဲ့သည်၊ မြတ်စွာဘုရားကလည်း နောင်ပွင့်လတ္တံ့သော ဂေါတမဘုရားရှင်လက်ထက်တွင် မဟာကဿပဟူသောအမည်ဖြင့် ဓုတ၀ါဒ ဧတဒဂ် ရလိမ့်မည် ဟု ဗျာဒိတ် မိန့်ကြားတော်မူခဲ့သည်။
အရှင်မြတ်လောင်းလျာသည် သံသရာကျင်လည်ခဲ့ပြီး ဗြဟ္မာ့ပြည်မှ စုတေကာ နောက်ဆုံးဘ၀ မဂဓတိုင်း မဟာတိတ္ထပုဏ္ဏားရွာ၌ ကပိလပုဏ္ဏား သူဌေးကြီး၏သား ပိပ္ပလိလုလင်ဖြစ်လာသည်၊ အရွယ်ရောက်လတ်သော် မိဘတို့က မဒ္ဒတိုင်း၊ သာဂလမြို့ ကောသိယအနွယ် ပုဏ္ဏားသူဌေးကြီး၏သမီး ဘဒ္ဒါကာပိလာနီနှင့် လက်ထပ်ပေးကြ၏၊ ဗြဟ္မာ့ပြည်မှလာသူများဖြစ်၍ မိဘတို့ ကျေနပ်ရုံ လက်ထပ်ခဲ့ကြသော်လည်း အိမ်ထောင်သားမွေးလိုစိတ် အလျင်းမရှိကြသဖြင့် အိပ်ရာအလယ်တွင် ပန်းကုံးခြားပြီး အိပ်စက်ခဲ့ကြသည်။ မိခင် ဖခင်တို့ ကွယ်လွန်သောအခါ ဥစ္စာ (၈၇)ကုဋေ၊ လယ်ယာဧကများစွာ၊ ရွာကြီးဆယ့်လေးရွာ၊ ဆင်တပ်၊ မြင်းတပ်၊ ရထားတပ်များကို စွန့်လွှတ်၍ နှစ်ဦးလုံး ဖန်ရည်ဆိုးသော အ၀တ်ကို ဆင်မြန်း၍ ရသေ့ရဟန်းပြုခဲ့ကြသည်၊ ထိုအချိန်မှစ၍ အတူတကွ သွားလာနေထိုင်ရန် မသင့်လျော်တော့သဖြင့် တစ်ယောက်တစ်လမ်း လမ်းခွဲ၍ ထွက်ခဲ့ကြသည်။
ထိုအချိန်မှာ မြတ်စွာဘုရားသည် ပထမ၀ါကျွတ်၍ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်း သုံးနေချိန်ဖြစ်သည်၊ ကပိလ၀တ်ပြည်သို့ မကြွသေး၊ အနာဂတ်သာသနာတော်အတွက် အလွန်အရေးပါမည့် ပိပ္ပလိလုလင် တောထွက်လာသည်ကို သိမြင်တော်မူ၍ သုံးဂါဝုတ်ခရီး ကြွရောက်တော်မူပြီး ရာဇဂြိုဟ်နှင့် နာလန္ဒာမြို့ အကြား ဗဟုပုတ္တက ပညောင်ပင်ရင်း၌ ရောင်ခြည်တော် ခြောက်သွယ် လွှတ်ကာ ကြိုဆိုထိုင်နေတော်မူ၏၊ ပိပ္ပလိလုလင်သည် မြတ်စွာဘုရားထံ ရှိခိုးလျက် ချဉ်းကပ်ပြီး တပည့်မှတ်တော်မူရန် လျှောက်ထားလေသည်၊ မြတ်စွာဘုရားကလည်း သြ၀ါဒသုံးရပ်ကို အထူးဟောကြားတော်မူ၍ ရဟန်းအဖြစ်ချီးမြှင့်တော်မူသည်၊ ထိုသြ၀ါဒသုံးရပ်မှာ -
(၁) သံဃာအားလုံးနှင့် ဆက်ဆံရာတွင် မကောင်းမူ၌ ရှက်ကြောက်သော ဟိရီသြတ္တပ္ပတရား ဦးထိပ်ထား၍ ဆက်ဆံရမည်၊
(၂) မည်သူက ဟောသည်ဖြစ်စေ ကုသိုလ်နှင့်စပ်သော တရားမှန်သမျှကို ရိုရိုသေသေ နာယူကျင့်သုံးရမည်၊
(၃) ကာယဂတာသတိ ကမ္မဋ္ဌာန်းကို အမြဲရူပွားရမည် -
တို့ဖြစ်လေသည်။ ထိုသြ၀ါဒသုံးရပ်ကို ခံယူရုံမျှဖြင့်ပင် မြင့်မြတ်သော ရဟန်းအဖြစ်ကို ရရှိတော်မူလေသည်။ သာသနာတော်တွင် သြ၀ါဒခံယူယုံဖြင့် မြင့်မြတ်သောရဟန်းဘ၀ရသူမှာ ဤအရှင်တစ်ပါးသာရှိလေသည်။
မြတ်စွာဘုရားသည် အရှင်မြတ်ကို ကိုယ်တော်အလား အထူးမြှောက်စားကာ သင်္ကန်းချင်းလဲလှယ် ၀တ်ရုံသည်အထိ အသိအမှတ်ပြုတော်မူသည်။ မြတ်စွာဘုရား၏ ပံ့သကူသင်္ကန်းတော်ကို အရှင်မြတ်က ၀တ်ရုံ၍ အရှင်မြတ်အသုံးပြုသော ကမ္ဗလာသင်္ကန်းကို မြတ်စွာဘုရားက ၀တ်ရုံတော်မူလေသည်၊ ထိုနေ့မှစ၍ ဓုတင် ၁၃-ပါးကို မပြတ်ဖြည့်ကျင့်တော်မူသည်၊ ရဟန်းဖြစ်၍ ၈-ရက်မြောက်တွင် ပဋိသမ္ဘိဒါလေးပါး အဘိညာဉ်ခြောက်ပါးနှင့်အတူ အရဟတ္တမဂ်ဖိုလ်ကို ရတော်မူ၍ ရဟန္တာထေရ်ကြီး ဖြစ်လေသည်။ နောင်သောအခါတွင် သာဝတ္ထိပြည် သံဃာ့အစည်းဝေးပွဲကြီး၌ မြတ်စွာဘုရားက အရှင်မြတ်အား ဓုတ၀ါဒဧတဒဂ်ဖြင့် ချီးမြှောက်တော်မူသည်။
မြတ်စွာဘုရားရှင်က အသက်အရွယ် ကြီးရင့်လာပြီဖြစ်သဖြင့် အချို့ဓုတင်တို့ကို လျှော့ချရန် မိန့်တော်မူသော်လည်း မိမိအတွက် ပို၍ ၀န်မလေးကြောင်း လျှောက်ထားကာ ဓုတင် ၁၃-ပါးကို အသက်ထက်ဆုံး ဆောင်မြဲဆောင်တော်မူခဲ့သည်၊ ဤသို့ ဓုတင်များကို ကျင့်ဆောင်ခြင်းမှာ ရဟန္တာဖြစ်နေပြီးသော မထေရ်မြတ်အတွက်မျှသာ မဟုတ်၊ နောင်လာနောင်သား ရဟန်းသံဃာတော်များ အတုယူကြစေရန်လည်း ရည်သန်တော်မူသည်၊ ဓုတင်အကျင့် ဟူသည် ကိလေသာတို့ကို ဖိနှိပ်ချိုးနှိမ်ရန် ကျင့်ရသော အကျင့်မျိုးဖြစ်သဖြင့် ရဟန်းတော်တို့အတွက် လွန်စွာအရေးပါသော ကျင့်ဝတ်ဖြစ်သည်။ ကိလေသာကို အနိုင်တိုက်ထုတ်နိုင်သော အမွှမ်းတင်သီလ ပဓာနအကျင့် လက်နက်ကြီးပင်တည်း။
ထိုမှတပါး မထေရ်မြတ်၏ အထူးမှတ်သားကြည်ညိုဖွယ်ကောင်းသော လုပ်ဆောင်ချက်တစ်ခုမှာ ဆင်းရဲသားများ၊ ကုဋ္ဌနူနာသည်များ၊ ဒုက္ခိတများကို အထူးဦးစားပေး ချီးမြှောက်တော်မူလေ့ရှိခြင်းပင် ဖြစ်သည်။
မထေရ်မြတ်သည် ဆင်းရဲနုံချာလှသော သူဆင်းရဲများကို ချီးမြှောက်တော်မူလိုသဖြင့် ဆွမ်းခံမကြွမီ သမာပတ်အမြဲဝင်စားပြီးမှ ဆွမ်းခံကြွလေ့ရှိသည်။ မထေရ်မြတ်ကို လှူဒါန်းသောသူတို့မှာ မျက်မှောက်ဘ၀မှာပင် ဒိဋ္ဌဓမ္မအကျိုးရလေ့ရှိသဖြင့် သိကြားမင်းဇနီးမောင်နှံကပင်လျှင် ဆင်းရဲသား သူအိုလင်မယား ဟန်ဆောင်၍ လှူဒါန်းရသည်အထိ မထေရ်မြတ်၏ သတင်းက ကျော်ကြားခဲ့လေသည်။ ကုဋ္ဌနာရှင်တစ်ဦး၏ ဆွမ်းကို အလှူခံယူစဉ် ဆွေးမြေ့ နေသော လက်ဆစ်ကလေး သပိတ်ထဲပြုတ်ကျသွားသည်ကို မထေရ်ရော ဒကာပါ သိရှိတွေ့မြင်ကြ၏၊ အလှူ့ရှင်သဒ္ဓါပွားစေရန် အလှူ့ရှင်ရှေ့မှာပင် ထိုဆွမ်းကို ဘုဉ်းပေးရာ လက်ဆစ်ကလေးကို ဖယ်ကာ ဖယ်ကာ ဘုဉ်းပေးတော်မူရလေသည်။
မြတ်စွာဘုရားရှင်သည် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် မဟာပရိနိဗ္ဗာန်ပြုတော်မူသောအချိန် အရှင်မဟာကဿပသည် ပါဝါပြည်မှ ကုသိနာရုံသို့ တပည့်ရဟန်းငါးရာနှင့်အတူ ကြွလာတော်မူနေသည်၊ လမ်းတွင် သစ်ပင်တစ်ပင်အောက် အပန်းဖြေနားနေစဉ် အစေလကတက္ကတွန်း တစ်ယောက်သည် ပရိနိဗ္ဗာန်ပွဲတွင် ကြဲချပူဇော်ခဲ့သော မန္ဒာရ၀နတ်ပန်းတစ်ပွင့်ကို ဆောင်းယူလာခဲ့သည်။ ထိုတက္ကတွန်းထံမှ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူသွားပြီဖြစ်ကြောင်း ကြေကွဲဖွယ်ရာသတင်းကို ကြားရသောအခါ ပုထုဇဉ်ရဟန်းတော်တို့ ပြင်းပြစွာ ငိုကြွေးကြသည်။ ထိုအခါ သုဘဒ္ဒတောထွက်ရဟန်းကြီးက -
“ငါ့ရှင်တို့ - မငိုကြွေးကြနှင့်၊ ယခုအခါ ငါတို့သည် မိမိလုပ်ချင်ရာကို လုပ်ခွင့်ရကြပြီး၊ ယခင်ကမူ မြတ်စွာဘုရားရှင်က ဒါမလုပ်ရ၊ ဟိုဟာမလုပ်ရ၊ ဒီလိုမလုပ်ရ၊ ဒီလိုမနေရ စသည်ဖြင့် တင်းတင်းကြပ်ကြပ် သိက္ခာပုဒ် ပညတ်ချက်များဖြင့် ချုပ်ချယ်ခဲ့သည်၊ ယခုတော့ လွတ်လပ်ပြီ၊ လုပ်ချင်ရာ လုပ်ခွင့်ရကြပြီ၊ ငိုမနေကြနှင့်”ဟု နှစ်သိမ့်စကား ပြောကြားရာ ထိုစကားကို အရှင်မဟာကဿပမထေရ်ကြီး ကြားသိတော်မူလျှင် ဓမ္မသံဝေဂကြီးစွာ ဖြစ်တော်မူသည်။ မိမိအပေါ် ထားရှိခဲ့သော မြတ်စွာဘုရားရှင်၏ ကျေးဇူးဂုဏ်တို့ကိုလည်း ဆင်ခြင်တော်မူမိသည်။
မြတ်စွာဘုရားရှင်သည် စန္ဒူပမသုတ်တော်ဖြင့် ကောင်းကင်အလယ် အနှောင်အဖွဲ့ကင်းစွာ ၀င်းပထိန်လင်း သန့်ရှင်းကြည်လင်နေသော လပြည့်ဝန်းနှင့် နိုင်းယှဉ်ကာ ဒကာ ဒကာမတို့အပေါ်၌ တွယ်တာမူမရှိပုံကို ဂုဏ်ပြုမြှောက်စားတော်မူခဲ့သည်။ ဘုရားရှင်မရှိတော့သည့် နောက်ကာလ၀ယ် အနာဂတ် သာသနာတော်ကို ဦးဆောင်မည့်ပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုတော်မူသည့်အလား မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်နှင့်ထပ်တူထားကာ မြှောက်စားခဲ့ပုံ၊ သင်္ကန်းချင်းလဲလှယ် ၀တ်ရုံတော်မူခဲ့ပုံတို့ကို ပြန်လည်မြင်ယောင်လာသည်။ အနာဂတ်သာသနာတော်အတွက် အဓမ္မ၀ါဒတို့ မထွန်းကားမီ ဗုဒ္ဓဒေသနာတော်များကို စနစ်တကျ စီစဉ်၍ သံဂါယနာတင်ရန် စိတ်အကြံတော်ဖြစ်တော်မူသည်။ အဘဘုရားမရှိတော့သည့်နောက် သာသနာရေးကိစ္စမှန်သမျှ ငါ့မှာ တာဝန်ရှိသည်ဟု ခံယူတော်မူလေသည်။
မြတ်စွာဘုရားရှင်၏ ရုပ်ကလာပ်တော်သည် အရှင်မဟာကဿပ မထေရ်ကြီး မရောက်မချင်း မီးသင်္ဂြိုလ်၍မရ၊ အရှင်မြတ်ရောက်ပြီး မြတ်စွာဘုရားရှင်၏ ခြေတော်အစုံကို ဦးတိုက်သော အခါမှသာ အလိုလို တေဇောဓာတ်လောင်တော်မူသည်။
ထို့နောက် အရှင်မြတ်သည် မဟာပရိနိဗ္ဗာန်စံရာဌာန ကုသိနာရုံသို့ ရောက်ရှိလာကြကုန်သော သံဃာတော်သိန်းသန်းထဲမှ ဧတဒဂ်ဘွဲ့ခံ ဆဠဘိည၊ ပဋိသမ္ဘိဒါပတ္တ၊ တေ၀ိဇ္ဇ ရဟန္တာအရှင်မြတ်ကြီး အပါးငါးရာကို ရွေးချယ်တော်မူလိုက်သည်၊ ရွေးချယ်တော်မူပြီးလျှင် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်သို့ ၀ါဆိုအမီ ကြွရောက်ကြရန် မိန့်မှာတော်မူကာ မိမိ၏ တပည့်ရဟန်းငါးရာနှင့်အတူ ရာဇဂြိုဟ်သို့ ကြွတော်မူသည်။
အရှင်မဟာကဿပ ဦးဆောင်သော သံဃာတော်ငါးရာတို့သည် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးနောက် သုံးလနှင့်လေးရက်အရတွင် ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်၏ အကူအညီကို ရယူကာ ဝေဘာရတောင်စောင်းရှိ သတ္တပဏ္ဏိလိုဏ်ဂူတော်၌ ပထမသံဂါယနာ တင်တော်မူကြသည်။ ၄၅-၀ါ တိုင်တိုင် ဟောကြားခဲ့သည့် တရားတော်များကို သုတ္တန္တ၊ အဘိဓမ္မ၊ ၀ိနယဟူ၍ ပိဋကအားဖြင့်သုံးပုံ၊ နိကာယ်အားဖြင့်ငါးရပ်၊ ဓမ္မက္ခန္ဓာအားဖြင့် ရှစ်သောင်းလေးထောင် (၈၄၀၀၀)၊ စနစ်တကျ ခွဲဝေစုစည်းတော်မူခဲ့ပြီး အရှင်မဟာကဿပမထေရ်ကြီးသည် သံဂါယနာပွဲတွင် သံဃနာယကအဖြစ် ဆောင်ရွက်ပြီး မေးမြန်းစိစစ်သူ ပုစ္ဆကထေရ်တာဝန်ကိုပါ ယူတော်မူသည်၊ ၀နယ၀ိဿဇ္ဇက(၀ိနည်းဆိုင်ရာအဖြေရှင်) အဖြစ် အရှင်ဥပါလိမထေရ်ကလည်းကောင်း၊ အခြားသော ပိဋကတ်များအတွက် ၀ိဿဇ္ဇကအဖြစ် အရှင်အာနန္ဒာမထေရ်ကလည်းကောင်း တာဝန်ယူတော်မူခဲ့ကြသည်။
ထို့နောက် သုတ်တော်များကို စုပေါင်းရွတ်ဆို အတည်ပြုကြပြီး နိကာယ်အလိုက် ခွဲခြားကာ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ၊ အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အနုရုဒ္ဓါ တပည့်စဉ်ဆက် နူတ်တက်အာဂုံ လေ့ကျက်ဆောင်တော်မူခဲ့ကြ၏၊ အရှင်မဟာကဿပမထေရ်ကြီးသည် သက်တော် (၁၂၀)တွင် ပရိနိဗ္ဇာန် ပြုတော်မူခဲ့သည်။
အရှင်မဟာကဿပမထေရ်ကြီး မိန့်ကြားကျူးရင့်တော်မူလေ့ရှိသော သြ၀ါဒတရားတော်များ -
ကိစ္ဆတိ ကာယော ကိလမတိ၊ ဒုက္ခိတော သော သမထံ န ၀ိန္ဒတိ။
တရားအားထုတ်မူ၏ အနှောင့်အယှက် အဟန့်အတားဖြစ်သော ကိစ္စကြီးငယ် အသွယ်သွယ်ကို မပြုလုပ်ရာ၊ မိမိအကျိုးစီးပွားကို မဆောင်နိုင်သော ကိစ္စကြီးငယ်ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရာ၏၊ အသစ် အသစ်ပေါ်ပေါက်လာသော အမူကိစ္စများကို ပြုလုပ်ဆောင်ရွက်နေပါက ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်ရ၏၊ ထိုသို့ ပင်ပန်းနွမ်းနယ်သော ပုဂ္ဂိုလ်သည် စိတ်တည်ကြည်မူသမာဓိကို မရရှိနိုင်ပေ။
န တံ ၀ိညူ ပသံသန္တိ၊ ပတ္ထဒ္ဓမာနသံ နရံ။
မသိမလိမ္မာ ဉာဏ်ပညာနည်းပါးသူ၊ မမြင့်မြတ် နိမ့်ကျသူ ဖြစ်ပါလျက် အခြားတပါးသော မြင့်မြတ်သူနှင့် တန်းတူ တူညီသကဲ့သို့ မိမိကိုယ်ကို အောက်မေ့မှတ်ထင်တတ်၏၊ ထိုသို့ မိမိကိုယ်ကို အထင်ကြီးမူ အားကြီးခက်ထန်သော စိတ်ရှိသူ လူမိုက်ကို ပညာရှိတို့ မချီးမွမ်းကြကုန်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment