နောက်ဒုတိယအဆင့်ကတော့ အနတ္တလို့ခေါ်တဲ့အဆင့်ပါပဲ။ ငါမဟုတ် ငါ့ဟာမဟုတ်၊ အပေါ်ယံ ကြည့်လိုက်မယ်ဆိုရင်တော့ ငါ-ငါ့ဟာလိုပါပဲ။ ဒါပေမယ့် တကယ့်အစစ် အမှန်ကတော့ ငါဆိုတာ မရှိပါဘူး။ မဟုတ်ပါဘူး။ ဒီလိုနဲ့ ပိုပိုပြီး နက်ရိုင်းတဲ့စခန်းကိုရောက်တော့ ခန္ဓာကိုယ်တစ်ခုလုံးဟာ အစိုင်အခဲရယ်လို့ ဘာမှမရှိတော့ဘဲရုပ်ကလာပ်ကလေးတွေက ဖြစ်လိုက်ပျက်လိုက် ဖြစ်လိုက်ပျက်လိုက်နဲ့ ရေမြုပ်ကလေးတွေလို ဖြစ်နေတဲ့အဆင့်ကို ရောက်ရှိသွားပါလိမ့်မယ်။ လိုင်းကလေးတွေလို ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်ပျက်နေတာကို သိတွေ့ခံစားလာကြရပါလိမ့်မယ်။
အဲဒီအခါကျတော့ ယောဂီဟာ “ဘယ်ရေမြုပ်လေးဟာ ငါပါလိမ့်မလဲ။ ဒီရေမြုပ် ကလေးဟာ ငါလား”လို့ ပြောလို့ မဆုံးသေးဘူး။ အဲဒီရေမြုပ်ကလေးက မရှိတော့ပါဘူး။ ပျောက်ကွယ်သွားပါပြီ။ ငါမရှိတော့ပါဘူး။ ငါပျောက်သွားပါပြီ။ ပျက်သွားပါပြီ။ ဒီလိုနဲ့ တဖြည်းဖြည်းထင်ရှားလာပါလိမ့်မယ်။ စကားပြောနေတဲ့အခါမှာတော့ ဓလေ့အလိုက် ငါ-ငါ့ဟာရယ်လို့ ပြောရဆိုရတာ ဖြစ်ပါတယ်။ မဟုတ်ရင် လူအချင်းချင်း ဘယ်လို ဆက်သွယ်နိုင်ကြပါမလဲ။
“ဒီအဋ္ဌကလာပအစုက ဟိုအဋ္ဌကလာပအစုကို မဟုတ်ရင်လဲ ဒီရေမြှုပ်အစုက ဟိုရေမြှုပ်အစုကို”လို့ ပြောလို့ရတာမှ မဟုတ်ဘဲ “ငါ-ငါ့ဟာ ကျွန်တော် ကျွန်မ ခင်ဗျား”လို့ သုံးနူန်း ခေါ်ဝေါ်ကြရတာပေါ့။ စကားပြောလို့ရအောင် ဒီလိုသုံးနူန်းသုံးနေရပေမယ့် အတ္တစွဲဖြစ်တဲ့ ငါ-ငါ့ဟာတွေကတော့ တဖြည်းဖြည်းကွယ်ပျောက် လာကြပါတယ်။ ငါဆိုတာ အမှန်စင်စစ် တကယ့်တကယ်ကတော့ မရှိပါဘူး မဟုတ်ပါဘူးဆိုတာကို ကိုယ်တွေ့လက်တွေ့သိရှိ ခံစားလာရပါလိမ့်မယ်။
ငါ-ငါ့ဟာကို တကယ်လဲ အစိုးမရပါဘူး။ မပိုင်ဆိုင်ပါဘူး။ ဒီခန္ဓာကိုယ်ရေမြှုပ်တွေကိုလည်း အစိုးမရပါဘူး။ ဖြစ်ဖြစ်ပြီးတော့ ပျက်ပျက်သွားတာပါပဲ။ မဖြစ်အောင် မပျက်အောင် တားလို့လည်း မရနိုင်ပါဘူး။ တစ်နေ့တစ်နေ့ အိုအိုသာလာပါတယ်။ ပျက်စီးယိုယွင်းလာပါတယ်။ တဖြည်းဖြည်း တစ်စတစ်စ ကွယ်လွန်နေပါတယ်။ တကယ်သာ ဒီခန္ဓာကိုယ်ကို အစိုးရတယ်ဆိုရင်တော့ မအိုနဲ့ မပျက်စီး မယိုယွင်းနဲ့ ငါဖြစ်စေချင်သလို ဖြစ်နေပါလို့ တားထားလို့ရမှာပေါ့။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment