ကုသိနာရုံပြည် မလ္လာမင်းတို့သည် ပန်းနဲ့သာတို့ဖြင့် ပူဇော်ကြခြင်းဖြင့် ပထမရက်ကို ကုန်စေကြ၏။ နောက်ရက်များ၌လည်း ထိုနည်းအတိုင်းပင် ပူဇော်၍ အားမရနိုင်ကြသဖြင့် ၆-ရက်လုံးလုံး အင်ကြင်းဥယျာဉ်မှာပင် အချိန်ကုန်ကြလေသည်။
လပြည့်ကျော် ၇-ရက်နေ့၌ကား နတ်တို့ကလည်း နတ်များအလိုက်၊ လူတို့ကလည်း လူများအလိုက် သံဝေဂဖြစ်စရာ ဂီတမျိုးစုံ ပန်းနံ့သာမျိုးစုံတို့ဖြင့် ပူဇော်ကာ ဥယျာဉ်မှ မြို့တွင်းသို့သွင်းကြ၏။ ထို့နောက် မြို့လယ်လမ်းမဖြင့် မြို့ရွာသို့ပင့်ဆောင်ကာ မလ္လာမင်းတို့ အမြတ်တနိုးထားအပ်သော မင်္ဂလာအိမ်တော်၌ ပူဇော်ကြလေသည်။
ထိုနေရာ၌ အလောင်းတော်ကို ၀ါဂွမ်းတစ်ထပ်၊ အ၀တ်တစ်ထပ် အထပ်ပေါင်းများစွာဖြင့် ရစ်ပတ်ပြီးဖြစ်လေ၏။ ထိုအခါကျမှ ရွှေခေါင်းတော်တွင်းသွင်း၍ ရွှေအဖုံးဖြင့် ပိတ်ဖုံးလိုက်ကြသည်။ ပြီးနောက် မီးသဂြိုဟ်ဖို့ရာ နံ့သာထင်းပုံအတွင်းသို့ အလောင်းတော်ကိုတင်ပြီး မီိးရို့ကြ၏။ သို့သော် အမျိုးမျိုးကြိုးစားသော်လည်း မီးစွဲအောင် မတတ်နိုင်ကြချေ။
အရှင်မဟာ ကဿပရောက်လာမှ နတ်တို့၏တန်ခိုးဖြင့် တေဇောဓာတ် မီးတောက်လာလေသည်။
ကုသိနာရုံပြည် မလ္လာမင်းတို့သည် မီးငြိမ်းပြီးသောအခါ ဓာတ်တော်များကို ရွှေခေါင်းတော်နှင့်တကွ ယူဆောင်လာ၍ ကုသိနာရုံမြို့တွင်းရှိ လွှတ်တော်ရုံးကြီး၌ ထားကြပြီး အားရပါးရ ပူဇော်ကြလေသည်။
ထိုအချိန်မှာ အဇာတသတ်မင်း၊ လိစ္ဆ၀ီမင်း စသော ခုနှစ်ပြည်ထောင်မင်းတို့သည် ဘုရားသခင် ပရိနိဗ္ဗာန်စံတော်မူကြောင်းကို ကြားသိကြကုန်၏။ ကြားလျှင် ကြားခြင်းပင် ဓာတ်တော်များကို ဝေပေးဖို့ရန် တမန်စေလွှတ်၍ ကြည်ကြည်သာသာ တောင်း၍မရလျှင် စစ်တပ်ဖြင့်လုဖို့ရန် စစ်ချီ၍ထွက်လာကြသည်။
ကိုသိနာရုံမြို့ရိုးကိုဝိုင်း၍ “ဓာတ်တော်များကို ဝေလျှင်ဝေပါ၊ မဝေလျှင် စစ်တိုက်ရလိမ့်မည်” ဟု ရာဇသံပေးကြလေသော် မလ္လာမင်းတို့ကလည်း “ မပေးနိုင်” ဟု ငြင်းပယ်ကြလေသည်။
ထိုအချိန်၌ မင်းများ၏ ဆရာဖြစ်ခဲ့သော ဒေါဏပါမောက္ခကြီးက ငါတို့မြတ်စွာဘုရားသည် အလောင်းတော်ဘ၀တုန်းကပင် သည်းခံခြင်းကို လက်သုံးပြုတော်မူခဲ့ပါသည်။ ထိုဘုရား၏ ဓာတ်တော်ရမူကြောင့် သွေးချောင်းစီးအောင် စစ်ဖြစ်ခြင်းငှာ မလျော်ပါ စသည်ဖြင့် အသံကျယ်စွာ ဟစ်အော်ပြောလေ၏။
ထိုအခါ အားလုံးက ကျေကျေနပ်နပ်ဖြစ်ကာ “ဆရာကြီးသာ ဝေပါတော့” ဟု လွှဲအပ်ကြလေသည်။ ထိုအခါကျမှ မင်းများအားလုံးစုရုံး၍ မင်းများရှေ့မှောက်၌ ရွှေခေါင်းတော်ကိုဖွင့်လိုက်ရာ မင်းအားလုံးပင် စိတ်ကိုမချုပ်တည်းနိုင်ဘဲ ၀မ်းနည်းစွာဖြင့် ငိုကြွေးကြလေတော့သည်။
ထိုမင်းတို့သည် မိမိတို့ ဝေစုရသောဓာတ်တော်ကို မိမိတို့နေပြည်တော်၌ စေတီတည်၍ ပူဇော်ကြသည်။ အရှင်မဟာ ကဿပသည် အခြားမြို့များ၌တည်ရှိသော ဓာတ်တော်များ၏ အန္တရာယ်ကို မြင်တော်မူ၏။
ထို့ကြောင့် ကျန်ဓာတ်တော်များကို (အကျိုးအကြောင်းပြောပြ၍) ကျေနပ်စွာ ယူခဲ့ပြီးလျှင် အဇာတသတ်မင်းနှင့် တိုင်ပင်ကာ ရာဇဂြိုဟ်မြို့တော်၏ အရှေ့တောင်ထောင့်အရပ်၌ အတောင်ရှစ်ဆယ်နက်အောင် တွင်းတူး၍ ဓာတ်တော်မြှုပ်မှန်းမသိအောင် ရဟန္တာစေတီများတည်ကာ အခိုင်အလုံဋ္ဌာပနာခဲ့လေ၏။

Monday, 12 December 2011
အလောင်းတော်ကိုပူဇော်ပုံနှင့် ဓာတုခန္ဓပရိနိဗ္ဗာန်စံတော်မူပုံ
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
အမျိုးအစား/ကဏ္ဍ
စွယ်တော်သမိုင်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment