ဘုရားရှင်ကို ခရစ်သက္ကရာဇ် ဘီစီ ၅၆၃-ခုနှစ်၌ မွေးဖွားတော်မူ၍ ဘီစီ ၄၈၃-ခုနှစ်၌ ပရိနိဗ္ဗာန်ပြုသည်ကို နိုင်ငံတကာမှ ပညာရှင်များက လက်ခံထားကြသည်။
ဘုရားရှင်သည် သက်တော် ၈၀အရွယ်၌ ဝေသာလီပြည်တွင်းသို့ နောက်ဆုံးဆွမ်းခံ ၀င်လေသည်။ ပြီးနောက် ကုသိနာရုံပြည်သို့ ခေတ္တရောက်နေသော အမှန်တရား ရှာဖွေနေသူ သုဘဒ္ဒါအမည်ရှိ(ရဟန်း) တက္ကဒွန်းကို ရှေ့သို့ဝင်ခွင့်ပြုစေကာ တရားဟော ရဟန်းခံပေးလေသည်။
အဆုံးတွင် -
ရဟန်းတို့၊ သင်္ခါရတရားတို့သည် ပျက်ခြင်းသဘောရှိကုန်၏။ သင်တို့သည် မမေ့မလျော့သဖြင့် ပြည့်စုံစေကုန်လော့။
ဟု မိန့်ကြား၍ ပရိနိဗ္ဗာန်ပြုလေသည်။
သို့ကြောင့် ဘုရားရှင်သည် ဘုရားဖြစ်စအချိန်မှစပြီး ပရိနိဗ္ဗာန်ပြုချိန်အထိ သံဃာတော်များ ဖြစ်ပေါ်လာရအောင် အပတ်တကုတ် ကြိုးစားဆောင်ရွက်ခဲ့သည်ဟု ယူမှတ်ကြပါမည်။
မြတ်စွာဘုရားသည် မိဂဒါဝုန်တော၌ ဓမ္မစကြာတရားကို ဟောတော်မူသည့်အခါမှအစပြု၍ လေးဆယ့်ငါးဝါကာလပတ်လုံး လူနတ်ဗြဟ္မာ သတ္တ၀ါတို့၏အကျိုးငှာ တရားဒေသနာ ဟောပြတော်မူပြီးနောက် ကဆုန်လပြည့်နေ့၌ ကုသိနာရုံခေါ် ကုသိနာရာတွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့လေသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူသောအခါ၌ ထိုကုသိနာရုံသည် မလ္လာမင်းတို့၏ မြို့ကလေးသာဖြစ်၏။
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာသောအခါ တိတ္ထိဆရာကြီးများနှင့် သူတို့တပည့်တွေမှာ ရှေးကရရှိနေကျ ဖြစ်သော ပစ္စည်းလာဘ်နှင့် သြဇာအာဏာများ ဆုတ်ယုတ်သွား၏။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာကို “ကြီးစွာသောရန်သူ” ဟု သဘောထားကြလေသည်။ မာရ်နတ်ကဲ့သို့ နတ်ဆိုးများနှင့် ကိုယ့်ကိုယ်ကို အထင်ကြီးနေကြသော ဗြဟ္မာမင်းတချို့လည်း ဘုရားကို မျက်မုန်းကျိုးနေကြသည်။
ထိုတိတ္ထိနှင့် ထိုနတ်ဗြဟ္မာတို့သည် ဘုရားရှင်ကို ထုပြိုင်လာကြသော်လည်း ဘုရားရှင်က ရန်သူဟု သဘောမထားဘဲ သူတို့အကျိုးလိုလားသော မေတ္တာဓာတ်၊ ထက်မြက်သော ဉာဏ်တော်မြတ်ဖြင့် အမြဲ အောင်နိုင်တော်မူခဲ့ပါသည်။
ထိုသို့ လူနတ်ဗြဟ္မာ သတ္တ၀ါဟူသမျှတို့ ဆန့်ကျင်ဘက်ပြုလာသမျှဝယ် အရူံးမရှိ အနိုင်သာရှိခဲ့ပါသော်လည်း အိုဘေး၊ နာဘေး၊ သေဘေးဟူသော ဘေးရန်ကြီး သုံးပါးကိုကား ဗုဒ္ဓမြတ်စွာသည် အနိုင်မရ အရူံးခံရပါသည်။
မြတ်စွာဘုရား၏ သက်တော်ရှစ်ဆယ် (၀ါတော် ၄၅-၀ါ) ပြည့်သောနေ့၌ ၀မ်းတော်လားသော ရောဂါကို ပါဝါမြို့၌ ခံစားရသည်။ ထို့နေ့မှာပင် ပရိနိဗ္ဗာန်စံသောအားဖြင့် သေဘေးဒဏ်ကို ခံရပါတော့မည်။ ဘုရားရှင်ချွတ်မှ ကျွတ်မည့်သတ္တ၀ါတို့လည်း ကျွတ်တမ်းဝင်ပြီးကြလေပြီ။
ဗုဒ္ဓမြတ်စွာသည် သုဘဒ္ဒါကိုအကြောင်းပြု၍ အားတော်နည်းနေပါသော်လည်း ကုသိနာရုံမြို့တော်ကို နေ၀င်ချိန်လောက်အရောက် ကြွတော်မူ၏။ မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ဝယ် မင်းများအတွက် ခင်းကျင်းထားသော သလွန်ပေါ်၌ လျောင်းတော်မူပါသည်။
မြတ်စွာဘုရားသည် လျောင်းတော်မူရင်းနှင့်ပင် ကဆုန်လပြည့် ညဉ့်ဦးယံ၌ မလ္လာမင်းတို့အား တရားဟောတော်မူရ၏။ သန်ခေါင်ယံ၌ သုဘဒ္ဒါအား တရားဟော၍ ရဟန်းပြုစေတော်မူသည်။
မိုးသောက်ယံ၌ အရုဏ်မတက်ခင် ရဟန်းတော်တို့အား သြ၀ါဒပေးတော်မူသည်။ ဤသြ၀ါဒတော်သည် နောက်ဆုံးဖြစ်၏။ နောက်ဆုံးတရားတော်ကို မိန့်တော်မူပြီးသောအခါ ဈာန်သမာပတ်တို့ကို ၀င်စားပြီး အရုဏ်တက်ခါနီးတွင် ပရိနိဗ္ဗာန်စံတော်မူလေသည်။
ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
No comments:
Post a Comment