Thursday, 15 December 2011

ဟံသာဝတီသို့ စွယ်တော်ရောက်ရှိခြင်း

သက္ကရာဇ် ၇၅၂-ခုနှစ်၊ သီဟိုဠ်ပဏ္ဍုရာမမင်းသည် သမီးတော် သုမုတ္တဒေ၀ီနှင့်တကွ မြတ်စွာဘုရား စွယ်တော်ပွားတစ်ဆူကို ဟံသာဝတီပြည့်ရှင် ရာဇဓိရာဇ်သို့ ဆက်သလိုက်ရာ ရွှေမော်ဓော စေတီတော်မြတ်ကြီး၌ ဥမင်တူး၍ ဌာပနာ သွင်းတော်မူခဲ့ကြောင်း ၁၂၅၇-ခုနှစ်ထုတ် ဦးကူး၏ ရွှေမော်ဓောသမိုင်း၌ ပြဆိုပါသည်။

သက္ကရာဇ် ၈၃၉-ခု၊ တော်သလင်းလပြည့်ကျော် တစ်ရက်နေ့ ဓမ္မစေတီမင်းလက်ထက်တွင် သီဟိုဠ်မင်းက ဆက်သလိုက်သော စွယ်တော်ပွားတစ်ဆူကို ကလျာဏီသိမ်အနီးရှိ ကလျာဏီစေတီ၌ ဌာပနာတော်မူခဲ့ကြောင်း မွန်ကျောက်စာကိုကိုးလျက် ကထိကဦးသက်တင်က ယင်း၏စေတီ(၅၈) ဆူသမိုင်း၌ ပြဆိုပါသည်။ တစ်ဖန် စူဠာမုနိမောဓောငယ်(ရွှေအောင်ရွေး) သမိုင်းတွင် သက္ကရာဇ် ၈၄၅-သီဟိုဠ်၌ သံဃရာဇာမင်းက ဓမ္မစေတီမင်းကြီးအား တိဂုမ၀ိနိစ္ဆယ(ပါဠိ) ကျမ်းကိုကောင်းစွာ စီရင်နိုင်ခြင်းကြောင့် ဓမ္မစေတီမင်း၏ သံကြီးဗရမ်းအမတ်အား ဘုရားသခင်ဆံတော်တစ်ဆူနှင့်အတူ စွယ်တော်ပွားနှစ်ဆူကို လက်ဆောင်တော်အဖြစ် ပေးလိုက်ကြောင်း တွေ့ရပါသည်။ အဆိုပါဆံတော်ကို ရွှေမောဓော၏အရှေ့တောင်ဘက်ရှိ ခမွှန်ဘောကုန်း၌ စေတီတည်၍ မောဓောငယ်ဟုခေါ်တွင်ခဲ့သည်။ ဘုရင့်နောင်ပြန်လည် တည်ဆောက်သောအခါ၌ “စူဠာမဏိ” ဟု တွင်နေပါသည်။

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment