ဤ၀တ္တု၌ ဆိတ်ကို လည်ဖြတ်၍ သတ်ခြင်းကြောင့် ငရဲ၌ ခံပြီးလျှင် ဆိတ်ဖြစ်၍ လည်ပြတ်၍ သေရကြောင်းသာ တိုက်ရိုက်အားဖြင့် လာသည်။
ထို့ကြောင့် ရှေးဆရာတို့သည် စီကုံးအပ်သော ဂါထာတို့၌ -
မဟိံသာ သောဏာ သိင်္ဂါလာ၊ ပါဏ ဃာတဿ ဒေါ သကာ။
ပဉ္စာဇာတိသတံ၊ ဘ၀ငါးရာ။ ပေတံ၊ ပြိတ္တာဘုံ၌ မိမိသတ်သောကံနှင့် တူစွာ အသတ်ကို ခံရခြင်းသည် လည်းကောင်း။ ပဉ္စဇာတိသတံ၊ ဘ၀ငါးရာ။ မစ္ဆာစ၊ ငါးဖြစ်၍ သူတစ်ပါးတို့၏အသတ်ကို ခံရခြင်းသည် လည်းကောင်း။ ပဉ္စဇာတိသတံ၊ ဘ၀ငါးရာ။ နာဂါစ၊ မြွေနဂါးဖြစ်၍ သူတစ်ပါးတို့၏ အသတ်ကိုခံရခြင်းသည် လည်းကောင်း။ ပဉ္စဇာတိသတံ၊ ဘ၀ငါးရာ။ မိဂါစ၊ သားသမင်ဖြစ်၍ သူတစ်ပါးတို့၏ အသတ်ကို ခံရခြင်းသည်လည်းကောင်း။ ရုစ၊ စိုင်ဖြစ်၍ သူတပါးတို့၏ အသတ်ကိုခံရခြင်းသည် လည်းကေင်း။ မဟိံသာစ၊ ကျွဲဖြစ်၍ အသတ်ခံရခြင်းသည် လည်းကောင်း။ သောဏာစ ၊ အိမ်ခွေးဖြစ်၍ အသတ်ခံရခြင်းသည် လည်းကောင်း။ သိင်္ဂါလာစ၊ မြေခွေးဖြစ်၍ အသတ်ခံရခြင်းသည် လည်းကောင်း။ ဣတိ၊ ဤသို့။ ပဉ္စသုဇာတိသတေသု၊ ဘ၀ငါးရာ ဘ၀ငါးရာတို့၌။ မရေဟိ၊ သူတစ်ပါးတို့သည်။ ဃာတေန၊ သတ်ခြင်းကြောင့်။ မရန္တိ၊ သေကြရကုန်၏။
ဣတိဣမေ၊ ဤသည်တို့ကား။ ပါဏဃာတဿ၊ သတ္တ၀ါတစ်ပါးကို သတ်သော အကုသိုလ်ကံ၏။ ဒေါသကာ၊ အပြစ်တို့ပေတည်း။
သည်မျှမကသေး အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မှာ မိဘနှစ်ပါးကို ခိုးသားယောင်ဆောင်၍ သတ်ခဲ့ဖူးသော အကုသိုလ်ကံကြောင့် အဆုံးဘ၀၌ ခိုးသားရိုက်၍ ပရိနိဗ္ဗာန် စံတော်မူရသော ၀တ္ထုကဲ့သို့ ထို့အတူ အကုသိုလ်ကံကြောင့် လူပင်ဖြစ်ရငြားသော်လည်း သူတစ်ပါးတို့၏ အသက်ကို သတ်သော သူသည် သူတစ်ပါးတို့၏ အသက်ကို သတ်သောသူသည် သူတစ်ပါးတို့၏ အသတ်ကိုခံရ၍ သေတတ်၏ဟု မှတ်ရာ၏။
ဆိတ်သတ်သမား ဓမ္မဒိန္န၀တ္ထုကား ဤသို့တည်း၊ လွန်လေ ပြီးသောအခါ၌ ဗာရာဏသီမင်း၏ သားသည် တစ်ခုသော ပညောင်ပင်သို့ကပ်၍ အရှင်နတ်မင်း အကျွန်ုပ်၏အဖ သေလွန်သောအခါ မင်းအဖြစ်ကို ပေးတော်မူပါ၊ မင်းအဖြစ်ကို ရသည်ရှိသော် အရှင်နတ်မင်းအား ဤဇမ္ဗူဒိပ်ကျွန်း၌ မိဖုရားတို့နှင့်တကွ တစ်ရာ့တစ်ယောက်သောမင်းတို့၏ လည်ချောင်းသွေးဖြင့် ပူဇော်ပါမည် အရှင်နတ်မင်းဟု တောင်းပန်၏။
ထိုမင်းသားသည် သူ၏ခမည်းတော် နတ်ရွာစံတော်မူပြီးနောက် မင်းအဖြစ်သို့ ရောက်သည်ရှိသော် ငါသည် ပညောင်ပင်စောင့် နတ်မင်း၏ အာနုဘော်ကြောင့် မင်းအဖြစ်ကို ရပေပြီ၊ နတ်မင်းအား ပူဇော်ခြင်းကိုပြုအံ့ဟုကြံ၍ များစွာသော စစ်သည်အပေါင်းနှင့်အတူ မြို့မှထွက်၍ တစ်ယောက်သောမင်းကို ဖမ်းယူ၏၊ တစ်ဖန် ထိုမင်း၏ စစ်သည်တို့ကိုလည်းခေါ်၍ များစွာသော စစ်သည်တို့နှင့် တကွ ထွက်သွား၍ တစ်ပါးသောမင်းတို့ကိုလည်း ဖမ်းယူပြန်၏။
ဤသို့သောနည်းဖြင့် တစ်ရာ့တစ်ယောက်သော မင်းတို့ကို မိဖုရားတို့နှင့်တကွ ဖမ်းယူ၍လာရာ အလုံးစုံသော မင်းတို့တွင် အငယ်ဆုံးဖြစ်သော ဥဂ္ဂသေနမင်း၏ ဓမ္မာဒိန္နာ အမည်ရှိသော မိဖုရားကို ကိုယ်ဝန်ရင့်သည့်အတွက် ချန်ထားခဲ့၍ ဤမျှလောက်သော မင်းအပေါင်းကို အဆိပ်နှင့်ရောသော သောက်ဖွယ် အရက်ကို တိုက်၍ သတ်တော့အံ့ဟု ကြံ၍ ပညောင်ပင်အရင်းကို သုတ်သင်စေ၏ ထိုသို့ သုတ်သင်သော အခါ ပညောင်ပင်စောင့်နတ်သည် ဤသို့ကြံ၏။
ဤမင်းသည် ငါ့ကို လည်ချောင်းသွေးဖြင့် ပူဇော်လိုသည်ဖြစ်၍ တစ်ရာ့တစ်ယောက်သော မင်းတို့ကို မိဖုရားတို့နှင့်တကွ သတ်အံ့ဟု အားထုတ်၍ နေ၏။ အကယ်၍ ထိုမင်းတို့ကို သတ်အံ့၊ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းဆက်လည်း ပြတ်လတ္တံ့၊ ငါသည် တားမြစ်ခြင်းငှာ စွမ်းနိုင်မည်လောဟု စုံစမ်း ဆင်ခြင်သည် ရှိသော် မတားမြစ်နိုင်သည်ကို သိ၍ တစ်ဦးသော နတ်အား ထိုအကြောင်းကိုပြောကြား၍ အသင် တားမြစ်ခြင်းငှာ စွမ်းနိုင်လတ္တံ့လောဟု မေး၏။ ထိုနတ်ကလည်း တားမြစ်ခြင်းငှါ မစွမ်းနိုင်ဟု ဆို၏၊ တစ်ဦးသောနတ်အား ပြောကြားသော်လည်း မစွမ်းနိုင်ဟုပင် ဆို၏၊ ဤအတူ အလုံးစုံသော နတ်တို့ကို ပြောကြားပြီး သိကြားမင်းသို့ ကပ်၍ အရှင် သိကြားမင်း ဤအမူကို တားမြစ်တော်မူပါ၊ မတားမြစ်လျှင် မင်းတို့၏ အဆက်သည် ပြတ်လတ္တံ့ဟု ပြောကြား၏ သိကြားမင်းလည်း တားမြစ်ခြင်းခွာ မစွမ်းနိုင်ဟု ဆို၍ တားမြစ်ခြင်း၏ အကြောင်းကို ပြောကြား၏။
သင် သွားချေ၊ ယင်း၏မင်း မြင်လောက်အောင် နီသော အ၀တ်ကို ၀တ်၍ သင်၏ ညောင်ပင်မှထွက်၍ သွားအံ့သော အမူအရာကို ပြလော့၊ ထိုသို့ပြသောအခါ အရှင်နတ်မင်း သွားတော်မမူလင့်၊ ပြန်၍ နေတော်မူပါဟု သင့်ကို တောင်းပန်လိမ့်မည်၊ တောင်းပန်သောအခါ သင်သည် တစ်ရာ့တစ်ယောက်သောမင်းတို့ကို မိဖုရားနှင့်တကွ သတ်ပြီး၍ ထိုမင်းတို့၏ လည်ချောင်းသွေးဖြင့် ပူဇော်ပါမည်ဟု ဆိုပြီးလျှင် ဥဂ္ဂသေနမင်း၏ မိဖုရားကို ချန်ထားခဲ့သည်၊ သင်ကဲ့သို့ မဟုတ်မမှန်သော စကားကို ဆိုသော သူ၏ ပူဇော်ခြင်းကို ငါမခံလိုဟုဆိုလေ၊ ထိုသို့ဆိုသောအခါ ဓမ္မဒိန္နာ အမည်ရှိသော ထိုမိဖုရားကို ဆောင်စေလိမ့်မည်၊ ထိုမိဖုရား ရောက်လာသောအခါ ထိုမင်းကို တရားဟော၍ ထိုမင်းတို့အား အသက်ကို ပေးလတ္တံ့ဟု ပြောကြားလေ၏။
ညောင်ပင်စောင့်နတ်သည် သိကြားဆိုတိုင်း ပြု၏၊ ဗာရာဏသီမင်းသည်လည်း ဓမ္မဒိန္နာမိဖုရားကိုခေါ်စေ၍ ဓမ္မဒိန္နာမိဖုရားသည် ထိုအရပ်သို့လာ၍ မိမိ အရှင်ဖြစ်သော ဥဂ္ဂသေနမင်းကို ရှိခိုး၍ နေ၏၊ ဗာရာဏသီမင်းသည် ဤမိဖုရားကား သူခပ်သိမ်းတို့၏ အကြီးအမှူးဖြစ်သော ငါ့ကို ရှိမခိုးဘဲ သူ၏ အရှင်ကိုသာ ရှိခိုးဘိ၏ဟု အမျက်ထွက်၏။
