ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 10 December 2011

ခေမာထေရီိ

ခေမာထေရီသည်ကား ဘိက္ခုနီမတို့တွင် ပညာအရာ၌ ဧတဒဂ်ဘွဲ့ရရှိခဲ့သူ ဖြစ်သည်၊ ခေမာထေရီသည် မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်သည်၊ လွန်စွာချောမောလှပ၍ အလှမာန်ကြီးသူလည်းဖြစ်သည်။

ခေမာထေရီအလောင်း အမျိုးကောင်းသမီးသည် ကမ္ဘာတစ်သိန်းအထက်၌ ပဒုမုတ္တရဘုရားရှင်လက်ထက် ဟံသာဝတီမင်းနေပြည်တော်တွင် သူဌေးသမီးတစ်ဦးဖြစ်သည်။ ဘုရားရှင်၏ တရားကို နာကြားရသဖြင့် ဥပါသိကာမဖြစ်လာသည်။

မိဘများထံခွင့်ပန်၍ ခုနှစ်ရက်တိုင်တိုင် ဘုရားအမှူးရှိသော သံဃာအား ဆွမ်းဆက်ကပ်လှူဒါန်း၍ ခုနှစ်ရက်လွန်မြောက်သည့်အခါ ဘုရားရှင်က သုဇာတာထေရီအား ပညာဧတဒဂ်ရာထူး ထားတော်မူသည်ကို မြင်တွေ့ရလေလျှင် မိမိလည်း ယင်းအရှင်မအလား ပညာဧတဒဂ်ရ ထေရီမတစ်ဦး ဖြစ်လိုသည့်ဆန္ဒ လွန်စွာပြင်းပြ၍ ပညာဧတဒဂ်ဘွဲ့ရာထူးကို ဆုပန်ဆင်ခဲ့လေသည်။ ဘုရားရှင်ကလည်း ကမ္ဘာတစ်သိန်းလွန်သောအခါ ဂေါတမဘုရားရှင်သာသနာ၌ ပညာဧတဒဂ်ဘွဲ့ရ ခေမာထေရီဖြစ်မည့်အကြောင်း ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။

ထိုသူဌေးသမီးသည် သက်ဆုံးတိုင် ကုသိုလ်ကောင်းမူပြု၍ ထိုဘ၀မှ သေလွန်သော် စာတုမဟာရာဇ်မှတပါး အထက်နတ်ပြည်ငါးထပ်တို့၌ အစဉ်အတိုင်း နတ်မိဖုရားကြီးသာ ဖြစ်ရသည့်အပြင် နတ်ပြည်မှစုတေ၍ လူ့ပြည်၌ တစ်ဖန်ဖြစ်ပြန်သောအခါ၌လည်း စကြာဝတေးမင်းနှင့် ဧကရာဇ်မင်းတို့၏ မိဖုရားခေါင်ကြီးများသာ ဖြစ်ရလေသည်။

ခေမာလောင်းလျာဖြစ်သော အမျိုးသမီးသည် ၀ိပဿီဘုရားရှင် ပွင့်တော်မူသည့်အခါ၌လည်း ဘိက္ခုနီမပြုလုပ်၍ နှစ်ပေါင်းတစ်သောင်းတိုင် အကျင့်မြတ်ကို ကျင့်သုံးခဲ့သည်။

ဤဘဒ္ဒကမ္ဘာမှာပင် ကဿပဘုရားရှင်ပွင့်တော်မူသော် အလုပ်အကျွေး ဒါယကာမှာ ဗာရာဏသီပြည့်ရှင် ကိကီမင်းကြီးဖြစ်သည်။ ယင်းမင်းကြီးတွင် (၁) သမဏီ၊ (၂)သမဏဂုတ္တာ၊ (၃) ဘိက္ခုနီ၊ (၄) ဘိက္ခုဒါယိကာ၊ (၅) ဓမ္မာ၊ ( ၆) သုဓမ္မာ၊ (၇) သံဃဒါယိကာဟူသော သမီးတော် ၇-ဦးရှိရာ အကြီးဆုံး သမဏီမင်းသမီးမှာ ခေမာထေရီလောင်းလျာဖြစ်၏၊ ဘုရားရှင်၏ တရားကို နာကြားရသည့်အခါ ရဟန်းပြုလိုစိတ် ပြင်းပြစွာဖြစ်သောကြောင့် ခမည်းတော်ထံ ခွင့်ပန်ရာ မရရှိခဲ့သဖြင့် ညီအစ်မ ၇-ယောက်လုံးပင် ဗြဟ္မစရိယာအကျင့်ကို ကျင့်သုံးကြလေသည်။

အခါတပါး ဘုရားရှင်ဟောကြားတော်မူသည့် မဟာနိဒါနသုတ္တန် တရားတော်ကို ကြားနာရသော အခါ သဒ္ဓါတရား ထက်သန်လှသဖြင့် နူတ်တက်အာဂုံဆောင်ခဲ့၏။ ယင်းကောင်းမူကြောင့် တာဝတိံသာ၌ နတ်မိဖုရားကြီး ဖြစ်ရ၏။

နောက်ဆုံးဘ၀တွင် ဤဘုရားရှင်လက်ထက်တော်၌ သာဂလမြို့ မဒ္ဒရာဇ်မင်း၏ သမီးတော် ခေမာမင်းသမီး ဖြစ်လာသည်၊ အရွယ်ရောက်သည့်အခါ ဘုရင်ဗိမ္ဗိသာရ၏ မိဖုရားခေါင်ကြီးဖြစ်လာ၏၊ ရုပ်ရေအဆင်း၌ အလွန်အမင်း မာန်ယစ်သူ ဖြစ်၍ ဝေဠုဝန် ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံး နေတော်မူသော်လည်း တခါတရံမျှ အဖူးအမြော် မရောက်ရှိခဲ့။ ဘုရားရှင်ကိုလည်း အလှ၏အပြစ်၊ ဘ၀၏အပြစ်ကို ဟောကြားသူ၊ အလှအပကို ရူတ်ချသူအဖြစ် မြင်နေပေသည်။

ဗိမ္ဗိသာရမင်းသည် ဘုရားရှင်၏ အမြတ်ဆုံးအလုပ်အကျွေး ဒါယကာဖြစ်သကဲ့သို့ အရိယာသူတော်စင် တစ်ဦးလည်းဖြစ်၏။ ထိုကဲ့သို့သော မင်း၏မိဖုရားက ဘုရားရှင်ထံ တစ်ခေါက်တလေမျှ အဖူးအမြော် မရောက်သည်မှာ မသင့်လျော်ချေ၊ သို့သော်လည်း ဗီမ္ဗိသာရမင်းက ဘုရားရှင်ထံ အတင်းအကြပ် မခေါ်ဆောင်ခဲ့၊ ပရိယာယ်အားဖြင့် ဝေဠုဝန် ကျောင်းတော်ကြီး၏ သာယာပုံကို ကဗျာဂီတ သီကုံးရေးဖွဲ့စေ၍ ခေမာမိဖုရားကြားလောက်သည့် အရပ်၌ သီဆိုစေလေသည်။

ထိုသီချင်းသံကို ခေမာမိဖုရားကြားလေသော် ဝေဠုဝန်ဥယျာဉ်တော်ကို သွားရောက်ရူစားလိုသည့်ဆန္ဒ ပြင်းပြလှသဖြင့် မင်းကြီးအား ခွင့်ပန်ကာ ဘုရားရှင်နှင့် မတွေ့အောင် တမင်းကြံဆောင်၍ ဆွမ်းခံဝင်ချိန်တွင်မှ ကြီးစွာသောအခမ်းအနားဖြင့် ဥယျာသ်တော်သို့ ၀င်လေသည်။ ခေမာသည် နုပျိုချိန်တွင် မိမိကိုယ်တိုင်ပင် ရဟန်းမ မပြုလိုသည်သာမက ဥယျာဉ်တော်အတွင်း လှည့်လည်ရူစားစဉ် သစ်ပင်ရင်း၌ ရဟန်းတရား ပွားများအားထုတ်နေသည့် ရဟန်းပျိုတစ်ပါးကို မြင်ရလေလျှင်ပင် “ရူချင်စဖွယ် နုပျိုရွယ်တွင် မွေ့လျော်ဖွယ်အာရုံ ကာမဂုဏ်ကို ခံစားပြီး သက်ကြီးယိုယွင်း အိုမင်းမှသာ ရဟန်းတရား ပွားများအားထုတ်သင့်ဘိတကား”ဟု ကြံစည်မိလေ၏၊ ထို့နောက် ဘုရားရှင်မရှိဟူသော အထင်ဖြင့် ဂန္ဓကုဋီရှိရာသို့ သွားလေ၏။

မြတ်စွာဘုရားသည် ခေမာမိဖုရားလာလိမ့်မည်ကို ကြိုတင်သိတော်မူသည့်အလျောက် ဆွမ်းခံကြွတော်မမူဘဲ ဂန္ဓကုဋီကျောင်းတော်၌ပင် သီတင်းသုံးနေတော်မူသည်၊ ခေမာမိဖုရား ဂန္ဓကုဋီတိုက်သို့ ရောက်လာသောအခါ ခေမာထက် အစစ သာလွန်တင့်တယ်လှပသော မိန်းမငယ်အသွင်ကို ဖန်ဆင်းလျက် ကိုယ်တော်အနီး၌ ရိုသေစွာ ယပ်လေးခတ်စေ၍ နေတော်မူလင့်သော ဘုရားရှင်ကို ပက်ပင်းပါ ဖူးမြင်ရလေ၏။

ခေမာမိဖုရားသည် လွန်စွာလှပအောင် ဖန်ဆင်းထားသည့် သတို့သမီးပျိုကို တစိမ့်စိမ့် ကြည့်ရူဆဲမှာပင် ကြော့ရှင်းလှပ သူငယ်မအသွင်မှ တဖြည်းဖြည်းရင့်ရော်အိုမင်းလာပုံ၊ ရောဂါဖိစီးလာပုံ၊ နာရာမှ တုံးလုံးလဲကျ သေဆုံးသွားပုံတို့ကို အဆင့်ဆင့် ဖန်ဆင်း၍ပြတော်မူရာ ခေမာမိဖုရားသည် ဤမျှချောမောလှပသော အမျိုးသမီးငယ်သည်ပင် အို နာ သေခြင်းသို့ ရောက်ရချေသေး၏၊ ငါသည်လည်း ဤသူငယ်မကဲ့သို့ပင် မလွဲမသွေ အိုရ နာရ သေရဦးမှာပါတကားဟု စဉ်းစားဆင်ခြင်မိလေ၏။

ထိုအကြံကို သိမြင်တော်မူသော မြတ်စွာဘုရားက “ချစ်သမီး ------- ဤခန္ဓာကိုယ်သည် လူမိုက်တို့ တွယ်တာနှစ်သက်နေသော်လည်း အမြဲနာကျင်၍ နေ၏၊ မစင်မကြယ် ရွံရှာဖွယ်ဖြစ်၏။ အမြဲပုပ်လျက်ရှိ၏၊ အပုပ်ရည်တို့ကို ယိုစီးလျက်ရှိ၏။ ထိုအခြင်းအရာကို မြင်အောင်ကြည့်လော့” စသည်ဖြင့် ဟောကြားတော်မူ၏။ တရားဒေသနာတော်ကို ကြားနာရ၍ ခေမာမိဖုရား၏ စိတ်သည် ကြည်သာရွှင်လန်းလာသောအခါ မဟာနိဒါနသုတ်တော်ကို ဆက်လက်ဟောကြားတော်မူလေသည်။ ထိုသုတ်တော်ကို ကြားနာရသည့်အခါ မိမိ ရှေးသမဏီမင်းသမီးဘ၀က ကဿပ ဘုရားရှင်ထံမှ နာကြားခဲ့ရ၍ နူတ်တက်အာဂုံဆောင်ခဲ့ဖူးသည်ကို ချက်ချင်းသတိရကာ ထိုနေရာ၌ပင် သောတာပန်ဖြစ်လေ၏။ သောတာပန် အရိယာဖြစ်ပြီးသည့်အခါ ယခင်က အလှမာန်ဖြင့် အထင်အမြင်မှားခဲ့သည့်အပြစ်ကို ခွင့်လွှတ်ပါရန် ၀န်ချတောင်းပန်လေသည်။

ဘုရားရှင်ကို ကန်တော့ပြီး ရွှေနန်းတော်သို့ ပြန်ရောက်သည့်အခါ ဗိမ္ဗိသာရမင်းအား မိမိသည် အတူမရှိသောဘုရားရှင်ကို မျက်မြင်ဒိဋ္ဌဖူးတွေ့ခဲ့ရပြီးဖြစ်ကြောင်း အစချီကာ ဘိက္ခုနီမပြုလုပ်ရန်ကိုပင် ခွင့်ပန်ပြောကြားနေသည်၊ ဗိမ္ဗိသာရမင်းကလည်း ရဟန်းပြုခွင့်ပေးရုံမျှမက အရဟတ္တဖိုလ်ရောက် ပေါက်မြောက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းကာ ခေမာမိဖုရားကို ရွှေထမ်းစင်ထက်တင်ဆောင်လျက် ဘိက္ခုနီမကျောင်းတိုက်သို့ ခမ်းနားကြီးကျယ်စွာ ပို့ဆောင်၍ ရဟန်းပြုစေလေ၏။

ရဟန်းမအဖြစ်ရရှိပြီးနောက် တစ်ဆယ့်ငါးရက်မြောက်သောနေ့ ဥပုသ်ပြုပွဲ၌ ၀တ်ပြုရင်း ထွန်းညှိထားသော ဆီမီးခွက်မှ တဖျစ်ဖျစ်တဖျောက်ဖျောက် တောက်လောင်နေသော မီးလျှံမီးတောက်များ၏ ချုပ်ပျောက်ငြိမ်းစဲသွားပုံကို ကြည့်ရူနေမိရာမှ မိမိခန္ဓာကိုယ်သို့ စူးစိုက်ကြည့်လေလျှင် မီးလျှံအသွင်ကဲ့သို့ စဉ်ဆက်မပြတ် ဖြစ်ပျက်ချုပ်ပျောက်နေသော ရုပ်နာမ်စုကို ရူမြင်လေရာ ထိုနေရာမှာပင် ပဋိသမ္ဘိဒါဉာဏ်လေးပါး အဘိညာဉ် ခြောက်ပါးနှင့်တကွ ရဟန္တာထေရီမကြီးဖြစ်ေ၏၊ ခေမာထေရီအရှင်မသည်ကား ပရိယတ် ပဋိယတ်နှစ်ရပ်စွယ်စုံ ကျွမ်းကျင်သူဖြစ်ပေသည်။

အခါတပါး ခေမာထေရီမသည် ကောသလတိုင်းအတွင်း ဒေသစာရီ လှည့်လည်စဉ် သာဝတ္ထိနှင့် သာကေတမြို့အကြား တောရဏမည်သောအရပ်သို့ ရောက်ရှိ၏၊ ပေဿနဒီကောသလမင်းကလည်း သာကေတမြို့မှ သာဝတ္ထိသို့အသွား ယင်းအရပ်၌ပင် တစ်ညဉ့်တာ နားခိုက်နှင့် ကြုံကြိုက်သဖြင့် မင်းကြီးက ခေမာထေရီအား -

- သတ္တ၀ါသည် သေပြီးသည်နောက် ဖြစ်သေးသလော၊
- မဖြစ်တော့ဘူးလော၊
- ဖြစ်သည်လည်းရှိ၊ မဖြစ်သည်လည်းရှိသလော၊
- ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်သလောဟု

ပုစ္ဆာလေးချက်ကို မေးလျှောက်ရာ “မင်းကြီး---ဤပုစ္ဆာကား မြတ်စွာဘုရား ဖြေကြားတော်မမူသော ပုစ္ဆာများဖြစ်ပါသည်”ဟု ဘုရားရှင်အလိုတော်ကျ ဖြေဆိုလေသည်။ (မဂ်ဖိုလ်နိဗ္ဗာန်အတွက် တိုက်ရိုက်အကျိုးမရှိသောကြောင့် လည်းကောင်း၊ ပင်ကို၌က ပရမတ္ထအားဖြင့် သတ္တ၀ါအကောင်ဟု မရှိသည်ကို ဦးတည်၍ မေးသောမေးခွန်းဖြစ်သောကြောင့်လည်းကာင်း ဤပြဿနာမျိုးကို မြတ်စွာဘုရား ဖြေတော်မမူပေ။)

တရားတော်များကို မြတ်စွာဘုရားအလိုတော်ကျ ဟောပြနိုင်သဖြင့် ဘုရားရှင်သည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသံးတော်မူစဉ် ဘိက္ခုနီမတို့အား ဧတဒဂ်ရာထူးထားတော်မူရာ၌ ခေမာထေရီမကြီးအား ဉာဏ်ပညာ ကြီးကျယ်သောအရာ၌ ဧတဒဂ်ရာထူးထားတော်မူရာ၌ ခေမာထေရီမကြီးအား ဉာဏ်ပညာ ကြီးကျယ်သောအရာ၌ အပ်နှင်းတော်မူလေသည်။

ခေမာထေရီသည် ရဟန္တာဖြစ်ပြီးနောက် ဤသို့ ဥဒါန်းစကား ကျူးရင်တော့်မူသည် -

နက္ခတ္တာ နမဿန္တာ၊ အဂ္ဂိံ ပရိစရံ ၀နေ။
ယထာဘုစ္စ မဇာနန္တာ၊ ဗာလာ သုဒ္ဓိမမညထ။

လူမိုက်တို့သည် မှန်စွာမသိကုန်သောကြောင့် ဂြိုဟ် နာက္ခတ် တို့ကို ရှိခိုးကြကုန်လျက် တော တောင်တို့၌ မီးကို လုပ်ကျွေးပူဇော်ပသနေကြရာ ကိလေသာမှ စင်ကြယ်လိမ့်မည်ဟု မှတ်ထင်ကြကုန်၏။

အဟဉ္စ ခေါ နမဿန္တီ၊ သမ္ဗုဒ္ဓံ ပုရိသုတ္တမံ။
ပမုတ္တာ သဗ္ဗဒုက္ခေဟိ၊ သတ္ထုသာသနကာရိကာ။

ငါသည်ကား ယောက်ျားမြတ်အစစ် ဖြစ်တော်မူသော မြတ်စွာဘုရားကို ရှိခိုးပူဇော်လျက် မြတ်စွာဘုရားဆုံးမတော် မူသည့်အတိုင်း လိုက်နာကျင့်ကြံသည်ဖြစ်၍ ဆင်းရဲအပေါင်းမှ လွတ်မြောက်ရပေစွာ့။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

No comments:

Post a Comment