Thursday, 15 December 2011

ဗုဒ္ဓမြတ်စွယ်တော်ကို ပူဇော်သော ဘုရင့်နောင်မင်းတရားကြီး

ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်သော ဘုရင်မှာ ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ဖြစ်သည်။ တောင်ငူမင်းဆက်မှ တတိယမြောက် မင်းဖြစ်သည်။ ကျော်ထင်နော်ရထာ၊ ဟံသာဝတီ ဆင်ဖြူများရှင်၊ သီရိပ၀ရ မဟာဓမ္မရာဇာဓိရာဇာ စသောဘွဲ့များ ရရှိထားသော်လည်း ယောက်ဖတော် တပင်ရွှေထီးမင်းက ချီးမြှင့်သော “ဘုရင့်နောင်” ဘွဲ့နှင့်သာ ရာဇ၀င်တွင်ခဲ့သည်။ နန်းသက် နှစ် ၃၀ အတွင်း နိုင်ငံတော် စည်းလုံးရေး၊ တိုးချဲ့ရေး၊ လုံခြုံရေး၊ စည်ပင်ဝပြောရေးကို မနားမနေ ဆောင်ရွက်သည်။ လောက၊ ဓမ္မ၊ ရာဇ အကြောင်းသုံးပါးစလုံးတွင် မလစ်ဟင်းရအောင် ကြိုးပမ်းခဲ့သောကြောင့် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားလာသည်။ ရပ်နီးရပ်ဝေးနိုင်ငံများနှင့် ကူးသန်းဆက်ဆံ ဖောက်ကားရောင်းဝယ်သောကြောင့် ဓနအင်အား၊ စစ်အင်အား ခိုင်ဖြီးပြီး ထိုအချိန်ထိ ထိုခေတ်အခါက ခေတ်မီနိုင်ငံတစ်ခုဖြစ်ခဲ့သည်။ နေပြည်တော်ဟံသာဝတီသည် ကမ်းရိုးတန်းနှင့် မကွာသောအရပ်၌ တည်ရှိသောကြောင့် ပင်လယ်ရပ်ခြားနိုင်ငံများနှင့် ဆက်သွယ်မူများခဲ့သည်။ ပေါ်တူဂီ၊ အီတလီ၊ အိန္ဒိယ၊ ဂျာဝါး၊ သီဟိုဠ်၊ မာလာယုတို့နှင့် သံတမန်ရေး၊ ကုန်သွယ်ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမူ ဆက်သွယ်မူများ ပြုလုပ်ခဲ့သည်။

သီဟိုဠ်နိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်ကားသော နိုင်ငံဖြစ်သည်နှင့်အညီ ထိုနိုင်ငံနှင့် ဘုရင့်နောင်မင်းတရားကြီး ဆက်ဆံမူပိုမိုများပြားခဲ့သည်။ သီဟိုဠ်နိုင်ငံတွင် ဗုဒ္ဓဘာသာ ညိုးမှိန်ကျဆင်းသော အခါနှင့်ကြုံတိုင်း သီဟိုဠ်ဗုဒ္ဓဘာသာမင်းတို့က မြန်မာမင်းများထံ သံစေ၍ အကူအညီတောင်းလေ့ရှိသည်။ သီဟိုဠ်၌ သူပုန် သူကန်ထကြွသောအခါဖြစ်စေ၊ ပြင်ပရန်သူများနှင့် ရင်ဆိုင်ရသော အခါဖြစ်စေ မြန်မာဘုရင်တို့ထံမှ စစ်ကူတောင်းခံခဲ့ဖူးသည်။ မြန်မာဘုရင်တို့ကလည်း သီိဟိုဠ်နိုင်ငံမှ ဗုဒ္ဓဘာသာဆိုင်ရာ စာပေကျမ်းဂန်များ၊ ဓမ္မ လက်ဆောင်များ၊ ဘာသာရေးဆိုင်ရာ နည်းနာစနစ်မှန်များကို ရရှိခဲ့ကြသည်။ အထူးသဖြင့် သီဟိုဠ်နိုင်ငံ ကန္ဒီမြို့တော်၌ ကိန်းဝပ် စံပယ် လျက်ရှိသော ဗုဒ္ဓမြတ်စွာဘုရား၏ အောက်လက်ဝဲမြတ်စွယ်တော် ပင့်ဆောင်ပူဇော်ရေးကို သံတမန်နည်းနှင့် ကြိုးပမ်းခဲ့ကြသည်။ ဘုရင့်နောင် မင်းတရားကြီးသည် ယင်းကိစ္စများကို အစွမ်းကုန် အားထုတ်ခဲ့သည်။

အေဒီ ၁၅၅၅ ခုနှစ်တွင် အဖိုးတန် ကျောက်မျက်ရတနာများ အပါအ၀င် လှူဖွယ်ပစ္စည်းများကို ကန္ဒီမြတ်စွယ်တော်ကျောင်းတော်သို့ လှူရန်သံအဖွဲ့ စေလွှတ်သည်။ မြတ်စွယ်တော်ကျောင်း၌ ဆီမီးမပြတ် ထွန်းညှိပူဇော်နိုင်ရန် လယ်ယာမြေ ဥယျာဉ်များဝယ်၍ ဆီမီးထွန်းတာဝန် ကျွန်တော်များထားရှိပေးသည်။ ပန်းပု၊ ပန်းချီ၊ ပန်းတဉ်၊ ပန်းတမော့၊ ပန်းထိမ် အစရှိသော အနုပညာရှင်များကို စေလွှတ်၍ မြတ်စွယ်တော်ကျောင်းတော်ကို မွမ်းမံပြုပြင်စေသည်။ မိမိ၏ဆံပင်နှင့် မိဖုရားခေါင်းကြီး၏ ဆံပင်တို့ကို ဖြတ်၍ ရတနာများ စီခြယ်ထားသော ရွှေလက်ကိုင်တပ် တံမြက်ပြုလုပ်ကာ မြတ်စွယ်တော်ကျောင်း၌ တံမြက်လှည်းရန် လှူဒါန်းသည်။

အေဒီ ၁၅၆၀ ပြည့်နှစ်တွင် ပေါ်တူဂီတို့သည် ကန္ဒီမြို့ကို တိုက်ခိုက်ပြီး မြတ်စွယ်တော်ကို ဂိုအာသို့ ဆောင်ယူသွားကြသည်။ ထိုသတင်းကို ကြားသိရသော ဘုရင့်နောင် မင်းတရားကြီးသည် မြန်မာဆိပ်ကမ်းတွင်း ဆိုက်နေသော ပေါ်တူဂီသင်္ဘောနှင့် သံတော်များစေလွှတ်ပြီး ပေါ်တူဂီတို့ထံမှ မြတ်စွယ်တော်ကို ငွေသားတော် အဿပြာရှစ်သိန်းနှင့် ရွေးယူရန် စကားကမ်းစေသည်။ မြတ်စွယ်တော်ကို ပေးအပ်ပါက ပေါ်တူဂီပိုင်ဖြစ်နေသော မလက္ကာသို့လည်း စပါးရိက္ခာကို သင်္ဘောအပြည့် ပေးပို့ထောက်ပံ့ပါမည်ဟုလည်း ထပ်မံပြောစေသည်။ ပေါ်တူဂီဘုရင်ခံသည် ဘုရင့်နောင် သံများ စကားကမ်းချက်ကို လက်ခံလိုလှသည်။ ပေါ်တူဂီ စစ်ဗိုလ်တို့ကမူ မြတ်စွယ်တော်ကို သင်္ဘောတွင် အခမ်းအနားနှင့် တင်၍ ဟံသာဝတီနေပြည်သို့ ယူဆောင်သွားပါက များပြားလှသော အလှူငွေများ၊ ကျောက်မျက်ရတနာရွှေငွေများ ရနိုင်မည်ဖြစ်ရာ ပေါ်တူဂီစစ်တပ်အတွက် လက်နက်ဝယ်ရန် ရန်ပုံငွေရနိုင်သည် အကြံပေးကြသည်။ ပေါ်တူဂီ ဂိုဏ်းချုပ်ကြီးကမူ ယင်းအကြံများကို ကန့်ကွက်သည်။ ပေါ်တူဂီ ဂိုဏ်းချုပ်ဘုန်းကြီးကမူ ယင်းအကြံများကို ကန့်ကွက်သည်။ ခရစ်ယာန်သာသနာပြုရေးတွင် အနှောင့်အယှက်ဖြစ်မည့် မြတ်စွယ်တော်ကို ဖျက်ဆီးပစ်ရန် တရားဟောသည်။ အေဒီ ၁၅၆၁ ခုနှစ်တွင် ဗိုလ်ပုံအလယ်၌ မြတ်စွယ်တော်ကို အမူန့်ထောင်းကြိတ်ပြီး မိးရို့ကာ ပြာများကို မြစ်ထဲသို့ မျှောချပစ်သည်။ သို့သော် မြတ်စွယ်တော်အစစ်ကို လုံခြုံရာ၌ ကြိုတင်ဆောင်ယူဝှက်ထားခဲ့သောကြောင့် စွယ်တော်ပွားအတုသာ ဖျက်ဆီခံရသည်။

အေဒီ ၁၅၇၄-ခုနှစ်တွင် သီဟိုဠ်၊ ကိုလံဘို ဘုရင်က သူ၏ နန်းရင်းဝန်ကြီး သမီးတော်ကို ဆက်သရန် သံအဖွဲ့စေလွှတ်သည်။ ဘုရင့်နောင်မင်းတရားကြီးအား သီဟိုဠ်တွင် ဗုဒ္ဓသာသနာ ညိုးမှိန်လာသဖြင့် ကူညီထောက်ပံ့ရန် သီဟိုဠ်မင်းက တောင်းဆိုသောကြောင့် ပစ္စည်းလေးပါးနှင့် သာသနာပြုရဟန်းတော်များ စေလွှတ်ကူညီသောကြောင့် ကျေးဇူးတုံ့ပြန်သောအနေနှင့် သမီးကညာ ဆက်သခြင်းဖြစ်သည်။ သမီးကညာနှင့်အတူ ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူနှင့် လက်ဆောင်တော် များကိုပါ ပေးဆက်လိုက်ရာ သမီးကညာကို မိဖုရားမြှောက်ပြီး မြတ်စွယ်တော်ပွားကို မဟာစေတီတွင် ဌာပနာသည်။

အေဒီ၊ ၁၇၅၆ ခုနှစ်တွင် သီဟိုဠ်တွင် ပုန်ကန်ထကြွမူများ ဖြစ်လာပြီး နိုင်ငံတော်ပြိုကွဲမည့် အန္တရာယ်နှင့် ကြုံရသည်။ သီဟိုဠ်ကျွန်း လေးပိုင်းကွဲသွားပြီး ကွတ်တည်မင်း၊ ခန့်တည်မင်း၊ သီတာဝက်မင်းနှင့် ဓမ္မပါလမင်း လေးပါး ထီးပြိုင် နန်းပြိုင် မင်းမူကြသည်။ ဓမ္မပါလမင်းသာ ဗုဒ္ဓသာသနာကို ကိုးကွယ်ယုံကြည်ပြီး ကျန်မင်းသုံးပါးတို့ မိစ္ဆာအယူကို လက်ခံကြပြီး ဗုဒ္ဓသာသနာကို ဖျက်ဆီးကြသည်။ ထို့ကြောင့် ဓမ္မပါလမင်းက သီဟိုဠ်နိုင်ငံ ပြန်လည်စည်းရုံးရေးနှင့် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေး အတွက် အာဏာစက် အကူအညီပေးပါရန် ဘုရင့်နောင်မင်းတားကြီးထံ သံစေ၍ တောင်းသည်။ ညီတော်များ မူးမတ်များနှင့် တိုင်ပင်ပြီး ရာဇမဟာမိတ်ဖြစ်သော ဓမ္မပါလမင်းကို ကူညီမှသင့်မည်ဟု ဆုံးဖြတ်ပြီး ထွားကြိုင်း၍ “လူပီးစီး ခက်ထန်” သော ရဲမက်တို့ကို ရွေးကောက်ရာ -

“ယိုးဒယား ၁၀၀၊ တနင်္သာရီသား ၁၀၀၊ လင်းဇင်းသား ၁၀၀၊ ကျိုင်းတုံသား ၁၀၀၊ ကသည်းသား ၁၀၀၊ ထားဝယ်သား ၁၀၀၊ မိုင်းမောသား ၁၀၀၊ စည်ခွင်သား ၁၀၀၊ တရုတ်သား ၁၀၀၊ ရှမ်းစလုံသား ၁၀၀၊ မွန် ၅၀၀၊ မြန်မာ ၅၀၀သော ရဲမက်တော်တို့ကို အထူးထူးသော မောက်တို၊ မောက်ရှည်၊ မိန်ညို၊ သံချပ်နှင့် ချည်းရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာ၊ ရွှေလုံစွဲစေ၍ စန္ဒသူရိယကို တပ်မှူး၊ ရာဇဗညားကို တပ်စစ်ကဲ ခန့်တော်မူသည်။ ထိုသူတို့စီးစရာ ဆင်နှစ်စီးနှင့်တကွ ဆုလာဘ်ပေးစရာလည်း ငွေများပေးတော်မူ လိုက်သည်။ သိင်္ဃီုဠ်မင်းသို့လည်း ဆင်အစီး နှစ်ဆယ်နှင့်တကွ မင်းဆောင် မင်းယောင်၊ မင်းခမ်း မင်းနား အများ ပေးတော်မူလိုက်သည်။ ယင်းသို့ စီရင်ခန့်ရန်တော်မူ၍ စစ်သည်တော် နှစ်ထောင့်ငါးရာတို့ကို သင်္ဘောငါးစင်းတွင် တစ်စင်း ငါးရာစီ စီးစေ၍ လွှင့်ရသည်။” ဟု မှန်နန်းရာဇ၀င်တော်ကြီး၊ တတိယတွဲ၊ စာ ၃၅၊ ၃၆ တွင် ဖော်ပြပါရှိသည်။

သီဟိုဠ်တွင် တပ်စခန်းချထားစဉ် ရဲမက်တို့ စစ်လေ့ကျင့်ပုံ၊ နေထိုင်စားသောက်ပုံတို့ကို ထောင်ထားသော မင်းသုံးပါးတို့၏ အထောက်တော်များမြင်တွေ့ရသောအခါ သံတော်ဦးတင်ကြသည်။ အလွန်ခက်ထန် ကြမ်းကြုတ် ရဲရင့်ကြကြောင်း၊ ယခုရဲမက်တို့သည် အကြိုထောက်လှမ်းရန် ရောက်လာခြင်းဖြစ်ပြီး နှိမ်နှင်းရန် နောက်ထပ် ရဲမက်များရောက်လာဦးမည်ဖြစ်ကြောင် လျှောက်တင် ကြာသောအခါ ထောင်ထားသော မင်းသုံးပါးတို့သည် ဓမ္မပါလမင်းထံ လက်နက်ချသဖြင့် သီဟိုဠ်နိုင်ငံလည်း ပြန်လည်စည်းလုံးသွားသည်။ ဗုဒ္ဓသာသနာသည် ပြန်လည်စည်ပင်လာသည်။

အထက်ပါ အာဏာစက်အကူအညီကို ကျေးဇူးတုံ့ပြန်သောအားဖြင့် မြန်မာသက္ကရာဇ် ၉၃၈ ခု (အေဒီ ၁၅၇၆) ခု -

“ဒုတိယ ၀ါဆိုလပြည့်ကျော် ၃ရက် တနင်္လာနေ့၊ သီင်္ဃီုဠ်ကျွန်းအစိုးရသော ဓမ္မပါလမင်းက လက်ဆောင် လက်နက်များနှင့် ဘုရားသခင် စွယ်တော်မြတ်ကို ရွှေစေတီ၌ ဌာပနာ၍ သင်္ဘောနှစ်စင်းတွင် တစ်စင်းမှာ လက်ဆောင်တော်၊ တစ်စင်းမှာ စွယ်တော်မြတ်ကို တင်၍ အမတ်လေးယောက် ကြပ်မတ်လျက် ဆက်သာလာစေလျက် ဆက်သလာစေ၍ ပုသိမ် သင်္ဘောဆိပ်သို့ ရောက်လာသည်။”

ထိုအကြောင်းကို ပုသိမ်က လျှောက်လာ၍ ကြားတော်မူလျှင် အားရတော်မူ၍ -

“သင်္ဘောဆိပ်တွင် စွယ်တော်မြတ်ကို တည်ထားစရာ ကောင်းမွန်လှစွာသော မဏ္ဍပ်ကန္နားကို ဆောက်ရသည်။ ထိုမှတစ်ပါး စွယ်တော်မြတ်ကို တည်ထားစရာ စီရင်တော်မူသည်ကား၊ ပတ္တမြား ကြုတ်စီရင်တော်မူသည်။ လေးကျွန်းဆီမီးဟူသော အဖိုးအတိုင်း မသိသော ဗညားပရိဝတ်သော ကျောက်တလုံး၊ မိုးမိတ်စော်ဘွားက ဆက်သော အဘိုးအတိုင်းမသိသော ကျောက်တလုံး၊ ဓမ္မစေတီဝတ်သော အဘိုးအတိုင်းမသိသော စိန်ကျောက်တလုံး၊ သည်းကျောက် လေးလုံးကို ရွှေကြုတ် လေးမျက်နှာတွင်စီ၍ ပတ္တမြား အပြည့်စီသော ကြုတ်တွင်သွတ်သည်။ ထိုပတ္တမြားကြုတ်ကို စားတော်ခေါ်သော ပတ္တမြားလက်ဘက်အိုးတွင် သွတ်သည်။ ပတ္တမြားလက်ဘက်အိုးကို စားတော်ခေါ်သော ပတ္တမြား ကွမ်းခွက်တွင် သွတ်သည်။ ပတ္တမြား ကွမ်ခွက်တော်ကို န၀ရတ်ကိုးပါးဖြင့် ပြီးသော ရတနာစေတီတော်တွင် ထည့်တော်မူပြန်သည်။ ထိုရတနာ စေတီတော်ကို ရတနာ အတိပြီးသော ပြာဿဒ်တွင် တင်ပြီးမှ စီးတော်မူသော ရွှေလှော်သောသူတို့ကိုလည်း ရွှေဦးထုပ်ဆောင်းစေပြီးလျင် ဘယက်လည်မာ ဒွါဒရာလက်ကောက် ဆင်ယင်စေ၍ ဖောင်တော်ရှေ့က ခွင်ရေးလှော်ရသည်။ သည့်နောက် ရွှေလှော်ကားလေးစင်းမှာလည်း၊ နတ်သမီးအသွင်ကဲ့သို့ ပုတီးနားဍောင်းဘယက်တန်ဆာ ဆင်ယင်ဝတ်စားစေ၍ ရွှေတက်နှင့် လှော်၍ လိုက်ရသည်။ ယင်းကမှ ဟင်္သာရုပ် ပတ္တမြားငုံ၍ ပျံဟန်၊ ရတနာ ရွှေဗောင်တော်ကို စီးတော်မူ၍ ရှေ့တော်က ရွှေလှော်ကားတစ်စင်း၊ နောက်တော်က ရွှေလှော်ကားရှစ်စင်း ငင်ရသည်။ ရွှေစက်ကွင်း လှော်ကားသုံးရာတို့ကိုလည်း ပဉ္စင်း တူရိယာပတ်သာ စည်စောင်း ငြင်းတင်၍ မြစ်လုံး ပဲ့တင်ထပ်မျှ တီးမူတ်လျက် ဖောင်တော်ဝန်းကျင် ရွှေတက်နှင့် ချည်လှော်၍ လိုက်ရသည်။ ထိုမှတပါး ရဲမက်တော်တို့မှာ အထူးထူးသော တိုးရုပ်၊ စာမရီးရုပ်၊ မြင်းရုပ်၊ ကျွဲရုပ်၊ ကျားရုပ်၊ မိကျောင်းရုပ်၊ မကန်းရုပ်၊ ကရ၀ိက်ရုပ်၊ ကြိုးကြာရုပ်၊ ဟင်္သာရုပ်၊ ကိန္နရာရုပ်၊ လှေစသော သားလှေ ငှက်လှေ အပေါင်းတို့တွင် ရွှေဒိုင်း ရွှေကာ ရွှေလှံ စီစဉ် ကျင်းပစေလျက် တိုက်လှေ ငါးရာတို့ကို ဖောင်တော် လက်ဝဲ လက်ျာ ရှေ့ နောက် လိုက်ရသည်။ ထိုမှတပါး စစ်သည်တော် အပေါင်းတို့မှာ ဇလာကပင်ကူရွပ် သမ္ဗန် ကတ္တူ လွန်းကြင်စသော လှေ တထောင်တွင် စိန်ပြောင်းမြ တပူတင်၍ လိုက်ရသည်။ ယင်းသို့သော အစီအရင်ဖြင့် မြစ်လုံးပဲ့တင်ထပ်မျှ ဟံသာဝတီ ရွှေမြို့တော်ကသည် ပုသိမ်သင်္ဘောဆပ်တိုင်အောင် ကြိုတော်မူသည်။ သင်္ဘောဆိပ်သို့ ရောက်တော်မူလျှင် ရတနာဆယ်ပါးတို့ကို ပန်ပေါက်ပေါက်ပြုတော်မူ၍ စွယ်တော်မြတ်ကို ပူဇော်တော်မူသည်။ ထိုမှတပါး ရွှေတန်ဆောင်၊ ငွေတန်ဆောင်၊ ရွှေတံခွန်၊ ငွေတံခွန်တို့နှင့်လည်း များစွာပူဇော်တော်မူသည်။” (မှန်နန်း၊ တတိယတွဲ၊ စာ ၃၁-၃၃)

ဟံသာဝတီရွှေမြို့တော်သို့ ပင့်ဆောင်ခဲ့သော မြတ်စွယ်တော်ကို ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီး၏ ဦးထိပ်၌ စွယ်တော်စင် သီးခြားတည်ဆောက်ကာ ထိုစင်၌ တင်ထားကိုးကွယ်သည်။ ထိုအချိန်မှစ၍ နောင် မြန်မာမင်းအဆက်ဆက်တို့သည် ရွှေနန်းတော် ဦးထိပ်တွင် စွယ်တော်စင် အဆောက်အအုံ သီးခြားတည်ဆောက်၍ စွယ်တော် ဓာတ်တော်ကိုးကွယ်လာကြသည်။

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment