ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 16 December 2011

ဓမ္မစကြာသုတ် ဖြစ်ပေါ်လာပုံ

ဤဓမ္မစက္ကပ၀တ္တနခေါ် ဓမ္မစကြာသုတ်တော် ဖြစ်ပေါ်လာခြင်း၏ အကြောင်းအရာ အကျဉ်းမျှကို ဖော်ပြပါမည်။

မြတ်စွာဘုရားသည် မဂဓတိုင်း ရာဇဂြိုဟ်မြို့ ဥရုဝေလတောအနီး နေရဉ္စရာ မြစ်ကမ်းနားရှိ မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါး တရားသိမြင် ဘုရားရှင်အဖြစ်သို့ ရောက်တော်မူသည်၊ သတ္တသတ္တာဟ ရက်ပေါင်း လေးဆယ်ကိုးရက်တိုင်တိုင် နေရာ ခုနှစ်နေရာတို့၌ ခုနှစ်ရက်စီ စံနေတော်မူပြီး နောက်ထပ်တဖန် ဆိတ်ကျောင်းညောင်ပင်သို့ ချည်းကပ်၍ စံနေတော်မူစဉ် ဤသို့ စိတ်အကြံဖြစ်တော်မူ၏ -

“ငါသိအပ်ပြီးသော တရားကား ခက်ခဲ၏၊ နက်နဲ၏၊ သိမြင်နိုင်ခဲ၏၊ သတ္တ၀ါတို့ကား ကာမဂုဏ်တို့၌ မွေ့လျော် ပျော်ပိုက် နှစ်ခြိုက်နေကြကုန်၏၊ ငါသည် ပင်ပန်းခဲယဉ်းစွာ ကျင့်ကြံအားထုတ်သဖြင့် ရရှိအပ်ပြီးသော ဤတရားတော်မြတ်ကို သတ္တ၀ါတို့အား ဟောကြားပါက ပင်ပန်းရုံသာဖြစ်မည်၊ ရာဂ ဒေါသထူပြောလှသော သတ္တ၀ါတို့သည် ငါ၏တရားကိုလွယ်ကူစွာ သိနိုင်ကြမည်မဟုတ်”
ဟု စိတ်အကြံဖြစ်ကာ တရားမဟောဘဲ ကြောင့်ကြမဲ့နေရန် စိတ်ညွတ်တော်မူ၏။

မြတ်စွာဘုရား၏ တရားမဟောလိုသော စိတ်အကြံကို သိသဖြင့် သဟမ္ပတိဗြဟ္မာကြီးသည် မြတ်စွာဘုရားထံ ရောက်ရှိလာကာ လက်အုပ်ချီ ရှိခိုးလျက် -

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား - ကိလသာမြူနည်းပါး၍ ပညာမျက်စိအမြင် ကြည်လင်သော သတ္တ၀ါတို့ ရှိပါသေးသည်၊ ထိုသူတို့သည် မြတ်စွာဘုရား၏ တရားတော်ကို နာကြားရလျှင် သစ္စာလေးပါးကို သိမြင်နိုင်ကြပါလိမ့်မည်။ မဂဓတိုင်းတွင် ဂိုဏ်းဆရာအမျိုးမျိုး ပေါ်ပေါက်နေပြီး မှန်ကန်မူမရှိ မိမိတို့စိတ်ကူးဖြင့် ကြံဆတီထွင်ထားသော အယူဝါးများ လှည်လည် ဟောပြော နေကြပါသည်၊ မြတ်စွာဘုရားသည် သစ္စာလေးပါး အမှန်တရားကို ဟောပြတော်မူပြီး နိဗ္ဗာန်တံခါးကို ဖွင့်ပေးတော်မူပါဘုရား” –
ဟု သုံးကြိမ်တိုင်တိုင် လျှောက်ထားတောင်းပန်၏။

ထိုအခါ မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာကြီး၏ တောင်းပန်ခြင်းကို အသိအမှန်ပြုပြီးလျှင် သတ္တ၀ါတို့၌ သနားခြင်းကိုအကြောင်းပြု၍ ဗုဒ္ဒစက္ခုဖြင့် လောကကို ကြည့်ရူတော်မူကာ တရားဟောရန် လက္ခံတော်မူ၏။

ထိုသို့ ဗြဟ္မာမင်းတောင်းပန်မှ တရားဟောတော်မူခြင်းသည် ဘုရားရှင်တိုင်း၏ ဓမ္မာတာကြီးဖြစ်၏၊ အကြောင်းမှာ ဘုရားမပွင့်မီ သာသနာပြင်ပ ကာလတွင် လူဝတ်ကြောင်များ၊ ရေသေ့ပရိဗိုဇ်များနှင့် ရဟန်းပုဏ္ဏားတို့သည် ဗြဟ္မာကိုသာ အလေးပြု၍ ကိုးကွယ်နေကြ၏၊ ဤသို့ တလောကလုံး၏ လေးစားကိုးကွယ်ခြင်းကို ခံရသော ဗြဟ္မာကြီးက မြတ်စွာဘုရားကို ညွတ်တွားအလေးပြုလာလျှင် တလောကလုံးကပင် မြတ်စွာဘုရားကို ညွတ်တွားအလေးပြုကြလိမ့်မည်၊ သက်ဝင်ယုံကြည်ကြလိမ့်မည် ဖြစ်၏၊ ထို့ကြောင့် မြတ်စွာဘုရားတို့သည် ဗြဟ္မာမင်း တောင်းပန်မှ တရားဟောတော်မူကြမြဲ ဓမ္မတာဖြစ်သည်။

ထို့နောက် မြတ်စွာဘုရားသည် “ငါသည် အဘယ်သူကို ရှေးဦးစွာ တရားဟောရအံ့နည်း၊ အဘယ်သူသည် ဤတရားကို လျင်မြန်စွာ သိမြင်နိုင်လတ္တံ့နည်း”ဟု အကြံ ဖြစ်တော်မူ၏၊ အကြံဖြစ်သည့်အတိုင်း သဗ္ဗညုတဉာဏ်တော်ဖြင့် ကြည့်ရူတော်မူရာ လျင်မြန်စွာ သိမြင်နိုင်မည့်သူများ ဖြစ်သော အာဠာရ ရသေ့၊ ဥဒက ရသေ့တို့ ကွယ်လွန်သွားသည်ကို သိမြင်တော်မူပါသည်။ ထို့ကြောင့် မိမိအပေါ် ကျေးဇူးများကုန်သော ပဉ္စ၀ဂ္ဂီရဟန်းတို့အား တရားကို ရှေးဦးစွာ ဟောရန် ကြံစည်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဥရုဝေလတောမှ (၁၈)ယူဇနာဝေးသော ပဉ္စ၀ဂ္ဂီတို့နေထိုင်ရာ ဗာရာဏသီပြည် ဣသိပတနမည်သော မိဂဒါဝုန်တောသို့ ကြွတော်မူသည်။

ပဉ္စ၀ဂ္ဂီတို့သည် အဝေးမှ ကြွလာတော်မူသော မြတ်စွာဘုရားကို မြင်ရလျှင်ပင် ကမ္မဋ္ဌာန်းအလုပ်မှ ထွက်ခွာကာ လာဘ်လာဘပေါများရန် လှည့်လည်နေသော ဤရဟန်းကြီးဂေါတမကို ခရီးဦးမကြိုဆိုရန်၊ ရှိမခိုးကြရန် တိုင်ပင်ထားကြကုန်၏၊ သို့သော် မြတ်စွာဘုရား ရောက်လာတော်မူသောအခါ ဗုဒ္ဓ၏ တန်ခိုးတေဇော် မေတ္တာအာနုဘော်တို့ကြောင့် ကတိက၀တ်အတိုင်း မလိုက်နာနိုင်ကြဘဲ အသီးသီး ခရီးဦးကြိုဆိုမူ စသည်ကို ပြုလုပ်ကြကုန်၏။

မြတ်စွာဘုရားက “ရဟန်းတို့ ----- ငါသည် သမ္မာသမ္ဗုဒ္ဓ-ဘုရားဖြစ်ပြီ၊ အမြိုက်နိဗ္ဗာန်ကို ငါရပြီ၊ သင်တို့အား တရားဟောအံ့”ဟု မိန့်တော်မူ၏။ ပဉ္စ၀ဂ္ဂီတို့က “ငါ့ရှင်ဂေါတမ ---- သင်သည် အလွန်ပြူကျင့်နိုင်ခဲသော ဒုက္ခရစရိယာအကျင့်ကို ခြောက်နှစ်တိုင်တိုင် ပြုကျင့်သဖြင့်လည်း လူတို့၏ ကိုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော အရိယာသစ္စာဉာဏ်ထူးကို မရခဲ့ပေ၊ ကမ္မဋ္ဌာန်းအလုပ်မှ ထွက်ခွာကာ လာဘ်လာဘပေါများရန် လှည့်လည်နေသော ယခုလိုအခါမျိုး၌ကား အဘယ်မှာလျှင် သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဖြစ်နိုင်ပါမည်နည်း၊ အရိယာသစ္စာဉာဏ်အထူးကို အဘယ်မှာရနိုင်ပါအံ့နည်း”ဟု ဆိုကြကုန်၏။

မြတ်စွာဘုရားက ပဉ္စ၀ဂ္ဂီရဟန်းတို့အား “ငါဘုရားသည် လာဘ်လာဘ ပေါများရန် ကျင့်သည်မဟုတ်၊ ကမ္မဋ္ဌာန်းအလုပ်မှ ထွက်ခွါခဲ့သည် မဟုတ်၊ ငါဘုရားသည် အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်ကန်စွာ ထိုးထွင်း သိမြင်သော သမ္မာသမ္ဗုဒ္ဓ-ဘုရားရှင် ဖြစ်ခဲ့ပြီး၊ နားထောင်ကြကုန်လော့၊ သင်တို့အား တရားဟောအံ့”ဟု ထပ်မံ ရှင်းပြတော်မူ၏၊ ပဉ္စ၀ဂ္ဂီတို့ကလည်း သုံးကြိမ်တိုင်တိုင် ငြင်းပယ်ကြသဖြင့် မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂတို့အား ဤသို့ မိန့်တော်မူ၏ -

“ရဟန်းတို့ ---- သင်တို့သည် ငါဘုရားကို ဘုရားဖြစ်လိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် ပြုစုလုပ်ကျွေးနေစဉ် ရှေးအခါတုန်းက သင်တို့ အားတက်ပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် “အရောင် အလင်းတွေ၊ ကမ္မဋ္ဌာန်းနိမိတ်တွေ ဖြစ်ပေါ်လာပြီး၊ ဘုရား ဖြစ်တော့မည်၊ နိဗ္ဗာန်ရတော့မည်” စသည်ဖြင့် ပြောဖူးသလော” ဟု မိန့်တော်မူ၏။

ထိုသို့ မပြောဖူးပါဟု လျှောက်ထားကြပြီး ပဉ္စ၀ဂ္ဂီတို့သည် ဤသို့ စဉ်းစားကြကုန်၏၊ “အကယ်၍များ ဤရဟန်းကြီး ဂေါတမသည် ဒုက္ကရစရိယာ ကျင့်တော်မူစဉ်က “ငါဘုရားဖြစ်ပြီ”ဟု ပြောဆိုလျှင်လည်း ငါတို့ယုံကြည်ကြမည်သာဖြစ်သည်၊ သို့သော်လည်း ထိုစဉ်တုန်းကပင် ၀ါကြွား၍ မပြောကြားခဲ့ချေ၊ ယခုပြောဆိုသည်မှာ အမှန်တကယ် ဘုရားဖြစ်၍သာ ပြောဆိုခြင်းဖြစ်မှာ သေချာသည်”ဟု စဉ်းစားမိကြပြီး မြတ်စွာဘုရားအပေါ်၌ ယုံကြည်သွားကြသည်။

အချိန်ကား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်၊ စနေနေ့ ညနေချမ်း၊ နေမင်းကလည်း အနောက်အရပ်၌ ၀င်လုဆဲဆဲ၊ လမင်းကလည်း ဥတ္တရာဠ် နက္ခတန်နှင့်ယှဉ်ကာ အရှေ့လောကဓာတ်မှ ထွက်ပေါ်လာဆဲ၊ လွန်စွာ သာယာကြည်နူးဖွယ်ကောင်းလှသော အချိန်ဖြစ်သည်၊ ထိုအချိန်တွင် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဟူသော ပဉ္စ၀ဂ္ဂီတို့နှင့်အတူ တစ်သောင်းသော စကြ၀ဠာလောကဓာတ်မှ နတ်ဗြဟ္မာအပေါင်းတို့သည် ဤလူ့ပြည်၌ မြတ်စွာဘုရားသည် ပထမဆုံး ဟောကြားတော်မူသော ဓမ္မစက္ကပ၀တ္တနသုတ်ခေါ် ဓမ္မစကြာသုတ်တော်မြတ်ကို ရိုသေစွာ နာယူကြလေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment