ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၉၃၈-ခုနှစ်တွင် သီဟိုဠ်ဓမ္မပါလမင်းက သီဟိုဠ်တို့ အစဉ်အဆက်ကိုးကွယ်ခဲ့သည့် စွယ်တော်စစ်ကို ရွှေဖြင့်ပြီးသော စေတီ၌ ထည့်၍ ပူဇနိကလက်ဆောင်အဖြစ် ပေးပို့ခဲ့ပါသည်။ သီဟိုဠ်မင်းသည် ဘုရင့်နောင်တရားကြီး စစ်ကူတော်များ၏အစွမ်းကြောင့် မိမိရန်သူတော်မင်းသုံးပါးတို့အား ဓားမကျိုး၊ လှံမကျိုးဘဲ အလွယ်အောင်နိုင်ခဲ့သဖြင့် ကျေးဇူးတုန့်ပြန်သောအားဖြင့် အဆိုပါစွယ်တော်စစ်ကို ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ ဘုရင့်နောင် မင်းတရားကြီးသည် အဆိုပါစွယ်တော်စစ်ကို နန်းတော်ဦး၌ ရွှေပြားအတိမိုး၍ ရွှေပြဿဒ်တွင်တင်၍အစဉ် အဆက်ကိုးကွယ်တော်မူခဲ့သည်။ ယင်းလက်ထက်မှစ၍ စွယ်တော်စင် ဆောက်လုပ်သည့်ဓလေ့ စတင်ခဲ့ကြောင်း၊ မုံရွှေးဇေတ၀န်ဆရာတော်က ယင်း၏ “စေတီယကထာ” ၌ ဆိုခဲ့ပါသည်။
ဓမ္မပါလမင်းသည် အဆိုပါစွယ်တော်အစစ်ကို ဘုရင့်နောင်မင်းကြီးထံမဆက်သမီ စွယ်တော်ပွားတစ်ခုကို အလျင်ကိုးကွယ်စိမ့်သောငှာ ပေးပို့ခဲ့ကြောင်း (ဟံသာဝတီ ဆင်ဖြူများရှင် အရေးတော်ပုံကျမ်း) ၌ တွေ့ရှိရပါသည်။ သီဟိုဠ်ဓမ္မပါလမင်းသည် ဘုရင့်နောင်မင်းတရားကြီး၏ စစ်ကူများရောက်ရှိလာသည် နှင့်တပြိုင်နက် ရန်သူမင်းသံပါးတို့သည် ကြောက်ရွံ့ခြင်းပြင်းစွာ ကြားသိရသောအခါ အလွန်ဝမ်းမြောက်၍ သက္ကရာဇ် ၉၃၇ ၌ဘုရားမြတ်စွာစွယ်တော်ပွားတစ်ဆူကို အလျင်ကိုးကွယ်တော်မူ နှင့်ပါစေဟူ၍ သင်္ဘောတစ်စီးတွင် ရွှေပြဿဒ်တင်လျက် စွယ်တော်ပွားကို ဦးစွာဆက်သလိုက်ကြောင်း ဘုရင့်နောင်မင်းတရားကြီး၏ ပြည်တောင်ဘက် တစ်ဦးဖြစ်သည့် ဥဿရောဟူသော အမည်တရည်ဖြင့် အမတ်ကြီး အရာထမ်းရွက်ခဲ့ရသည့် ရာဇတမန်အမတ်ကြီးပြုစုသည့် “ဟံသာဝတီဆင်ဖြူများရှင် အရေးတော်ပုံ” ၌ လေ့လာတွေ့ရှိရပေသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment