ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 14 December 2011

ပုဂံတ၀ိုက်မှ စွယ်တော်ရှင်လေးဆူ

ကောဇာသက္ကရာဇ် ၃၇၉ နှစ် (AD ၁၀၄၄) တွင် နန်းတက်၍ နန်းစံ ၁၄နှစ်မြောက်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် သီဟိုဠ်ကျွန်းသို့ သံတမန်စေလွှတ်တော်မူ၍ စွယ်တော်ပင့်တော်မူသည်။

သီဟိုဠ်ဘုရင် ဓာတုသေနမင်းသည် စွယ်တော်တိုက်မှ စွယ်တော်ကို တန်ခိုးတော်အားဖြင့် ပွားတော်မူပါရန် တောင်းပန်၍ ရရှိသောစွယ်တော်ပွားကို သံတမန်တို့အား အပ်တော်မူလိုက်သတည်း။

အနော်ရထာမင်းသည်လည်း သီရိပစ္စယာကျောက်စကားအရပ် သင်္ဘောဆိပ်တွင် လည်ပင်းတိုင်အောင် ရေသို့ဆင်း၍ စွယ်တော်ကို ကြိုတော်မူ၏။ ဦးခေါင်းထက်၌ ရတနာပန်းတောင်းဖြင့် စွယ်တော်ကို ရွက်တော်မူပြီးလျှင် များစွာသော အခြံအရံတို့ဖြင့် အံ့သြဖွယ်သော ပူဇော်သက္ကာရကို ပြုတော်မူ၍ နန်းတော်သို့ ပင့်ဆောင်တော်မူ၏။ နန်းတော်တွင်းဝယ် ရတနာအတိပြီးသော ပြာဿဒ်ဖြင့်ထားကာ ကိုးကွယ်ဆည်းကပ်တော်မူသတည်း။

ထိုအခါ သာသနာ့ ကျေးဇူးတော်ရှင် ရှင်အရဟံ မထေရ်မြတ်သည် စွယ်တော်မြတ်ကို နန်းတော်မှာထား၍ ပူဇော်သည်ထက် လူနတ်ဗြဟ္မာသတ္တ၀ါတို့၏ အကျိုးငှာ သာသနာတော်အဓွန့်ရှည်သမျှ ပူဇော်နိုင်ရန် စေတီတည်ရသော် များစွာသင့်လျော်မည်ဖြစ်၏ဟု အကြံပေးတော်မူ၏။ မင်းကြီးလည်း သဘောနှစ်သက်တော်မူရကား ငါသည် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတို့၏အကျိုး၊ သာသနာတော်မြတ်၏ အကျိုးကို သယ်ပိုးသည်ဖြစ်တော့သည်ဟု နှလုံးပိုက်တော်မူ၍ စွယ်တော်ဓာတ်မြတ်ကို ဆင်ဖြူ ရတနာထက်သို့တင်ကာ ဤစွယ်တော်မြတ် ကိန်းဝပ်တော်မူလိုရာအရပ်၌ ဆင်ဖြူရတနာသည် ၀ပ်စေသတည်းဟု အဓိဋ္ဌာန်ပြု၍ လွှတ်တော်မူလိုက်၏။

ဆင်ဖြူရတနာသည် ပုဂံမြို့ ဥသဘ ၅၀-အကွာ အရှေ့မြောက်အရပ် ဇေယျဘူမိအရပ်၌ ၀ပ်လေသဖြင့် ရွှေစည်းခုံစေတီကို စတင်တည်လေသည်။ ထို့နောက်မင်းကြီးသည် ထိုစွယ်တော်ဓာတ်မြတ်ကို ပွားတော်မူရန် အဓိဋ္ဌာန်ပြုတောင်းပန်သောအခါ တစ်ဆူ ထပ်ပွားလေလျှင် ရွှေစည်းခုံစေတီ၌ ဌာပနာ၏။ စွယ်တော်ပွားတစ်ဆူကို ရတနာပန်းတောင်းတွင်ထည့်ပြီး ဆင်ဖြူတော်ထက်သို့တင်၍ စွယ်တော် ကိန်းဝပ်တော်မူလိုရာ၌ ၀ပ်စေသောဟု အဓိဌာန်ပြုတော်မူ၏။

ဆင်ဖြူတော်သည် ဧရာဝတီမြစ်ကိုကူး၍ တန့်ကြည့်တောင်ထိပ်၌ ၀ပ်၏။ ထိုတောင်ထိပ်၌ စေတီတစ်ဆူ တည်ထားတော်မူ၏။ ဒုတိယအကြိမ်တစ်ဖန် မင်းကြီးတောင်းပန်လတ်သော် စွယ်တော်တစ်ဆူ ပွားပြန်၏။ တစ်ဆူကို တန့်ကြည့်တောင်စေတီ၌ ဌာပနာပြီး ကျန်စွယ်တော်ပွားကို ရှေးနည်းအတိုင်း ရတနာပန်းတောင်းတွင်ထည့်၍ ဆင်ဖြူတော်ထက်သို့ တင်လွှတ်ရာ သီရိပစ္စယာ ကျောက်စကားအရပ် သင်္ဘောဆိပ်အနီး၌ ၀ပ်၏။ ထိုအရပ်၌ တတိယမြောက်စေတီအဖြစ် လောကနန္ဒစေတီကို တည်ထားတော်မူ၏။

ထိုလောကနန္ဒာစေတီ တည်သောနှစ်မှာ ကောဇာသက္ကရာဇ် ၃၉၃-ခုနှစ် ဖြစ်၏။ နောက်တစ်ကြိမ် တောင်းပန်သဖြင့် စွယ်တော်တစ်ဆူ ပွားပြန်၏။ တစ်ဆူကို လောကနန္ဒာစေတီ၌ ဌာပနာပြီး ကျန်တစ်ဆူကို ယခင်နည်းတူ ဆင်ဖြူတော်တင်၍ လွှတ်ပြန်၏။ ပုဂံမြို့အရှေ့တောင် တုရင်တောင်ထိပ်၌ ၀ပ်၏။ ထိုတောင်ထိပ်၌ တုရင်တောင် စေတီကိုတည်ပြန်၏။ ယင်းနောက်တစ်ကြိမ် တောင်းပန်သဖြင့် တစ်ဆူပွားပြန်၏။

တစ်ဆူကိုတုရင်တောင်စေတီ၌ ဌာပနာပြီး နောက်ဆုံးပွားသော စွယ်တော်ပွားတစ်ဆူကို ရတနာ ပန်းတောင်းတွင်ထည့်ပြီး ဆင်ဖြူတော်ပေါ်တင်၍ လွှတ်ပြန်သော် ဆင်ဖြူတော်သည် ကျောက်ဆည်နယ်ရှိ ပျက်ခရွေတောင်၌ သွားဝပ်၏။ ထိုပျက်ခရွေတောင်ပေါ်၌ စေတီတစ်ဆူ တည်၍ ဌာပနာ၏၊ အတွင်း စွယ်တော်ပွားစေတီ ငါးဆူတည်၍ပြီး သတည်း။

လောကနန္ဒာဘုရား
လောကနန္ဒာ စေတီတော်တည်ရာ သီရိပစ္စယာမှာ ယနေ့ ရွာသိမ်ကလေး ဖြစ်လျက်ရှိသော်လည်း အနော်ရထာမင်းကြီး လက်ထက်က ပုဂံနေပြည်တော်၏ သင်္ဘောဆိပ်ဖြစ်လေသည်။ သီဟိုဠ်မှ စွယ်တော်ပင့်လာသော သင်္ဘောသည် ထိုဆိပ်တွင် ဆိုက်ကပ်ခဲ့၏။ သက္ကရာဇ် ၄၂၉-ခုနှစ်ထိုး မနုဟာကျောက်စာတွင် “သင်္ဘောဆိပ်ဖြစ်သော စွယ်တော်ဆိုက်ရာ လောကနန္ဒ အရှေ့မြောက်စောင်း၌ သီရိ ဇေယျဘုံဟူသောကုန်း၌” ဟု ဖော်ပြထားပါသည်။

အနော်ရထာမင်းကြီးသည် ထိုသင်္ဘော ဆိပ်ကမ်းထိပ်၌ သီဟိုဠ်မှကြွလာသော စွယ်တော်ပွားတစ်ဆူကို ဌာပနာ၍ စေတီတော်တည်ပြီးလျှင် လောကနန္ဒာစေတီတော်ဟု သမုတ်ခဲ့ပါသည်။ အလွန် သာယာအေးချမ်းသောနေရာဖြစ်၍ ပုဂံမှ လွယ်ကူစွာသွားနိုင်သော ကားလမ်းရှိပါသည်။

ရွှေစည်းဂုံဘုရား
ပုံသဏ္ဌာန်တုတ်ခိုင်ပြည့်ဖြိုးပြီး ပုံဂံသူ ပုဂံသားတိုပ၏ စွမ်းအင်ပြည့်ဝမူကို ပြသနေဟန်အသွင်ဆောင် နေသော စေတီတော်ဖြစ်၏။ စေတီတော်မြတ်ကို တူးရွင်းတောင်မှ ကျောက်တုံးကြီးများကို လက်ဆင့်ကမ်းသယ်ယူပြီး တည်ဆောက်ခဲ့ကြသည်ဟု အဆိုရှိသည်။ အနော်ရထာမင်းကြီးလက်ထက်၌ ထေရ၀ါဒဗုဒ္ဓသာသနာကို ကြိုးစားသာသနာပြုခဲ့ရာ သီဟိုဠ်ကျွန်း ဓာတုသေနမင်းထံသို့ စေလွှတ်၍ မြတ်စွာဘုရားစွယ်တော်ကို တောင်းစေသည်။ စွယ်တော်ပွားတစ်ဆူ ရခဲ့သည်။ ရွှေစည်းခုံဘုရားတွင် ဌာပနာသည်။

သီဟိုဠ်ကျွန်း ဓာတုသေနမင်းထံသို့ စေလွှတ်၍ မြတ်စွာဘုရားစွယ်တော်ကို တောင်းစေသည်။ စွယ်တော်ပွားတစ်ဆူရခဲ့သည်။ ရွှေစည်းခုံဘုရားတွင် ဌာပနာသည်။ အနော်ရထာမင်းကြီးလက်ထက်၌ စေတီတော်ကို စတင်တည်ဆောက်ခဲ့ကြရာ ကျန်စစ်သားမင်း လက်ထက်၌ ပြီးစီးအောင် တည်ထားနိုင်ခဲ့သည်။

တန့်ကြည့်တောင်
ထိုသို့ ဗျာဒိတ်ပေးရာ တန့်ကြည့်တောင်ထိပ်တွင် အနော်ရထာမင်းကြီးသည် စွယ်တော်ပွား ဌာပနာ၍ တည်ခဲ့သော တန့်ကြည့်စွယ်တော်ရှင် စေတီတော်ကြီးမှာ နှောင်းလူတို့ အပြုအပြင်များခဲ့သည်ကြောင့် ယနေ့ဆိုပါလျှင် စေတီသစ်ကြီး ဖြစ်နေလေပြီ။

ပုဂံဘက်မှနေ၍ ထိုဘက်သို့ကူးပြီး တန့်ကြည့်တောင်စေတီအထိ တက်နိုင်ပါက ရေမြေတောတောင် သဘာဝသာယာမူနှင့် စိတ်ဝင်စားဖွယ် ရူမျှော်ခင်းများကိုလည်း မြင်ရတွေ့ရပေမည်။ မြူတိမ် ကင်းစင်သောအချိန်ဖြစ်ပါက ပုဂံဘက်သို့ တန့်ကြည့်တောင်ထိပ်သို့ ကြည့်လိုက်သော် ပုပ္ပါးတောင်ကြီးနှင့် တုရင်တောင်တန်း နောက်ခံ ပုဂံဒေသကို အလွန်စိတ်ဝင်စားဖွယ် မြင်တွေ့ ပါလိမ့်မည်။

သိုက်ထွက်စကား
“လေးဆူဘုရား၊ စွယ်တော်ပွားကို၊ တစ်ရက်အားဖြင့်၊ ဖူးရလင့်ငြား၊ အကျိုးများကား၊ ဣဒ္ဓိ သိဒ္ဓိ၊ ကြံတိုင်းပြည်၏” ဟူသော အင်းဝခတ် သိုက်ထွက်စကားသည် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး ဗျာဒိတ်အရ တည်ထားတော်မူသော တန့်ကြည့်စွယ်တော်ရှင်၊ တုရင်စွယ်တော်ရှင် လောကနန္ဒာစေတီတော်နှင့်၊ ရွှေစည်းခုံစေတီတော်ကြီးအား တစ်နေ့တည်းနှင့် အကုန်အစင် သွားရောက်ဖူးမျှော်နိုင်ပါက ဣဒ္ဓိ သိဒ္ဓိ ကြံတိုင်းပြည့်ဟု ဆိုလိုခြင်းဖြစ်ပါသတည်။


တုရင်တောင်

တန့်ကြည့်တောင်ထိပ်မှ မြင်ရသော တုရင်တောင်သည် ညောင်ဦး-ကျောက်ပန်တောင်းကားလမ်း၊ ညောင်ဦးမှ ၅-မိုင်အရောက် အနောက်ဘက်တွင်ရှိ၍ ပုဂံမှဆိုလျှင် အရှေ့တောင်ဘက် ၆-မိုင်ခန့် အကွာတွင်ရှိပါသည်။ တောင်ပေါ်၌ စေတီပုထိုး ဂူကျောင်းများနှင့် လမ်းတွင် အရိပ်အာဝါသနှင့် ပြည့်စုံသော ဘုန်းတော်ကြီးကျောင်းများလည်း ရှိသည်။

တောင်ထိပ်ထက်၌ အနော်ရထာမင်းကြီးတည်ထားသော တုရင်းစွယ်တော်ရှင် စေတီတော်မှာလည်း အဆက်ဆက်သော လူများကပြုပြင်ခဲ့ကြသဖြင့် တန့်ကြည့်စွယ်တော်ရှင်စေတီတော်ကဲ့သို့ အသစ်ဖြစ်၍ နေပေသည်။ စေတီတော်၏ မြောက်ဘက်၌ ပုပ္ပါးစောရဟန်၏ သိမ်ပျက်နေသည်ကို ပြင်ရကြောင်း သက္ကရာဇ် ၅၇၄-ခုနှစ်ထိုး ကျောက်စာတိုင်လည်း ပါရှိနေပါသည်။

ဆရာဝန်တင်ရွှေ၊ ဒေါ်အေးသန့် ဗုဒ္ဓ၏ မြတ်စွယ်တော်များ စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

No comments:

Post a Comment