အရှင်မင်းကြီး၊ အကျွန်ုပ်သည် အရှင်မင်းကြီးနှင့် မစပ်၊ စည်းစိမ်ချမ်းသာကို ပေးတတ်သော အကျွန်ုပ်၏ အရှင်ကိုသာ ရှိခိုးရာ။ အဘယ်ကြောင့် အမျက်ထွက်သနည်းဟု မိဖုရားက ဆိုသည်ရှိသော် အသင်မိဖုရား ဟုတ်ပေ၏၊ မှန်ပေ၏ဟု ညောင်ပင်စောင့်နတ်က ဆို၍ လူအပေါင်းတို့၏ ရှေ့တွင် နတ်၌ဖြစ်သော ပန်းတို့ဖြင့် ဓမ္မဒိန္နာမိဖုရားအား ပူဇော်လေ၏၊ ထိုအခါ အသင်မိဖုရား၊ ငါ့ကို ရှိမခိုးလျှင် ရှိစေ၊ ငါ့အား မင်းအဖြစ်ကိုပေးသော နတ်မင်းကို အဘယ်ကြောင့် ရှိမခိုးသနည်းဟု မင်းက မေးပြန်၏။
အရှင်မင်းကြီး၊ မင်းအဖြစ်သို့ နတ်ကပေးသည် မဟုတ်၊ အရှင်မင်းကြီး၏ ကောင်းမူကြောင့် မင်းအဖြစ်ကို ရသည်ဟု မိဖုရားက ဆိုလျှင်၊ ညောင်ပင်စောင့်နတ်သည် ရှေ့နည်းအတူ မိဖုရားအား ပူဇော်ပြန်၏၊ မိဖိုရားသည် မင်းကြီးကို ဤသို့ဆိုပြန်၏၊ အရှင်မင်းကြီး၊ နတ်ကပေး၍ မင်းအဖြစ်ကို ရသည်ဟု အရှင်မင်းကြီးဆို၏၊ အရှင်မင်းကြီး၏ နတ်သည် တန်ခိုးကြီးသော်လည်း ယခု ဤသစ်ပင်၏ လက်ဝဲဘက်၌ လောင်သောမီးကို ငြိမ်းစေခြင်းငှာ မတတ်နိုင်ဟု ဆိုသော အခါ၌လည်း ရှေးနည်းအတူ ပူဇော်ပြန်၏။
ထိုမိဖုရားသည် စကားပြောဆိုစဉ် ငိုလည်း ငို၏၊ ရယ်လည်း ရယ်၏၊ ထိုအခါ မင်းက အသင်မိဖုရား ရူးသလောဟု မေး၏၊ အရှင်မင်းကြီး အကျွန်ုပ်ရူးသည်မဟုတ်၊ ငိုခြင်း၏ အကြောင်းကို ဤသို့ သိတော်မူ။
အကျွန်ုပ်သည် ရှေးလွန်လေပြီးသော အခါ၌ အမျိုးသမီးဖြစ်၍ လင်၏အိမ်၌ နေသောအခါ လင်၏ အဆွေခင်ပွန်း ဧည့်သည်အကျိုးငှာ ကျွန်မကို ဟင်းလျှာအသား အ၀ယ်ခိုင်းရာ အသားမရသည့်အတွက် အိမ်နောက်ဖေး၌ရှိသော ဆိတ်ငယ်၏ လည်ပင်ကို ဖြတ်၍ သတ်ပြီးလျှင် ထိုဆိတ်သားဖြင့် ဧည့်သည်ကို ကျွေးခဲ့ဖူး၏၊ ဆိတ်တစ်ကောင်၏ လည်ပင်ကိုဖြတ်မိသော ပါဏာတိပါတကံကြောင့် ငရဲ၌ခံပြီးမှ ဆိတ်မွေးအရေအတွက်ဖြင့် ဦးခေါင်းပြတ်ခြင်းသို့ ရောက်ရပြီ၊ အရှင်မင်းကြီးမူကား ဤမျှလောက်သော မင်းတို့ကို သတ်၍ အဘယ်အခါ ဆင်းရဲမှ လွတ်လတ္တံ့နည်းဟု အရှင်မင်းကြီး၏ ဆင်းရဲကို အောင့်မေ့၍ ငိုသည်ဟု ဆို၏။
လောမဂဏနာယ’ မစ္စိဿံ။
ဗဟူနံ ကဏ္ဌံ ဆိန္ဒိတွာန၊
ကထံ’ ကာဟသိ ခတ္တိယ။
ဟူသော ဤဂါထာကို ဆို၏။
ခတ္တိယ၊ မင်းမြတ်။ အဟံ၊ အကျွန်ုပ်သည်။ ဧဠိကာယ၊ တစ်ကောင်သော ဆိတ်မငယ်၏၊ ကဏ္ဌံ၊ လည်ပင်ကို။ ဆိန္ဒိတွာန၊ ဖြတ်မိသောကြောင့်။ နိရယေ၊ ငရဲ၌။ ပစ္ဆိတွာ၊ ကျက်ပြီး၍။ လောမဂဏနာယ၊ အမွေး အရေအတွက်အားဖြင့်။ ကဏ္ဌစ္ဆေဒံ၊ လည်ပင်းပြတ်ခြင်းကို။ ပစ္စိဿံ၊ ခံရလေပြီ။ ဗဟူနံ၊ များစွာသောသူတို့၏။ ကဏ္ဌံ၊ လည်ပင်းကို။ ဆိန္ဒိတွာန၊ ဖြတ်သည်ရှိသော်။ ကထံကာဟသိ၊ အဘယ်သို့ပြုလတ္တံ့နည်း။ ၀ါ၊ အဘယ်မှာလျှင် ဆိုဖွယ်ရှိအံ့နည်း။
သင်မင်းကြီးသည် ဘ၀အသင်္ချေ၊ မရေမတွက်နိုင်အောင် လည်ပင်းပြတ်၍ သေရလိမ့်မည် မချွတ်သာတည်း။
ဤကားအနက် -
ရယ်ခြင်း၏ အကြောင်းကား ထိုဆင်းရဲမှ လွတ်ပေပြီဟု ၀မ်းမြောက်၍ ရယ်ပေသည်ဟု ပြောကြား၏။
ဤသို့လျှင် ဓမ္မပဒ အဋ္ဌကထာ၌လာသော ဓမ္မဒိန္န၀တ္ထကို ထောက်ရူစဉ်းစား နှလုံးထား၍ သူ၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြကုန်ရာသည်။
ဤကား ဆိတ်တစ်ကောင်၏ လည်ပင်ကို ဖြတ်မိသော ပါဏာတိပါတကံကြောင့် ငရဲ၌ခံပြီးမှ အမွေး အရေအတွက် အားဖြင့် လည်ပင်းဖြတ်ခံရသော ၀တ္ထုသက်သေတည်း။
ဤသို့ ပြဆိုအပ်ခဲ့ပြီးသော တစ်ခုတည်သော ပါဏာတိပါတ အကုသိုလ်ကံ၏ ခံ၍မဆုံးနိုင်သော အပြစ်တွေကို စဉ်းစဉ်းစားစား၊ လက်ဝါးပေါ်တွင် တင်၍ထားသော ပတ္တမြားကို ရူဘိသကဲ့သို့ ထင်ရှားအောင် ရူပြီးလျှင် ငါတို့သည်လည်း ထိုပါဏာတိပါတကံကို တစ်ရံတစ်ခါ ပြုမိချေအံ့၊ ထိုပါဏာတိပါတ ကံ၏ အပြစ်ကို မုချဧကန် ခံရတော့မည် မချွတ်သာဟု ထိတ်လန့်ခြင်း သံဝေဂတရားကို ရှေ့သွားပြုလုပ်ကြကုန်သည်ဖြစ်၍ မိမိကိုယ်ကို မိမိ ချစ်ကြကုန်သော ပညာရှိ လူသူတော်ကောင်းတို့သည်လည်း ခိုးသား ဓားပြရှိသော ခရီးလမ်းကို ဝေးလှအောင် ရှောင်ကွင်း၍သွားသော ကုန်သည်ယောက်ျားကဲ့သို့ ပါဏာတိပါတ ကံတရားမှ ဝေးလှအောင် ရှောင်ရှားကြပါလေကုန်။
အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment