Friday, 16 December 2011

သမုဒယအရိယသစ္စာနှင့် သမုဒယသစ္စာ၌ဥာဏ်သုံးပါး

သမုဒယအရိယသစ္စာ
ရဟန်းတို့ ----- ယခုဟောပြမည့်တရားမှာ ဆင်းရဲဒုက္ခ၏ အကြောင်းရင်း အမှန်တရား သမုဒယအရိယသစ္စာ ပေတည်း၊ တဏှာ ကိလေသာတရားသည် ဘ၀သစ်ကို ပြုလုပ်ပေး၏၊ နှစ်သက်မှု တပ်မက်မှု သဘောရှိ၏၊ ထိုထို ရောက်ရာဘ၀ တွေ့ကြုံရာအာရုံမှန်သမျှတို့၌ စုံမက်နှစ်သက်တတ်၏၊ ဤတဏှာဟူသည် အဘယ်နည်း -

- လောကီအာရုံ ကာမဂုဏ်တို့၌ တပ်မက်မှု = ကာမတဏှာ၊

- ကာမဂုဏ်အာရုံများကို မြဲ၏ဟု ယူဆလျက် ဘ၀ကိုတွယ်တာတပ်မက်မှု = ဘ၀တဏှာ၊

- ကာမဂုဏ်အာရုံများသည် မမြဲ၊ သေလျှင် ပြတ်စဲ၏ဟု ယူဆလျက် ဘ၀ပြတ်ခြင်း၌ တွယ်တာတပ်မက်မှု = ၀ိဘ၀တဏှာ
ဤသုံးပါးတို့တည်း။

သမုဒယသစ္စာ၌ ဉာဏ်သုံးပါး
ရဟန်းတို့ ----- ဤတရားသည် ဆင်းရဲဒုက္ခ၏ အကြောင်းရင်း အမှန်တရား သမုဒယသစ္စာမည်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စတရားတို့၌ ငါဘုရား၏ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏။ အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (သစ္စဉာဏ်)

ရဟန်းတို့ ----- ထိုသမုဒယအရိယသစ္စာကို ပယ်သင့်၏၊ ပယ်အပ်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဥာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏။ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှား ဖြစ်ပေါ်လာ၏ (ကိစ္စဉာဏ်)

ရဟန်းတို့ ----- ငါဘုရားသည် ထိုသမုဒယအရိယသစ္စာကို ပယ်ပြီးပြီဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဥာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏။ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (ကတဥာဏ်)

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment