ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 14 December 2011

ဗုဒ္ဓမြတ်စွယ်တော်နှင့် အနော်ရထာမင်း


ပထမမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်သော အနော်ရထာမင်းသည် သာသနာပြုမင်း ဖြစ်သည်နှင့်အညီ ဗုဒ္ဓသာသနာတော်ကြီး ထွန်းကားပြန့်ပွားရေး အတွက် ဆောင်ရွက်ခဲ့ရာ နေပြည်တော် ပေါက္ကံနှင့် တကွ တိုင်းနိုင်ငံ အနှံ့အပြားတွင် ဗုဒ္ဓသာသနိကအဆောက်အအုံများဖြစ်သော စေတီ၊ ပုထိုး၊ ဂူကျောင်း၊ ဘုရားတန်ဆောင်များစွာကို ဆောက်လုပ်လှူဒါန်းသည်။ ရဟန်းရှင်လူ ပြည်သူတို့ အကျိုးငှာဆည်မြောင်း၊ ကန်ချောင်းတို့ကို တူဖော်ခြင်းနှင့် အဟောင်းများကို ပြုပြင်ခြင်းလုပ်သည်။ နိုင်ငံတော် လုံခြုံရေးအတွက် ကင်းမြို့၊ ခံမြို့များကိုလည်း နယ်နိမိတ်တစ်လျှောက်၌ တည်ဆောက်ထားခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးအင်အား ခိုင်ဖြီးစေသည်။

ရပ်နီးရပ်ဝေးတိုင်းနိုင်ငံများနှင့် ရာဇမဟာမိတ်ပြုပြီး ဆက်ဆံခဲ့ရာ နိုင်ငံတော်၏ ဖောက်ကားရောင်းဝယ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ လူမူရေး၊ ယဉ်ကျေးမူနှင့် သာသနာရေးများတွင် များစွာအကျိုးစီးပွား ဖြစ်ထွန်းလာသည်။ အထူးသဖြင့် ဗုဒ္ဓသာသနာတော်ထွန်းကားသော ဂန္ဓလရာဇ် (စိနိရဋ္ဌ၊ စိန့်တိုင်းကြီး) ခေါ် တရုတ်ပြည်ကြီးနှင့် သိင်္ဃီုဠ်ကျွန်းခေါ် သီရိလင်္ကာနိုင်ငံတို့၏ သံတမန်ဆက် သွယ်၍ စီးပွား ကုန်သွယ်ရေး၊ သာသနာရေးနှင့် ယဉ်ကျေးမူကိစ္စများ ဆောင်ရွက်ကြောင်းကို မြန်မာရာဇ၀င်မှတ်တမ်းများ၌ ဗုဒ္ဓမြတ်စွယ်တော်များ ကိန်းဝပ်လျက်ရှိသောကြောင့် မြတ်စွယ်တော်များကို တောင်းယူပြီး နေပြည်တော်သို့ ပင့်ဆောင်ပူဇော်ရန် အနော်ရထာမင်း ကြိုးပမ်းမူများကို မှန်နန်းရာဇ၀င်တော်ကြီး ပထမတွဲတွင် ဖော်ပြထားသည်။

ဂန္ဓလရာဇ်တိုင်းဖြစ်သော တရုတ်ပြည်ကြီးရှိ မြတ်စွယ်တော်ကို ပင့်ဆောင်ရန် အနော်ရထာမင်းသည် ရေကြောင်း၊ ကြည်းကြောင်းမှ ဆင်မြင်းဗိုလ်ပါများနှင့် ခရီးနှင်ခဲ့ကြောင်း၊ ကျန်စစ်သားနှင့် ရွှေဖျဉ်း ညီနောင်တို့ လိုက်ပါကြောင်း၊ ရောက်သောအခါ တရုတ်ဘုန်းတော်ကြီးကို အကျိုးအကြောင်း လျှောက်ထားရာ တရုတ်ဧကရာဇ် “ဥတိဘွား” က လက်ခံကြိုဆို ဧည့်ဝတ်ပြုကြောင်း၊ မင်းနှစ်ပါးတွေ့ဆုံပြီး မြတ်စွယ်တော်ကျောင်းတော်တွင် လှူဖွယ်ပစ္စည်းများနှင့် ပူဇော်ကြကြောင်း ရတနာပန်းတောင်းကို ဦးခေါင်းထိပ်တွင်တင်ပြီး မြတ်စွယ်တော်ကို ရိုသေမြတ်နိုးကြည်ညိုစွာ ပင့်ဆောင်လျှောက်ထားကြောင်း၊ မြတ်စွယ်တော်သည် ရောင်ခြည်တော် ကွန့်မြူးလျက် ကောင်းကင်ထက်သို့ ကြွတက်နေပြီး ရတနာပန်းတောင်းသို့ ကြွမလာကြောင်း၊ မြတ်စွယ်တော်သည် ဂန္ဓလရာဇ်တရုတ်ပြည်၌သာ နှစ်ငါးထောင်သာသနာ ပြည့်သည်အထိ ကိန်းဝပ်စံပယ်ရန် မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့ကြောင်း၊ ထို့ကြောင့် မြတ်စွယ်တော်ကို တောင်းသော်လည်း မရနိုင်ကြောင်း မြတ်စွယ်တော်အစား အတူကိန်းဝပ်စံပယ်လျက်ရှိသော မြဆင်းတုတော်ကို ပူဇော်ရန် ဓမ္မလက်ဆောင်တော်အဖြစ် ယူပါရန် ဥတိဘွားမင်းက ပြောဆိုကာ မြဆင်းတုတော်ကို အနော်ရထာမင်းသို့ ပေးအပ်လိုက်ကြောင်း၊ နေပြည်တော်သို့ ပြန်ရောက်သောအခါ အနော်ရထာမင်းသည် မြဆင်းတုတော်ကို အခြားနန်းစဉ်ဆက်ကိုးကွယ်ခဲ့သော ဗုဒ္ဒဆင်းတုတော်များနှင့် အတူ နန်းတွင်းဘုရားဆောင်မှာ ကိုးကွယ်ခဲ့ကြောင်းကို မှန်နန်းရာဇ၀င်တော်ကြီး ပထမတွဲ စာမျက်နှာ ၂၅၉-၂၆၄ တွင် ဖော်ပြထားသည်။

မြဆင်းတုမှာ စင်စစ် ကျောက်စိမ်းဆင်းတု ဖြစ်ပါသည်။ မြန်မာမင်းတို့အဆက်ဆက် နန်းတွင်းမှာပင် ထိန်းသိမ်းကိုးကွယ်ခဲ့ကြသည်။ ခရစ်နှစ် ၁၈၈၅ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၄၇ခုနှစ်တွင် သီပေါမင်း အင်္ဂလိပ်တို့လက်သို့ ပါတော်မူသွားသောအခါ ရဟန်းရှင်လူတို့က မန္တလေး ရွှေန်းတော်အတွင်းမှ နန်းစဉ်ဗုဒ္ဓဆင်းတုတော်တို့ကို မန္တလေးမြို့၊ ရွှေကျီးမြင်ဘုရားအတွင်းသို့ ရွှေထမ်းစင်နှင့် ပင့်ဆောင်ကိန်းဝပ်စေပြီး စောင့်ရှောက်ပူဇော်လာခဲ့သည်။ ထိုနန်းစဉ် ဆင်းတုတော်များအနက် တရုတ်ဧကရာဇ့် ဥတိဘွားက အနော်ရထာမင်းသို့ ပေးအပ်ခဲ့သောကြောင့် ယခုအခါတွင် ရွှေသားပကတိ ဆင်းတုတော်အသွင်သာ ဖူးမြင်ရတော့သည်။ ထိုဆင်းတုတော်ကို ၁၉၉၄ ခု၊ ဧပြီလ ၁၁ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၅၆ခု၊ တန်ခူးလဆန် ၁ရက်၊ တနင်္လာနေ့ နံနက်က မန္တလေးမြို့၊ ရွှေကျီးမြင်ဘုရားမှ ရန်ကုန်မြို့ ကမ္ဘာအေး၊ မဟာဝိဇယဓမ္မသဘင်သို့အရောက် သာသနာဆိုင်ရာအခမ်းအနားဖြင့် လေကြောင်း ကုန်းကြောင်းနှင့် သယ်ယူပင့်ဆောင်လာခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၅၆ ခု၊ တန်ခူးလဆန်း ၁၀ရက်နေ့ (၂၀-၄-၁၉၉၄) တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပဲ့ကျင်းမြို့တော်မှ လေယာဉ်နှင့်ကြွရောက်လာသော အထက်လက်ဝဲ မြတ်စွယ်တော်နှင့်အတူ ကမ္ဘာအေး၊ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် အပူဇော်ခံလျက်ရှိသည်။

ဗုဒ္ဓမြတ်စွာဘုရား၏ နဖူးသင်းကျစ်တော်ဓာတ်ကို ပင့်ဆောင်ပူဇော်ထိုက်သည် ဟူသော အတိတ်တဘောင် စကားအရ အနော်ရထာမင်းသည် ရေအား ကြည်းအားနှင့် သရေခေတ္တရာသို့ ချီလာပြီး ဒွတ္တပေါင်မင်းကြီး တည်ထားသော စေတီတွင်းမှ မြတ်စွာဘုရား၏ နဖူးသင်းကျစ်တော်နှင့် အခြားဓာတ်တော်များကို ပင့်ယူပြီး ရတနာပြသာဒ်နှင့် ဆင်ဖြူတော်တွင်တင်ကာ နေပြည်တော်သို့ ဆောင်ယူခဲ့သည်။ မင်းဆရာ ရှင်အရဟံနှင့် တိုင်ပင်ပြီး စေတီတည် ဌာပနာရန်စီစဉ်သည်။ မွေတော်မြတ်ကိန်းဝပ်တော်မူလိုသောအရပ်တွင် ဆင်ဖြူတော်ဝပ်စေသားဟု အဓိဋ္ဌာန်ပြုကာ နဖူးသင်းကျစ်တော် တင်ထားသော ဆင်ဖြူတော်ကို လွှတ်လိုက်ရာ ယနေ့ ရွှေစည်းခုံစေတီတည်ထားသော အရပ်တွင် ဆင်ဖြူတော်ဝပ်သည်။

မြန်မာသက္ကရာဇ် ၄၂၁ ခုနှစ် (ခရစ်နှစ် အေဒီ ၁၀၅၉) တွင် ရွှေစည်းခုံစေတီစတည်ပြီး နဖူးသင်းကျစ်တော်နှင့် ဓာတ်တော်တို့ကို ဌာပနာသည်။ ပစ္စယံသုံးဆင့်အထိ တည်ပြီးနောက် သိင်္ဟီုဠ် ကျွန်းရှိ အောက်လက်ဝဲစွယ်တော်ကို ပင့်ဆောင်ပူဇော်ရန် ဆန္ဒဖြစ်လာသည်။ မင်းဆရာ ရှင်အရဟံနှင့် တိုင်ပင်ပြီး သံအဖွဲ့စေလွှတ်သည်။ သိင်္ဃီုဠ်မင်းအတွက် ဆင်ဖြူတစ်စီး လက်ဆောင်ပါး လိုက်သည်။

သိင်္ဃီုဠ်မင်း ဓာတုသေနသည် အနော်ရထာမင်း၏ သံအဖွဲ့ကို ကောင်းစွာလက်ခံပြုစု တော်မူသည်။ ဆင်ဖြူတော်နှင့် လက်ဆောင်တော်များကို ဆက်သပြီး လာရသောအကြောင်းရင်းကို သံတော်တို့ လျှောက်တင်ကြသောအခါ အနော်ရထာမင်းသည် ရာဇာမဟာမိတ်မင်းဖြစ်ပြီး သာသနာရေးကိစ္စ အပါအ၀င်အကူအညီအထောက်အပံ့ များစွာကို အနော်ရထာမင်းက ပေးခဲ့သော ကျေးဇူးတရားများကို ထောက်၍ ကြည်ဖြူစွာ မြတ်စွယ်တော်ကို ပင့်ဆောင်ခွင့်ပြုသည်။ အနော်ရထာသံတော်တို့သည် မြတ်စွယ်တော်ကို ကြီးစွာပူဇော်ကြပြီး ရတနာပန်းတောင်းနှင့် ပင့်ဆောင်ကြသော်လည်း မကြွလာပါ။ စွယ်တော်ပွားတစ်ဆူသာ ရတနာပန်းတောင်းသို့ ကြွရောက်လာသည်။ ထိုစွယ်တော်ပွားတင်ထားသော ရတနာပန်းတောင်းကို ဓာတုသေနမင်းက ဦးခေါင်းတွင် ရွက်လျက် လည်တိုင်ရေမြုပ်သည်အထိ ရေတွင်ဆင်းကာ သင်္ဘောပေါ် အရောက်သယ်ဆောင်ပေးပို့သည်။ စွယ်တော်ပွားပင့်ဆောင်လာသော သင်္ဘောသည် လောကနန္ဒာဆိပ်ကမ်းသို့ ဆိုက်ရောက်လာသောအခါ အနော်ရထာမင်းသည် ပုလဲပြုံးအမည်ရှိ ဆင်ဖြူတော်ကိုစီးကာ မင်းခမ်းမင်းနားနှင့် စွယ်တော်ကြိုရန် ဆိပ်ကမ်းသို့ရောက်လာသည်။ မင်းကြီးကိုယ်တိုင် လည်တိုင်ရေမြုပ်သည်အထိ မြစ်တွင်းသို့ဆင်း၍ ရတနာပန်းတောင်းကို ဦးခေါင်းတွင်ရွက်ကာ မြတ်စွယ်တော်ပွားကို ရွှေနန်းတော် အရောက်ပင့်ဆောင်လာသည်။ ရွှေနန်းတော်၌ ရတနာပြာဿာဒ်ဝယ် ကိန်းဝပ်စံပယ်တော်မူစေပြီး နေ့ညမပြတ်ပူဇော်နေသည်။

မင်းဆရာတော် ရှင်အရဟံက သာသနာငါးထောင်တိုင် လူနတ်ဗြဟ္မာတို့ကိုးကွယ်နိုင်စေရန် စေတီတည် ဌာပနာရန် အကြံပေးတော်မူသောကြောင့် မြတ်စွယ်တော်ပွားကို ရတနာဆင်ဖြူတော်ပေါ်၌တင်ပြီး ကိန်းဝပ်တော်မူလိုရာ အရပ်တွင် ဆင်ဖြူတော်ဝပ်စေသားဟု အဓိဋ္ဌာန်ပြု စေလွှတ်သည်။ တည်ဆောက်ဆဲ ရွှေစည်းခုံတွင် ဆင်ဖြူတော်ဝပ်သောကြောင့် ရွှေစည်းခုံစေတီ၌ မြတ်စွယ်တော်ပွားကို ဌာပနာသည်။ မင်းကြီး လေးကြိမ်အဓိဋ္ဌာန်ပြု၍ ထပ်ပွားလာသော စွယ်တော်ပွားလေးဆူကို ဆင်ဖြူတော်တွင် တင်၍လွှတ်ရာ ဆင်ဖြူတော်ဝပ်သောအရပ်ဌာနလေးခုတွင် စေတီများတည်၍ ဌာပနာသည်။ ယင်းလေးဌာနစေတီများမှာ(တူးရွင်းတောင်) စေတီနှင့် ကျောက်ဆည်ခရိုင်ရှိ ပြက်ခရွှေတောင်စေတီတို့ ဖြစ်သည်။

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment