မြတ်စွာဘရား သက်တော်ထင်ရှား ရှိစဉ်အခါက အမျိုးသမီး ဓမ္မကထိကများ ရှိခဲ့ကြသည်။ ဓမ္မဒိန္နာထေရီအရှင်မသည်ကား မြတ်စွာဘုရားကိုယ်တော်တိုင်ကပင်လျှင် တရားဟောသူတို့တွင် အတော်ဆုံးဟူသော ဓမ္မကထိက ဧတဒဂ်ဖြင့် ချီးမြှောက်ခဲ့ရသူဖြစ်လေသည်။ ထိုအရှင်မ ဟောပြောဖြေကြားခဲ့သော စူဠဝေဒလ္လသုတ်သည် ပိဋကတော်၌ ထင်ရှား၍ မှတ်သားဖွယ်ကောင်းသော သုတ်တစ်သုတ်ဖြစ်ခဲ့သည်။ ထိုသုတ်တော်ဖြင့်ပင် ဓမ္မဒိန္နာထေရီသည် ဧတဒဂ်ဘွဲ့ထူးကို ရရှိခဲ့သည်။
ဓမ္မဒိန္နာလောင်းလျာအမျိုးသမီးသည် ပဒုမုတ္တရဘုရားရှင်လက်ထက်တွင် ယောက္ခမဖြစ်သူ သူဌေးကြီးနှင့်အတူ တရားနာလေ့ရှိသည်။ တစ်နေ့သော် ပဒုမုတ္တရဘုရားရှင်က တရားဟောကောင်းသော ထေရီမတစ်ပါးအား ဓမ္မကထိကဧတဒဂ်ဖြင့် ချီးမြှောက်သည်ကို မြင်ရသောအခါ အားကျပြီး ထိုအရှင်မကဲ့သို့ ဖြစ်လိုစိတ်များ ပေါ်ပေါက်လာ၏၊ ဘုရားရှင်နှင့် သံဃာတော်များအား အိမ်သို့ပင့်၍ ဆွမ်းဆက်ကပ်ပြီး တရားနာသောအခါ ဓမ္မကတိကဧတဒဂ်ကို ရရှိရန် ဆုပန်ခဲ့လေသည်။ မြတ်စွာဘုရားက ဆုတောင်းသည့်အတိုင်း ဖြစ်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ဖုဿဘုရားရှင်ပွင့်တော်မူသော အခါ ထိုအရှင်မလောင်းလျာသည် ဘုရားရှင်၏ အဖေတူ အမေကွဲ မောင်နှမများကို ပြုစုလုပ်ကျွေးရသော မင်းမူထမ်းတစ်ဦး၏ ဇနီးဖြစ်ခဲ့သည်။ ဓမ္မဒိန္နာလောင်းလျာ အမျိုးသမီးကား သဒ္ဓါတရားကောင်းလှသည်။ ရဟန်းသံဃာတော်များအား ခင်ပွန်းသည်က လှူဖွယ်ဝတ္ထုလေးတစ်ခုကို လှူခိုင်းလျှင် ခိုင်းသည်ထက်ပို၍ ပေးလှူလေ့ရှိသည်။ ဤသို့ဖြင့် သေလွန်သောအခါ သုဂတိဘုံဘ၀များ၌သာ ကျင်လည်ရလေသည်။
ကဿပဘုရားရှင် ပွင့်တော်မူသောအခါ ကိကီမင်းကြီး၏ သမီ(၇)ယောက်တွင် သုဓမ္မာအမည်ရသော ခြောက်ယောက်မြောက် သမီးတော် ဖြစ်လာသည်။ ထိုဘ၀တွင် ဘိက္ခုနီပြုခွင့်တောင်းရာ ကိကီမင်းကြီးက ခွင့်မပြုသဖြင့် အနှစ် နှစ်သောင်းကာလပတ်လုံး ဗြဟ္မစရိယအကျင့်ကို ကျင့်ကာ အပျိုစင်ဘ၀ဖြင့်ပင် နေထိုင်ခဲ့လေသည်။ သံဃာတော်တို့အတွက် ကျောင်းဆောက်လုပ်လှူခဲ့၍ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တွင် ရာဇဂြိုဟ်မြို့၌ အလွန်ချမ်းသာသော သူဌေးကြီး၏ သမီးဖြစ်လာသည်။ ဥစ္စာပစ္စည်း ပြည့်စုံရုံသာမက ရုပ်ဆင်းအင်္ဂါကလည်း လွန်စွာလှပသည်။ ဓမ္မဒိန္နာ အရွယ်ရောက်သောအခါ မျိုးနွယ်တူ သူဌေးသားများက ထိမ်းမြားရန် တောင်းဆိုကြသည်။ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရကိုယ်တိုင် ခင်မင်ရင်းနှီးသော သူငယ်ချင်းဖြစ်သူ ၀ိသာခသူဌေးနှင့် ထိမ်းမြားပေးလေသည်။
ခင်ပွန်းဖြစ်သူ သူဌေးကြီးသည် သောတာပန်ဖြစ်၍ မြတ်စွာဘုရားကို လွန်စွာကြည်ညိုသည်။ နေ့စဉ်နေ့တိုင်း မြတ်စွာဘုရားကျောင်းတော်သို့ တရားနာသွားသည်။ တရားနာသွားတိုင်း သူဌေးကြီးက ဓမ္မဒိန္နာကို ခေါ်သော်လည်း လိုက်လေ့မရှိ၊ သို့သော် သူဌေးကြီးတရားနာမှ ပြန်လာတိုင်း လှေကားဦးမှနေ၍ ပြုံးရွှင်စွာ လက်ကမ်းကြိုဆိုလေ့ရှိသည်။
တနေ့သ၌ သူဌေးကြီးသည် မြတ်စွာဘုရားထံတော်မှ တရားနာအပြီး အနာဂါမ်အရိယာဖြစ်၍ လွန်စွာတည်ကြည်သော ဣနြေ္ဒဖြင့် အိမ်သို့ ပြန်လာသည်။ ဓမ္မဒိန္နာသည် ခါတိုင်းကဲ့သို့ပင် သူဌေးကြီးကို အိမ်တံခါးဝလှေကားဦးမှ ကြိုလင့်လျက်ရှိသည်။ သူဌေးကြီးပြန်လာသည်ကို အဝေးကပင်ကြည့်ရင်း “ခါတိုင်းကဲ့သို့မဟုတ်၊ ဣနြေ္ဒလွန်စွာတည်ကြည်လှချည်လား”ဟု တွေးမိသည်။ လှေကားဦးသို့ ရောက်သောအခါ ဓမ္မဒိန္နာက ခါတိုင်းကဲ့သို့ လက်ကမ်းကာ ကြိုဆိုလိုက်သည်။ သို့သော် သူဌေးကြီးက ဓမ္မဒိန္နာ၏လက်ကို မကိုင်ဘဲ အိမ်ပေါ်သို့ တက်သွားသည်။ ဓမ္မဒိန္နာသည် ထမင်းစားချိန်ကျလျှင် သိရမည်အထင်နှင့် စောင့်စားလျက်ရှိသည်။
ထမင်းစားချိန်သို့ရောက်လာသော်လည်း သူဌေးကြီး၏ အမူအရာကား ပြောင်းလဲခြင်းမရှိချေ၊ ထမင်းစားသောအခါလည်း ပြုံးရွှင်စွာ စကားပြောဆိုခြင်းမရှိ၊ သူဌေးကြီးသည် အနားတွင်ရှိသော ဓမ္မဒိန္နာကို ခါတိုင်းကဲ့သို့ စကားပြောဆိုခြင်းမပြုဘဲ ဣနြေ္ဒရစွာ စားသောက်နေသည်။ ဓမ္မဒိန္နာသည် သိချင်စိတ်ကို မျိုသိပ်၍ ညအချိန်ရောက်မှသာ သိရလိမ့်မည်ဟု တွေးကာ စောင့်နေမိပြန်သည်။ ညအချိန်သို့ရောက်သောအခါ သူဌေးကြီးက သူ့အတွက် အိပ်ရာသီးခြားပြင်ပေးရန် ပြောဆိုလေသည်။ ဓမ္မဒိန္နာရင်တွင်းမှ သံသယမှာ ပိုမိုကြီးထွားလာသည်၊ အတွေးပေါင်းများစွာကိုလည်း တွေးနေမိသည်။ “ငါ့အပေါ်ကျေနပ်၍လော၊ သို့မဟုတ် တခြားမှာ စိတ်ဝင်စားသူများရှိနေပြီလော၊ သို့မဟုတ် အခြားအကြောင်းထူး တစ်စုံတရာရှိနေသလော”စသည်ဖြင့် အတွေးနှင့်အတူ အသံတိတ်မေးခွန်းများကိုလည်း မေးနေမိလေသည်။
ဓမ္မဒိန္နာသည် သူဌေးကြီး၏ အမူအရာထူးခြားမူကို ကြာရှည်အောင် မထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
အရိယာတို့၏သဘောဆန္ဒသည် မိမိရရှိထားသော တရားထူးကို လွယ်လင့်တကူ ထုတ်ဖော်ပြောဆိုလေ့မရှိ၊ ယခုမူ ဖွင့်မပြောလျှင် ဓမ္မဒိန္နာလွန်စွာ စိတ်ဆင်းနေရှာလိမ့်မည်ဟု စဉ်းစား၍ -
“ဒီကနေ့ မောင်တော် ဗုဒ္ဓမြတ်စွာထံမှာ တရားနာပြီးတဲ့အခါ အနာဂါမိဖိုလ်သို့ ဆိုက်ရောက်ခဲ့တယ် နှမတော်၊ အနာဂါမ်တို့မည်သည် ကာမဂုဏ်ကို ခံစားလေ့မရှိတော့ဘူး”ဟု သူဌေးကြီးက ပြန်လည်ဖြေကြားလေသည်။ ပြီးလျှင် ဓမ္မဒိန္နာအား သူ၏ဆန္ဒများကို ဖွင့်ပြောလိုက်သည်။
“ဓမ္မဒိန္နာ----မောင်တော်ဘက်က ပါတဲ့ ဥစ္စာရွှေငွေ ကုဋေလေးဆယ်နဲ့ ဓမ္မဒိန္နာဘက်ကပါတဲ့ ဥစ္စာရွှေငွေ ကုဋေလေးဆယ်ကို တစ်ဦးတည်းကြိုက်သလို စီမံပါ၊ အိမ်ထောင်သစ်ပြုလိုလျှင်လည်း မောင်တော်ခွင့်ပြုပါတယ်၊ ဒါမှမဟုတ် ဒီအိမ်မှာဘဲ နေမြဲ နေလိုရင်လဲ မောင်တော်က နှမရင်း သမီးရင်းလို သဘောထားစောင့်ရှောက်ပါ့မယ်”
ဓမ္မဒိန္နာကား ချက်ချင်ပင် -
“သူတောင် ဒီဥစ္စာပစ္စည်းတွေကို စွန့်လွှတ်နိုင်သေးတာ၊ ငါက ဘာကြောင့် အစွန့်လွှတ်နိုင်ရမှာလဲ”ဟု နက်နက်နဲနဲ စဉ်းစားပြီး -
“မောင်တော်----သူတပါး ထွေးအန်ထားတဲ့ တံတွေးကို မမျိုချင်သလို မောင်တော်က မလိုချင်လို့ စွန့်လွှတ်တဲ့ ဥစ္စာပစ္စည်းတွေကို နှမတော်လည်း မလိုချင်ပါ၊ ဗုဒ္ဓမြတ်စွာ သာသနာမှာ မောင်တော်ရတဲ့ တရားထူးမျိုးကို အမျိုးသမီးတွေကော ရခွင့်မရှိနိုင်ဘူးလား”
“ဓမ္မဒိန္နာ----ဆန္ဒရှိလို့ အားထုတ်လျှင် မည်သူမဆို ရနိုင်ပါတယ်”
“ဒီလိုဆိုရင် နှမတော်ကို ဘိက္ခုနီ ပြုခွင့်ပေးစေချင်ပါတယ် မောင်တော်”
“ကောင်းပါပြီ ဓမ္မဒိန္နာ၊ မောင်တော် ခွင့်ပြုပါတယ်”
ဝိသာခသူဌေးကြီးသည် ဓမ္မဒိန္နာအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ ခင်မင်ရင်းနှီးသော အဆွေခင်ပွန်းဖြစ်သူ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းအား သံတော်ဦးတင်လေသည်။ မင်းကြီးကလည်း ၀မ်းသာအားရပင် နန်းတော်မှ ရွှေထမ်းစင်ကို ထုတ်ပေးလေသည်။ ဓမ္မဒိန္နာအိမ်မှ ဘိက္ခုနီကျောင်းသို့ သွားရာလမ်းတလျှောက် ရာဇမတ်များ ကာစေပြီး ရွှေထမ်းစင်ဖြင့် ဘိက္ခုနီကျောင်းတော်သို့ ခမ်းနားကြီးကျယ်စွာ လိုက်ပါ ပို့ဆောင်ကြသည်၊ ကျောင်းသို့ရောက်သောအခါ ဓမ္မဒိန္နာအား ဘိက္ခုနီပြုလုပ်ပေးကြလေသည်။
ဘိက္ခုနီဖြစ်ပြီးနောက်မှစ၍ ပူဇော်သက္ကာရပြုသူများဖြင့် စည်ကားလှသည်။ အခြွေအရံကလည်း များသောကြောင့် ဓမ္မဒိန္နာထေရီမထံသို့ ပရိသတ် အ၀င်အထွက် များနေသဖြင့် တရားအားထုတ်ရန် ဆိတ်ငြိမ်မူကို မရနိုင်ဖြစ်နေသည်။ ဆိတ်ငြိမ်စွာ တရားအားထုတ်ရန် ဥပဇ္ဈာယ်ဘိက္ခုနီကြီးထံ ခွင့်ပန်၍ တောအရပ်သို့ သွားရောက်ခဲ့သည်၊ ထိုတောအရပ်တွင် တရားအားထုတ်လေရာ ဆိတ်ငြိမ်မူရသဖြင့် မကြာမီပင် ပဋိသမ္ဘိဒါလေးပါးနှင့် တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်။
ဓမ္မဒိန္နာထေရီသည် မိမိနှင့်ရင်းနှီးကျွမ်းဝင်သူ ကျေးဇူးရှိသူများလည်း တရားထူးရစေရန် ရာဇဂြိုဟ်သို့ ပြန်ကြွလာခဲ့သည်။ ဓမ္မဒိန္နာထေရီ ရာဇဂြိုဟ်ပြည်သို့ ရောက်ပြီဟု ကြားသောအခါ သူဌေးကြီးစိတ်ထဲ ထင့်သွားသည်၊ “ဘိက္ခုနီပြုပြီး မကြာမီပင် တောအရပ်သို့ သွားခဲ့သည်၊ တောရပ်တွင်လည်း ကြာရှည်စွာမနေဘဲ ပြန်လာသည်မှာ ဘိက္ခုနီဘ၀နှင့် မပျော်ပိုက်၍လော၊ သို့မဟုတ် အခြား အကြောင်းများကြောင့်လော”ဟု ကြံစည်လျက် ကျောင်းတော်သို့ လိုက်သွား၏။ သို့ရာတွင် စိတ်ထဲရှိသည့်အတိုင်း မေး၍ကား မသင့်လျော်ဟု ယူဆသဖြင့် တရားဓမ္မနှင့် စပ်လျဉ်းသော မေးခွန်းများကိုသာ မေးလျှောက်လေ၏။
သောတာပန် အဆင့်ရှိသူများသာ ဖြေကြားနိုင်သော မေးခွန်း၊ သကဒါဂါမ်အဆင့်ရှိသူများသာ ဖြေကြားနိုင်သော မေးခွန်း၊ အနာဂါမ်အဆင့်ရှိသူများသာ ဖြေကြားနိုင်သော မေးခွန်း၊ မေးခွန်းများချည်းဖြစ်၍ မေးတိုင်းမေးတိုင်း ဓမ္မဒိန္နာထေရီကလည်း ရှင်းလင်း ပြတ်သားစွာ ဖြေကြားလေသည်။ သူဌေးကြီးသည် အရှင်မ၏အဖြေကို ကျေနပ်အားရကာ တဆင့်တက်၍ မိမိကိုယ်တိုင်မသိသေးသော်လည်း မြတ်စွာဘုရားထံမှ တရားနာရင်း သိထားသော ရဟန္တာပုဂ္ဂိုလ်များသာ ဖြေနိုင်သည့် မေးခွန်းများကို အောက်ပါအတိုင်း ဆက်၍ မေးလျှောက်ပြန်၏ -
“အရှင်မ ---- အ၀ိဇ္ဇာ၏ ဆန့်ကျင်ဘက်သည် အဘယ်နည်း”
“ဒကာ ၀ိသာခ ---- အ၀ိဇ္ဇာ၏ ဆန့်ကျင်ဘက်ကား ၀ိဇ္ဇာဖြစ်၏”
“အရှင်မ ---- ၀ိဇ္ဇာသည် မည်သို့သော တရားနှင့် သဘောသဘာဝချင်း တူပါသနည်း”
“ဒကာဝိသာခ ---- ၀ိဇ္ဇာသည် ၀ိမုတ္တိ(အရဟတ္တဖိုလ်)နှင့် သဘောသဘာဝချင်းတူပါသည်”
“အရှင်မ ---- ၀ိမုတ္တိသည် မည်သို့သော တရားနှင့် သဘော သဘာဝချင်းတူပါသနည်း”
“ဒကာဝိသာခ --- ၀ိမုတ္တိသည် နိဗ္ဗာန်နှင့် သဘောသဘာဝချင်း တူပါသည်”
“အရှင်မ ---- နိဗ္ဗာန်သည် မည်သည့်တရားနှင့် သဘောသဘာဝချင်း တူပါသနည်း”
“ဒကာဝိသာခ ---- နိဗ္ဗာန်သည် မည်သည့်တရားဓမ္မနှင့်မျှ မတူပေ၊ သို့ပါလျက် သင်က နိဗ္ဗာန်သည် မည်သည့်တရားနှင့်တူသနည်းဟု မေးခြင်းသည် မေးသင့်သောအတိုင်းအတာကို လွန်၍ မေးရာရောက်သည်”
“မြတ်သောအကျင့်သည် နိဗ္ဗာန်၌ အကြုံးဝင်၏၊ နိဗ္ဗာန်လျှင် မှီခိုရာရှိ၏၊ နိဗ္ဗာန်လျှင် အဆုံးစွန်ဖြစ်၏၊ ဒကာဝိသာခ - သင်မေးလိုလျှင် မြတ်စွာဘုရားထံ ကိုယ်တိုင်သွားရောက်၍ ဤမေးခွန်းများကို မေးလျှောက်နိုင်ပါသည်”
သူဌေးကြီးလည်း မြတ်စွာဘုရားထံတော်သို့သွားကာ ဓမ္မဒိန္နာထေရီအားမေးခဲ့သော မေးခွန်းများကိုပင် မေးလျှောက်လေရာ မြတ်စွာဘုရားရှင်ကလည်း ဓမ္မဒိန္နာဖြေဆိုသည့်အတိုင်းပင် ဖြေဆိုတော်မူပြီး “ဓမ္မဒိန္နာသည် ငါ၏ ဉာဏ်တော်နှင့် ညှိနိုင်း၍ ဖြေကြားတတ်ပေစွ“ဟု ချီးကျူးတော်မူသည်။
ဤဖြေကြားချက်နှင့် အခြားသော တရားဟောပြောမူများကို အကြောင်းပြု၍ ဓမ္မဒိန္နာအား တရားဟောပြောသောအရာ၌ အတော်ဆုံး ဓမ္မကထိက ဧတဒဂ်ဘွဲ့ဖြင့် ချီးမြှောက်တော်မူသည်။
ဓမ္မဒိန္နာထေရီသည် ရဟန္တာဖြစ်ပြီးနောက် ဤသို့ ဥဒါန်းကျူးရင့်ခဲ့သည် -
ကာမေသု အပ္ပဋိဗဒ္ဓစိတ္တာ၊ ဥဒ္ဓံသောတာတိ ၀ုစ္စတိ။
အကြင်ထေရီမသည် အရဟတ္တဖိုလ်အကျိုးငှါ အလိုဆန္ဒ ဖြစ်ပေါ်လျက် ရှိနေ၏၊ ရဟန်းကိစ္စပြီးဆုံးမူကို လိုလားတောင့်တ၏၊ အောက်အရိယာမဂ်စိတ်သုံးခုဖြင့် နိဗ္ဗာန်သို့ ရောက်သူဖြစ်၏၊ ကာမဂုဏ်တို့၌ တပ်မက်သော စိတ်မရှိ၊ ထိုထေရီမကို ဥဒ္ဓံသောတ(အနာဂါမ်ဘ၀ဖြင့် အ၀ိဟာ ဗြဟ္မာ့ဘုံမှ အထက်ဘုံများသို့ ဘုံစဉ်စံပြီး ပရိနိဗ္ဗာန်ပြုမည့်) အနာဂါမ်ဟု ခေါ်ဆိုထိုက်၏။
ဒုက္ခာ၊ ဒုက္ခာ သေဒ၊ ဌိတိဒုက္ခာ ၀ိပရိဏာမသုခါ၊ အဒုက္ခ
မသုခါ သေဒနာ၊ ဉာဏသုခါ အညာဏဒုက္ခာ။
ချမ်းသာခံစားမူသည် တည်ဆဲအားဖြင့် ချမ်းသာ၏၊ ပြောင်းလဲသောအားဖြင့် ဆင်းရဲ၏၊ ဆင်းရဲခံစားမူသည် တည်နေဆဲအားဖြင့် ဆင်းရဲ၏၊ ပြောင်းလဲသောအားဖြင့် ချမ်းသာ၏၊ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားမူသည် သိသောအားဖြင့် ချမ်းသာ၏၊ မသိသောအားဖြင့် ဆင်းရဲ၏။
ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။
No comments:
Post a Comment