ငါတို့ မြတ်စွာဘုရားသခင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူသောအခါ အရှင်မဟာမောဂ္ဂလ္လာန်နှင့် အရှင်လက္ခဏထေရ် အရှင်မြတ်တို့သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်ကြွတော်မူကြရာတွင် အရှင်မဟာ မောဂ္ဂလ္လာန်ထေရ်သည် အထူးထူး အပြားပြား များစွာသော ပြိတ္တာတို့ကို မြင်သောကြောင့် ပြုံးတော်မူလေ၏။
ထိုအခါ အရှင်လက္ခဏထေရ်မြတ်က ပြုံးတော်မူခြင်း၏ အကြောင်းကို မေးလျှောက်လေလျှင် အရှင်လက္ခဏ ဤအကြောင်းကို မြတ်စွာဘုရား၏ ရှေ့တော်သို့ ရောက်မှ မေးရမည်။ ယခု အခွင့်မဟုတ်သေးဟု အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်က မိန့်တော်မူသောကြောင့် ထိုအရှင် နှစ်ပါးတို့သည် မြတ်စွာဘုရား ထံတော်သို့ ရောက်ကြသောအခါ အရှင်လက္ခဏထေရ်မြတ်က အရှင်မောဂ္ဂလ္လာန် ဂိဇ္ဈကုဋ်တောင်ရံ၌ ပြုံးခြင်း၏ အကြောင်းကား အသို့နည်းဟု မေးလျှောက်လေ၏။ ထိုအခါ အရှင်မဟာမောဂ္ဂလ္လာန်ထေရ်မြတ်က ငါ့ရှင် လက္ခဏ၊ ဂိဇ္ဈကုဋ်တောင်ရံမှ ဆင်းသက်လာသောအခါက ကောင်းကင်သို့ ပျံသွားသော အရိုးစုပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာကို ကျီး, လင်းတ တို့သည် သံဖြင့်ပြီးသော နူတ်သီးတို့ဖြင့် နံရိုးကြား၌ လိုက်၍လိုက်၍ ထိုးဆိတ်ကြကုန်၏၊ ထိုပြိတ္တာလည်း နာကျင်သော အသံဖြင့် မြည်ကျွေး ဟစ်အော်လျက် ကောင်းကင်ဖြင့် ပျံသွား၏ဟု မိန့်တော်မူ၏။
ထိုအခါ မြတ်စွာဘုရားသခင်သည် ဤသို့ မိန့်တော်မူ၏။
ချစ်သား ရဟန်းတို့၊ ငါ၏ ချစ်သား မောဂ္ဂလာန်သည် မျက်စိအမြင် ရှိပေ၏၊ ငါဘုရားသည်လည်း ရှေးကပင်လျှင် ထိုသတ္တ၀ါကို မြတ်တော်မူ၏၊ ချစ်သား ရဟန်းတို့ ထိုသတ္တ၀ါသည် ရှေးသောအခါက ရာဇဂြိုဟ်ပြည်၌ နွားသတ်ယောက်ျားတည်း၊ ထိုနွားသတ်ယောက်ျားသည် နွားကို သတ်ပြီးလျှင် အရိုးစုတို့ကို တစ်ခု၊ အသားစုတို့ကို တစ်စု ပြု၍ ရောင်းချလျက် အသက်မွေး၏၊ ထိုနွားသတ်ကံ၏ အစွမ်းဖြင့် များစွာသော နှစ်တို့ပတ်လုံး၊ ငရဲ၌ကျပြီးမှ ထိုနွားသတ်ကံ၏ အကျိုးကြွင်း၏ အစွမ်းဖြင့် ယခု အရိုးစုပြိတ္တာ ဖြစ်ရ၏ဟု မိန့်တော်မူ၏။
ထိုမှတစ်ပါးလည်း နွှားသက်ကံ၏ အကြောင်းကြောင့်ပင် ငရဲ၌ နှစ်ပေါင်းများစွာ ခံပြီးမှ အသားစုပြိတ္တာဖြစ်၍ ကျီး, လင်းတ တို့ ထိုးဆိတ်လျက် ဆင်းရဲစွာခံရသော ပြိတ္တာ၊ ၀က်ကို သတ်၍ အသက်မွေးခြင်းကြောင့် ရှည်မြင့်စွာသော ကာလပတ်လုံး ငရဲ၌ခံပြီးမှ ကိုယ်၌ သံလျက်အမွေးပေါက်သော ပြိတ္တာဖြစ်၍ ထိုသံလျက်တို့သည် ပြန်၍ပြန်၍ ထိုးဆွသောကြောင့် ပြင်းပြစွာသော ဆင်းရဲကိုခံရသော ပြိတ္တာ စသော အားဖြင့် များစွာသော ပြိတ္တာတို့ကိုလည်း အရှင်မဟာမောဂ္ဂလ္လာန်မထေရ် မြင်ခဲ့ကြောင်း လျှောက်ထားသောကြောင့် မြတ်စွာဘုရားသည် ထိုသတ္တ၀ါတို့၏ အကြောင်းကို မိန့်တော်မူ၏။
ဤကား ပါဏာတိပါတ ကံကြောင့် ပြိတ္တာဖြစ်ကြောင်း ၀တ္ထု အမြက်တည်း။
အနန္တကျေးဇူးတော်ရှင် ညောင်လွန်တောရ ဆရာတော်ဘုရားကြီး ရေးသားပြုစုတော်မူသော ဒုဿီလ၀ဇ္ဇပကာသနီ စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။
No comments:
Post a Comment