သမုဒယအရိယသစ္စာ
ရဟန်းတို့ ----- ယခုဟောပြမည့်တရားမှာ ဆင်းရဲဒုက္ခ၏ အကြောင်းရင်း အမှန်တရား သမုဒယအရိယသစ္စာ ပေတည်း၊ တဏှာ ကိလေသာတရားသည် ဘ၀သစ်ကို ပြုလုပ်ပေး၏၊ နှစ်သက်မှု တပ်မက်မှု သဘောရှိ၏၊ ထိုထို ရောက်ရာဘ၀ တွေ့ကြုံရာအာရုံမှန်သမျှတို့၌ စုံမက်နှစ်သက်တတ်၏၊ ဤတဏှာဟူသည် အဘယ်နည်း -
- လောကီအာရုံ ကာမဂုဏ်တို့၌ တပ်မက်မှု = ကာမတဏှာ၊
- ကာမဂုဏ်အာရုံများကို မြဲ၏ဟု ယူဆလျက် ဘ၀ကိုတွယ်တာတပ်မက်မှု = ဘ၀တဏှာ၊
- ကာမဂုဏ်အာရုံများသည် မမြဲ၊ သေလျှင် ပြတ်စဲ၏ဟု ယူဆလျက် ဘ၀ပြတ်ခြင်း၌ တွယ်တာတပ်မက်မှု = ၀ိဘ၀တဏှာ
ဤသုံးပါးတို့တည်း။
သမုဒယသစ္စာ၌ ဉာဏ်သုံးပါး
ရဟန်းတို့ ----- ဤတရားသည် ဆင်းရဲဒုက္ခ၏ အကြောင်းရင်း အမှန်တရား သမုဒယသစ္စာမည်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စတရားတို့၌ ငါဘုရား၏ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏။ အသိဉာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (သစ္စဉာဏ်)။
ရဟန်းတို့ ----- ထိုသမုဒယအရိယသစ္စာကို ပယ်သင့်၏၊ ပယ်အပ်၏ဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဥာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏။ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏၊ အလင်းရောင် ထင်ရှား ဖြစ်ပေါ်လာ၏ (ကိစ္စဉာဏ်)။
ရဟန်းတို့ ----- ငါဘုရားသည် ထိုသမုဒယအရိယသစ္စာကို ပယ်ပြီးပြီဟု ဘုရားမဖြစ်မီ ရှေးက မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌ ငါဘုရား၏ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်လာ၏၊ အသိဥာဏ် ဖြစ်ပေါ်လာ၏၊ ခွဲခြမ်းစိတ်ဖြာ၍ သိတတ်သောပညာ ထင်ရှားဖြစ်ပေါ်လာ၏၊ ထိုးထွင်းသိသော ၀ိဇ္ဇာဉာဏ် ထင်ရှားဖြစ်ပေါ်လာ၏။ အလင်းရောင် ထင်ရှားဖြစ်ပေါ်လာ၏ (ကတဥာဏ်)။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

Friday, 16 December 2011
သမုဒယအရိယသစ္စာနှင့် သမုဒယသစ္စာ၌ဥာဏ်သုံးပါး
အမျိုးအစား/ကဏ္ဍ
သိမှတ်ဖွယ်ရာ သုတ္တန်တရားတော်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment